Friday, August 23, 2019
လက်ရှိအမေရိကန်-တရုတ် ဆက်ဆံရေးကို လက်သစ်-သရုပ်မှန်ဝါဒ (Neo-realism) ရှုထောင့်မှ သုံးသပ်ခြင်း
ကမ္ဘာ့မြင်ကွင်းတစ်ခု (သို့မဟုတ်) နိုင်ငံနှစ်ခုအကြားဆက်ဆံရေးကို သုံးသပ်နိုင်သည့် ရှုထောင့်များစွာရှိပါသည်။ မိမိအသုံးပြုသည့် သီအိုရီပေါ်မူတည်ပြီး တွေ့ရှိချက်သည်လည်း ကွဲပြားနိုင်ပါသည်။ သို့သော်လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေးသည် အင်စတီးကျူးရှင်းများ ပေါင်းစည်း၍ ငြိမ်းချမ်းရေးကို ဦးတည်နေပါသည်ဟု ဆိုလျင်သော်လည်းကောင်း၊ အပြန်အလှန် လူမှုဆက်ဆံရေး စံနှုန်းများတည်ဆောက်နေသည်ဟုဆိုလျင်သော်လည်းကောင်း လက်တွေ့နှင့်နီးစပ်ရန် ခဲယဥ◌်းပေလိမ့်မည်။ Identity ခြင်း၊ တန်ဖိုးထားမှုစံနှုန်းများ ကွဲပြား၍ ဆက်ဆံရေးတင်မာကြသည်ဟု ဆိုပြန်လျင်လည်း အမေရိကန်-တရုတ် ပနံသင့်ခဲ့ကြသည့် ၊ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် နှစ်ပေါင်း ၃၀ လောက်အချိန်က (ဘာကြောင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသနည်းဟု) မေးခွန်းထုတ်ခံရဖွယ်ရှိပါသည်။
ယခုတွင်တော့ absolute game- ပူးပေါင်းဆောင်ရွက်လျင် နည်းများမဟူ အကျိုးတော့ဖြစ်ကိုဖြစ်သည်ဟူသည့် လစ်ဘရယ်အယူအဆ အရာမထင်တော့။ relative game ဖြစ်လာပြီ။ သူသာသည် ငါနာသည် အငြင်းပွားကြလာပြီ။ အကျိုးစီးပွားများ မမျှတကြတော့။ လက်ရှိအခြေအနေတွင် အမေရိကန်သည် တရုတ်အား စီးပွားရေးစစ်ပွဲစတင်ဆင်နွဲလျက်ရှိသည်။ ကုန်သွယ်မှုပိတ်ဆို့ရေး အကောက်ခွန်တိုးမြှင့်ခြင်းများကို အပြန်အလှန်ဆောင်ရွက်နေကြသည်။ တောင်တရုတ်ပင်လယ်တွင် ဆက်ဆံရေးတင်းမာနေသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း အာရှ-ပစိဖိတ်ဒေသနှင့် တောင်တရုတ်ပင်လယ်တို့တွင် တက်တက်ကြွကြွလှုပ်ရှားမည်ဟု ထုတ်ဖော်ပြောလာပြီ။ အဓိကအားဖြင့်တော့ ပိုမိုသိသာထင်ရှားသည့် ဝိုင်းပတ်ပိတ်ဆို့ခြင်း မဟာဗျူဟာ (containment strategy) တစ်ခုကို စတင်အသက်သွင်းလာပြီဖြစ်သည်။ တရုတ်အနေဖြင့်လည်း မိမိ၏အစွမ်းရှိသလောက် ခုခံကာကွယ်ပြီး Major Power မှသည် Great Power ဆီသို့ရွှေ့လျားနိုင်ရေးကြိုပမ်းဆောင်ရွက်နေမည်သာဖြစ်သည်။
လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေးအပေါ်တွင် သရုပ်မှန်ဝါဒီများအချင်းချင်းပင်အမြင်မတူကြ။ Offensive realists တွန်းလှန်ရေးသရုပ်မှန်ဝါဒီများက ပိုမိုတင်းမာသည့်ဘက်သို့သာဦးတည်မည်ဟုပြောသည်။ Defensive realists ခုခံကာကွယ်ရေးသရုပ်မှန်ဝါဒီများက ပြန်လည်သင့်တင့်သွားနိုင်သည်ဟု ဆိုကြပြန်သည်။ Offensive realists များအဆိုအရ great power ကိုရရှိပြီးသည့် နိုင်ငံများသည် ကမ္ဘာကိုကြီးစိုးထားနိုင်ရေးရ (hegemony) ဖြစ်ရန် ဦးတည်မည်သာဖြစ်သည်။ ထိုသို့ဦးတည်မှ မိမိ၏ အသက်ရှင်ရပ်တည်ရေးအတွက် စိတ်ချရမည်။ ထိုသို့မလုပ်လျင် မိမိတူဖြစ်တုန်းက ထုခဲ့သူတွေက မိမိပေပြန်ဖြစ်လျင် ပြန်ထုခံရမည်။ ပေ ပြန်အဖြစ်မခံလို။ ထို့ကြောင့် အင်အားကြီးသထက်ကြီးရန်သာ ကြိုးစားပေမည်။ သို့သော်လည်း Global Hegemony ကမ္ဘာအဆင့်လွှမ်းမိုးဖို့တော့မဖြစ်နိုင်။ ကမ္ဘာပေါ်တွင်လည်း သူ့ဒေသနှင့်သူ Major Power များရှိသည်။ ဥပမာ ဆိုဗီယက် ပြိုလဲပြီးသော်လည်း ရုရှားအိမ်နီးနားချင်းများကို အမေရိကန် သ◌ြဇာတည်ဆောက်နိုင်ရန်မလွယ်ကူလှပေ။ ရုရှားနိုင်ငံ၏ ခရိုင်းမီးယားနှင့် ဂျော်ဂျီယာ ကိစ္စက သက်သေဖြစ်သည်။ Great Power အနေဖြင့် Major Power များ၏ စည်းကိုထိဖို့တော့မလွယ်ပေ။ ထို့ကြောင့်နိုင်ငံများအဖို့ ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်ဖို့ ကြိုးစားခြင်းက လက်တွေ့ကျသည်။ ၁၉ ရာစုလောက်က အမေရိကန်ဆောင်ရွက်ခဲ့သည့် နည်းအတိုင်းဖြစ်သည်။ ၁၈၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ချမှတ်သည့် Monroe Doctrine ကိုလေ့လာနိုင်သည်။ Western Hemisphere ကိုထိန်းချုပ်နိုင်အောင်အရင်ကြိုးစားခဲ့သည်။ ၁၉၈၉ လောက်တွင် ဤကိစ္စအောင်မြင်သည်။ ယခု တရုတ်သည်လည်း ဒီနည်းလမ်းကို လိုက်နေသည်။ အထူးအဆန်းမဟုတ်။
တွန်းလှန်ရေးသရုပ်မှန်ဝါဒီများက regional hegemony ဖြစ်လာသည့် နိုင်ငံတစ်ခုသည် ရည်မှန်းချက်တစ်ခု ထပ်ရှိလာသည်။ ၎င်းမှာ အခြားဒေသမှ major power များ great power ဖြစ်မလာအောင်တားဆီးရန်ဖြစ်သည်။ ဒီအယူအဆက လက်ရှိ အမေရိကန်နှင့် တရုတ်ထိပ်တိုက်တွေ့နေသည့် ဆက်ဆံရေးကို လက်တွေ့ကျကျလှစ်ပြသည်။ တစ်ဖက်က တက်ဖို့ကြိုးစားသည်။ တစ်ဖက်က တားဆီးဖို့ကြိုးစားမည်။ အခြေအနေပေးလျင် ကန်ချချင်သည်။ သမိုင်းတွင် အမေရိကန်အနေဖြင့် regional hegemony ဖြစ်လာမည့် နိုင်ငံများကို ဒီနည်းအတိုင်း ဆောင်ရွက်ခဲ့သည့် သာဓက (၄) ခုရှိသည်။ Imperial Germany (1990-18), Imperial Japan (1931-45), Nazi Germany (1993-45), နှင့် Soviet Union (1945-89) တို့ဖြစ်သည်။ တရုတ်၏ တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ထားဖို့ရည်မှန်းချက်၊ အိမ်နီးချင်းနိုင်ငံများကို ဖိအားပေး၊ စည်းရုံးသိမ်းသွင်းထားဖို့ရည်ရွယ်ချက် နှင့် အမေရိကန်၏ ဗိုလ်ကျစိုးမိုးထားရေးက ထိပ်တိုက်တွေ့မည်ပင်။ (အနေမတတ်လျင် နိုင်ငံငယ်များ ကြားမှမြေစာပင်ဖြစ်ကြမည်။ စစ်အေးကာက proxy war များကိုလေ့လာနိုင်သည်။ ဤကားစကားချပ်။) ၎င်းအချက်များက လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေး၏ သရုပ်မှန်ဖြစ်သည်။ Thucydides trap ကို တဖန်ပြန်ဝင်နေခြင်းပင်။
ခုခံရေးသရုပ်မှန်ဝါဒီများကတော့ လက်ရှိဆက်ဆံရေးက အကောင်းဘက်ကို ရွေ့နိုင်သည်ဟု ဆိုပြန်သည်။ အမေရိကန်နှင့် တရုတ်အဖို့ စစ်အေးကာလ Cuba Missile crisis အပြီး ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အမေရိကန် ဆိုဗီယက် ဆက်ဆံရေးကို သင်ခန်းစာယူနိုင်သည်။ ၁၈၆၀ ပြည့်နှစ်လွန်များမှ ၁၈၉၀ ထိ ဂျာမဏီနှင့် ဥရောပကို လွှမ်းမိုးထားသည့် Prussian statesman Bismarck ကိုအတုယူနိုင်သည်။ အင်အားကြီးသော်လည်း ဥရောပကို အလုံးစုံချုပ်ကိုင်နိုင်ရန် မကြိုးစားခဲ့။ အလုံးစုံထိန်းချုပ်ရန်ကြိုးစားပြီး ကျဆုံးခဲ့ကြသည့် Kaiser Wilhelm နှင့် Adlolf Hitler ကနမူနာြဖစ်သည်။ ထို့ကြောင့် တရုတ်သည် ဤမျှလောက် ထိပ်တိုက်ရင်ဆိုင်ရန် တုံးအလိမ့်မည်မဟုတ်ဟုဆိုသည်။
နိုင်ငံအတော်များများတွင် နူကလီယားလက်နက်များပိုင်ဆိုင်ထားခြင်းကလည်း လက်ရှိဆက်ဆံရေးအပေါ်သက်ရောက်နေသည်။ ဒေသတွင်း၌ တရုတ်၏ဘေးပတ်လည်တွင် အိန္ဒိယ၊ ရုရှား၊ ပါကစ္စတန် နူကလီယားပါဝါများရှိသည်။ ဂျပန်နိုင်ငံအနေဖြင့် တရုတ်၏ စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်ခြင်းခံရပါက အချိန်တိုအတွင်း နူကလီးယားပါဝါြဖစ်လာနိုင်သည်။ တရုတ်အနေဖြင့် ၎င်းနိုင်ငံများအားလုံးကို အလုံးစုံထိန်းချုပ်နိုင်သည့် regional hegemony ဖြစ်လာရန်ပင် အတော်ကြိုးစားရမည်။ အမေရိကန်အနေဖြင့် အသင့်ပစ်နိုင်သည့် nuclear warhead 4000 နီးပါး ပိုင်ဆိုင်ထားသည်။ အခန့်မသင့်လျင် နူကလီးယားစစ်ပွဲဆီသို့ ဦးတည်နိုင်သည်။ လက်ရှိအမေရိကန်-တရုတ်တင်းမာနေမှုကြောင့် တရုတ်၏ဘေးပတ်ဝန်းကျင်နိုင်ငံငယ်များကို စစ်ရေးအရ ပေါ်ပေါ်တင်တင် ကျူးကျော်မှုပြုလုပ်ရန် ခက်ခဲမည်။ သိမ်းရလွယ်ပြီး ထိန်းရခက်ခြင်းက အမေရိကန် ဗီယက်နမ်နှင့် အီရတ်တွင်မှားခဲ့သော အမှားများက နှစ်နိုင်ငံစလုံးအတွက် သက်သေဖြစ်သည်။ (သို့သော် တိုက်ရိုက်မကျူးကျော်ဘဲ ပြည်တွင်းရေးတွင် အိမ်ကြက်ချင်းခွပ်ခိုင်းဖို့က သေချာသလောက်ရှိသည်။ ဤကားစကားချပ်။)
အချုပ်ဆိုရသော် Structural Realists များ၏အလိုအရ နိုင်ငံတနိုင်ငံတွင် ခေါင်းဆောင်ပြောင်းခြင်းသည် အဓိကမဟုတ်။ ဥပမာ Trump အာဏာရလာ၍ ၊ Populism ခေါင်းထောင်လာ၍ လက်ရှိ ကမ္ဘာအကြပ်အတည်းများ ရင်ဆိုင်နေရသည်ဟုမယူဆ။ ဘယ်သူတွေဘယ်လိုပြောင်းပြောင်း ကမ္ဘာကြီးသည် အကွပ်မဲ့ခြင်းကြောင့်၊ the logic of egoism (self-interest as the foundation of morality) ကြောင့်၊ self-help doctrine မိမိကိုယ်ကိုယ် အင်အားကြီးသထက်ကြီးမားအောင်ကြိုးစားခြင်းက နိုင်ငံများ၏ လုံခြုံရေး၊ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကဖြစ်နေခြင်းကြောင့် နိုင်ငံများသည် အထက်မှာ ဖော်ြပသကဲ့သို့ ထိပ်တိုက်တွေ့ကြမည်သာြဖစ်သည်။ ဒီ international structure ထဲနေရင် ဒီလိုဖြစ်မည်၊ ဒီရပ်ကွက်ထဲနေသမျှတော့ ဒီလမ်းကိုကျော်သွားလို့ရမည်ဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။ အင်အားကြီးနိုင်ငံတွေ ဒီလမ်းကိုလျောက်နေကြလျင် မြန်မာနိုင်ငံကဲ့သို့ အင်အားသေးငယ်ပြီး၊ ပြည်တွင်းရေးတည်ငြိမ်မှုမရှိသည့် နိုင်ငံများ ဘယ်လမ်းသို့လျောက်ရမည်ကို တွေးဆ နိုင်ကြရန် အနည်းငယ်မျှ အထောက်အပံ့ပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်။
မောင်ကျော်
၂၃၀၈၁၉၂၂၃၄
Subscribe to:
Posts (Atom)