နိဒါန်း
တရုတ်နိုင်ငံသည် ကမ္ဘာ့လူ့အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို လက်ခံမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ လူသားဆန်မှုနှင့်ဖြစ်တည်မှုတို့ကို အသိအမှတ်ပြု တန်ဖိုးထားသည့် ကမ္ဘာ့အခင်းအကျင်းအသစ်တစ်ခုအား ဦးတည်ဖော်ဆောင်မည့် မူဝါဒနှင့် သဘောတရားများ၊ ထိုမူဝါဒနှင့် အယူအဆများကို ကမ္ဘာကလက်ခံနိုင်အောင် ကြိုးပမ်းနေမှုများ၊ ထိုသဘောတရားများသည် ယခင်ကထက် ပိုမိုအဆင့်မြင့် ကောင်းမွန်လာမှုနှင့် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၃ နှစ်တာ ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးလုပ်ဆောင်မှုများသည် ခေတ္တအေးစက်ခဲ့သော်လည်း အမေရိကန် နိုင်ငံအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်သည့် ဖိအားများနှင့် ပြည်တွင်းရွေးကောက်ပွဲ အခြေအနေများအကြား အကျပ်ရိုက်နေချိန်တွင် တရုတ်နိုင်ငံသည် သံတမန်ရေးတွင် ပြန်လည်ဦးမော့လာခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အနောက်အုပ်စုနိုင်ငံများ၏ စည်းမျဉ်းကို အခြေခံသည့် နိုင်ငံတကာအခင်းအကျင်း(Rule-based International Order)များကို ၎င်း၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ပြန်လည်ပြင်ဆင်တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်း-အစ္စရေး ဆက်ဆံရေးမြှင့်တင်ပေးခဲ့မှုများမှသည် ယူကရိန်းအရေးအတွက်ငြိမ်းချမ်းရေးအဆိုပြုချက်များအထိ ကမ္ဘာ့အရေးတွင် ဝင်ရောက်ဦးဆောင်လာခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးမပြေလည်မှုများကြားမှ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးနိုင်မှုကို ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (Xi Jinping)သည် တရုတ်ခေါင်းဆောင် မော်စီတုန်း (Mao Zedong) ပြီးနောက် တရုတ်နိုင်ငံတွင် ဩဇာအရှိဆုံး ခေါင်းဆောင်တစ်ဦးဖြစ်လာကြောင်းလည်း ဖော်ပြထားပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) သည် ၎င်းတာဝန်စတင်ထမ်းဆောင်စဉ် ၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံသမ္မတ Luiz Inacio Lula da နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့အပါအဝင် အခြားအာရှအလယ်ပိုင်းနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် များနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သံတမန်ရေးတိုးချဲ့မှုများတွင် ထိုင်ဝမ် အရေးတင်းမာမှုများနှင့်လည်း ပတ်သက်ဆက်နွှယ်မှုများရှိနေပါသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့သည့် ဟွန်ဒူးရပ်စ်နိုင်ငံ(Honduras)နှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံ ပေကျင်းမြို့၌ သံရုံးဖွင့်လှစ်စေခဲ့ပါသည်။ ထို့ပြင် တရုတ် နိုင်ငံသည် သမ္မတ ရှီကျင့်ဖျင်၏ အတွေးအခေါ်များမှ အဓိကအချက်ဖြစ်သည့် ကမ္ဘာလုံး ဆိုင်ရာလူမှုတိုးတက်မှုအစီအမံ(Global Civilization Initiative-GCI)ကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ထိုအစီအစဉ်ကို ကမ္ဘာ့လူမှုတိုးတက်ရေးအတွက် စတင်ပျိုးထောင် လုပ်ဆောင်ရန် (Cultivating the Garden of World Civilization) (တစ်နည်းအားဖြင့် Xivilization) ဖြစ်သည်ဟု ပြောကြားထားပါသည်။ သမ္မတ ရှီကျင့်ဖျင်၏ အဆိုပါ အစီအမံများသည် လူသားဖြစ်တည်မှုအတွက် ဘုံရည်မှန်းချက်များကို ဖော်ပြထားပြီး အနောက်နိုင်ငံများ ကဲ့သို့ အခြားနိုင်ငံများ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများလည်း ရှိမည်မဟုတ်ဟု တရုတ်နိုင်ငံက ပြောကြားထားပါသည်။ သို့သော် ပညာရှင်များကမူ ရှီကျင့်ဖျင်၏ အယူအဆများက အနောက် နိုင်ငံများ၏ လူ့အခွင့်အရေးကာကွယ်ရေးဟူသည့် သဘောတရားကို ခြိမ်းခြောက် လာလိမ့်မည်ဟု မှတ်ချက်ပြုနေကြပါသည်။
တရုတ်နိုင်ငံ၏ နိုင်ငံရေးဆောင်ရွက်ချက်များသည် ယခင်ကထက် ပိုမိုခေတ်မီ၊ ပိုမိုမဟာဗျူဟာမြောက်လာပြီး ရှေရှည်ကို ဦးတည်လာသည်ဟု Yale Law School’s Paul Tsai China Center အဖွဲ့ဝင် သုတေသနပညာရှင် Moritz Rudolf က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာ့စံနှုန်းများ ပြန်လည်ပြင်ဆင်ရာတွင် ယခင်က ယခုသဘောတရားအစီမံများကဲ့သို့ အသေးစိတ်များ ထုတ်ဖော်ထားခြင်းမရှိသည်ကိုတွေ့ရသည်။ ပထမဆုံးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative-GDI)ကို ချမှတ်ခဲ့ပြီး အဆိုပါအစီအမံသည် ကိုဗစ်-၁၉ မှ ပြန်လည်နလန်ထူမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲမှုများဒဏ်ခံရသည့်နိုင်ငံများကို ကူညီထောက်ပံ့ပေးမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ လုံခြုံရေးအစီအမံ(Global Security Initiative-GSI)ကို ချမှတ်ခဲ့ပါသည်။ ယခုအခါတွင် GCI ကို ထပ်မံချမှတ်ခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် အနောက်အုပ်စုနှင့်မတူညီသည့် သဘောတရားအစီအမံများဖန်တီး၍ ၎င်း၏ နိုင်ငံခြားရေးမူဝါဒများကို ပေါ်လွင်အောင် လုပ်ဆောင်လျက်ရှိပါသည်။ GCI နှင့်ပတ်သက်၍ သမ္မတရှီကျင့်ဖျင်က နိုင်ငံများအနေဖြင့် မတူညီသည့် လူမှုတိုးတက်မှုများနှင့် စံနှုန်း၊ တန်ဖိုးများ၊ သဘောထားများ ရှိကြကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံတစ်ခု၏ တန်ဖိုးများနှင့် ပုံသဏ္ဌာန်များသွပ်သွင်းမှုကို ရှောင်ရှားရမည်ဖြစ်ပြီး နိုင်ငံတစ်ခုချင်းစီ၏ ကွဲပြားခြားနားမှုများကို လက်ခံရမည်ဟု ပြောကြား ထားကြောင်း ဖော်ပြထားပါသည်။
ယခုအခါ မလေးရှားနိုင်ငံ တစ်နိုင်ငံတည်းသာလျှင် GCI အစီအမံကို တရားဝင် ဖော်ထုတ် ထောက်ခံထားသည်ကိုတွေ့ရပြီး အချို့သောအာရှနိုင်ငံများအနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းညှိရန် ၎င်းအစီအမံကို ဖော်ထုတ်ထောက်ခံလိမ့်မည် မဟုတ်ဟုဆိုပါသည်။ လက်ရှိ အမေရိကန်နိုင်ငံ ပုံဖော်နေသည့် Democracy Vs. Autocracy ပုံစံသည် တရုတ်နိုင်ငံအတွက်သာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ပညာရှင်များ သတိပေး နေကြပါသည်။ ဥပမာဆိုရလျှင် အရှေ့တောင်အာရှနိုင်ငံများအားလုံးသည် တရုတ်နိုင်ငံနှင့် ပို၍နိုင်ငံရေးအရ နီးစပ်ကြပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအပေါ် ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရာတွင် အနောက်နိုင်ငံများ၏ စံနှုန်းများကိုသာ ရှေ့တန်းမတင်သင့်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် ISEAS-Yusof Ishak Institute ၏ ဒေသတွင်း မဟာဗျူဟာနှင့် နိုင်ငံရေးသုတေသနအစီအစဉ်မှ အဖွဲ့ဝင်ဖြစ်သူ Hoang Thi Ha က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကာလကတည်းက ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)ကို ချမှတ်၍ ၎င်း၏ ဘက်ပေါင်းစုံကမ္ဘာတစ်ခုဖန်တီးနိုင်ရန် ကြိုးပမ်းလျက်ပြီး နိုင်ငံပေါင်း ၁၄၇ နိုင်ငံအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ၉၆၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ သို့သော်လည်း BRI သည် ဆင်းရဲမွဲတေသည့် နိုင်ငံများအတွက် အကြွေးပိ၍ ပိုမို ဆိုးရွားလျက်ရှိသည်ဟု ဝေဖန်ခံနေရကြောင်း ဖော်ပြထားပါသည်။
သမ္မတ ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ် စတင်ထမ်းဆောင်ချိန်မှ စတင်၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများ ပိုမိုပေါ်လွင်ထင်ရှားလာခဲ့ပါသည်။ ထိုင်ဝမ်အရေးကိစ္စအပြင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုမို ကျယ်ပြန့်စွာ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မဟာဗျူဟာမြောက်သည့် ရေပိုင်နက် များတွင် ကျွန်းများတည်ဆောက်၍ စစ်ရေးအတွက် အသုံးပြုနိုင်ရန် ပြင်ဆင်လျက် ရှိနေပါသည်။ အနောက်အုပ်စုအဖွဲ့အစည်းများမပါဝင်သော တရုတ်နိုင်ငံဦးဆောင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းနှင့် BRICS ကဲ့သို့သော အဖွဲ့များဖွဲ့စည်း၍ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းအသစ်များ ပြင်ဆင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြပါသည်။ အနောက်နိုင်ငံများကလည်း တရုတ်နိုင်ငံ၏ အင်အားချဲ့ထွင်လာမှုများကို ရင်ဆိုင်ရန် ပြင်ဆင်လာခဲ့ကြပြီး၊ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၇ နိုင်ငံဖွဲ့စည်းထားသည့် ဂျီ ၇ အနေဖြင့် တရုတ်နိုင်ငံအား စီးပွားရေးအရအကျပ်ကိုင်မှုများ မပြုလုပ်ရန်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရန် တောင်းဆိုခဲ့ကြပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲ ကလည်း အနောက်အုပ်စုနိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန် တွန်းအားပေး နေသည်ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာကောင်စီအကြံပေးအဖွဲ့က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့အခင်းအကျင်းများတွင် အနောက်အုပ်စုနိုင်ငံများက ကာလရှည်ကြာ လွှမ်းမိုးခဲ့မှုများကြောင့် ၎င်းတို့၏ တန်ဖိုးများကို ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဟု ယုံကြည်နေကြပါသည်။ ထို့ကြောင့် ယခုအခါ ကမ္ဘာ့ဗဟုမဏ္ဍိုင်အခင်းအကျင်း (Multipolar World Order)အဖြစ်သို့ ပြောင်းလဲနေမှုတွင် အနောက်အုပ်စု၏ တန်ဖိုးများသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများ(Universal Values) မဟုတ်ကြောင်းကို ၎င်းတို့ကိုယ်တိုင် လက်ခံနိုင်ရန်အတွက် အတွေးအခေါ်အယူအဆဆိုင်ရာ စိန်ခေါ်မှု (Moral Challenge) တစ်ခုဖြစ်နေပါသည်။ ဗဟုမဏ္ဍိုင်ကမ္ဘာ့အခင်းအကျင်းသည် ကမ္ဘာ့အသိုက်အဝန်းများ အကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအကျိုးစီးပွားများ ဖြစ်ထွန်းစေနိုင်ပြီး အမေရိကန် နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအား ပြိုင်ဘက်နိုင်ငံအဖြစ်မြင်နေခြင်းကို အဆုံးသတ်ရန် လိုအပ်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယို(George Yeo)က ပြောကြား ခဲ့ပါသည်။ အမေရိကန်နိုင်ငံဘက်က မည်သို့ပင်တုံ့ပြန်မှုများရှိစေကာမူ တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ ပိုမိုအင်အားကောင်းသော ကမ္ဘာ့အဆင့်နိုင်ငံတစ်ခုအဖြစ်သို့ တက်လှမ်းရန် ရည်မှန်းချက်များကို စွန့်လွှတ်လိမ့်မည်မဟုတ်ဟု လေ့လာသူများက ဆိုကြပါသည်။ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံအပါအဝင် အာရှအလယ်ပိုင်းဒေသများတွင် တရုတ်နိုင်ငံ၏ ဩဇာချဲ့ထွင်မှုများကို တွေ့ရကြောင်း ဖော်ပြထားပါသည်။
BRICS နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးပွဲတွင် အနောက်နိုင်ငံ များ၏ လွှမ်းမိုးမှုမရှိသည့် ကမ္ဘာ့အခင်းအကျင်းတစ်ခုကို ဖန်တီးရန် ဆွေးနွေးခဲ့ကြကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံအား ကမ္ဘာ့ခေါင်းဆောင်အဖြစ် လက်မခံလိုသည့် ဆန့်ကျင်မှု များလည်း ရှိနေပါသည်။ ထို့ကြောင့် နိုင်ငံကြီးများအကြား ပဋိပက္ခများနှင့် ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသောကြောင့် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့် အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် ဗဟုမဏ္ဍိုင်ကမ္ဘာ့အခင်းအကျင်းတွင်သာ ၎င်း၏ ဩဇာအာဏာကို တည်ဆောက်ရဦးမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် အတိအလင်းစစ်ပွဲတစ်ခုဖြစ်မလာမချင်း လုံးဝပြတ်တောက် သွားရန်မှာ မဖြစ်နိုင်ကြောင်းနှင့် ထိုသို့ဆိုခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေး အဆင်ပြေလာလိမ့်မည်ဟုလည်း ဆိုလိုခြင်းမဟုတ်ကြောင်း Oxford Global Society မှ မဟာဗျူဟာ အကြံပေး Brian Wong က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါး၌ ကမ္ဘာ့အခင်းအကျင်းများတွင် ဦးဆောင်နိုင်ခဲ့သည့် အမေရိကန် နိုင်ငံ၏ လွှမ်းမိုးမှုကျဆင်းလာခြင်းနှင့် အမေရိကန်နိုင်ငံနေရာတွင် တရုတ်နိုင်ငံ၏ အခြားသော နိုင်ငံရေးသဘောတရား၊ အခင်းအကျင်းပုံစံသစ်များဖြင့် ဝင်ရောက်လာမှုကို လေ့လာသုံးသပ်၍ အသေးစိတ်ရေးသားထားရှိပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာ့ဦးဆောင်မည့် နိုင်ငံရေးသဘောတရားတွင် အဓိကအနှစ်သာရမှာ နိုင်ငံများ၏ မတူညီသည့် အခြေအနေ များနှင့် တန်ဖိုးများကို လက်ခံရန်နှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူက အနောက်အုပ်စု၏ လစ်ဘရယ်သဘောတရား သွပ်သွင်းရေး မူဝါဒကို အဓိက စိန်ခေါ်နေသည့် အယူအဆဖြစ်လာပါသည်။ ထို့ကြောင့် ပညာရှင်များအနေဖြင့် အမေရိကန်နှင့် အနောက်အုပ်စုဘက်မှ ဒီမိုကရေစီနှင့် အာဏာရှင်တို့၏ အားပြိုင်ပွဲဟု ပုံဖော်နေခြင်းသည် တရုတ်နိုင်ငံအား ပို၍အားသာချက်ဖြစ်စေနိုင်သည်ဟု ထောက်ပြနေသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကာလရှည်ကြာလက်ခံခဲ့သော အနာဂတ်တန်ဖိုးများသည် ကမ္ဘာ့တန်ဖိုးများဖြစ်ရမည်ဟု ဆိုသည့် ယုံကြည်မှုကို စွန့်လွှတ်ရန်ခက်ခဲနေကြောင်း တွေ့ရှိရပါသည်။
ယခုလက်ရှိကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံငယ်အများစု (အထူးသဖြင့် အာရှနိုင်ငံများ) အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးထိန်းညှိရဦးမည့် အခြေအနေရှိနေသောကြောင့်တရုတ်နိုင်ငံမှ အဆိုပြုနေသည့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative-GDI)၊ ကမ္ဘာ့လုံခြုံရေးအစီအမံ(Global Security Initiative-GSI)နှင့် ကမ္ဘာလုံးဆိုင်ရာလူမှုတိုးတက်မှုအစီအမံ (Global Civilization Initiative-GCI)ဟူသည့် ကမ္ဘာ့ဦးဆောင်မှုအစီအမံသဘောတရားများကို ပေါ်ပေါ်တင်တင် ထောက်ခံခြင်းမရှိသေးသော်လည်း အနာဂတ်တွင် တရုတ်နိုင်ငံ၏ ကမ္ဘာ့ဩဇာတည်ဆောက် နိုင်မှု ပိုမိုပြတ်သားလာမည်ဆိုပါက အာရှနိုင်ငံအများစုအနေဖြင့် ၎င်းတို့နှင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်နိုင်ငံရေးအရ ပိုမိုနီးစပ်သည့် တရုတ်နိုင်ငံ၏ ဦးဆောင်မှုနောက်သို့ ပါလာနိုင်သည်ဟု ယူဆရပါသည်။ တစ်ဖက်တွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုနောက်သို့ မလိုက်လိုသည့် နိုင်ငံများရှိနေဆဲဖြစ်သော်လည်း အနောက်အုပ်စု နိုင်ငံများတွင်ပင်လျှင် တရုတ်နိုင်ငံ၏အခင်းအကျင်းသစ်အား လုံးဝငြင်းဆန်ရန်ခက်ခဲသည့်အခြေအနေတွင်ရှိနေသည်ကို တွေ့ရှိရပါသည်။
နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံဦးဆောင်သော အနောက်အုပ်စု၏ လွှမ်းမိုးချယ်လှယ်ခြင်း(Hegemony)ကို ခံခဲ့ရသော ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် တရုတ်နိုင်ငံ၏ အင်အား ကြီးမားလာမှုသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဖက်သတ် ဖိအားပေးခံနေရမှုမှ လွတ်မြောက်နိုင်မည့် ရောင်ခြည်သန်းလာသည်ဟု ယူဆနေကြပါသည်။ တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများရှိလာသော်လည်း ဗဟုမဏ္ဍိုင်အခင်းအကျင်းသို့ ဦးတည်လျက်ရှိသောကြောင့် အိန္ဒိယနိုင်ငံအပါအဝင် အင်အားကြီး၊ အင်အားအလယ်အလတ်နိုင်ငံအချို့မှတရုတ်နိုင်ငံအား ကမ္ဘာ့ခေါင်းဆောင် နိုင်ငံအဖြစ် အလွယ်တကူလက်ခံလိမ့်မည်မဟုတ်သည်မှာလည်း လက်ရှိပေးထားချက်တစ်ခုပင်ဖြစ်ပါသည်။
ထို့ကြောင့် ၎င်းတို့၏ စံနှုန်းများနောက်သို့ မလိုက်ပါသည့် နိုင်ငံများအား စံနှုန်းအခြေပြု၍ ပိတ်ဆို့အရေးယူမှုများကို အကောင်းဆုံး ဖိအားပေးခြင်းနည်းလမ်းတစ်ခုအဖြစ် နှစ်ရှည်လများအား ဆောင်ရွက်လာသည့် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ၎င်းတို့၏ တန်ဖိုးများသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဖြစ်ရမည်ဟု စိတ်ကြီးဝင်နေမှုကို မကျော်လွှားနိုင်ပါက တရုတ်နိုင်ငံ၏ အဆင့်မြှင့်တင်လာသော သဘောတရားများကို တန်ပြန်နိုင်ရန် (အထူးသဖြင့် အာရှဒေသအတွင်း) ခက်ခဲလာလိမ့်မည်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
52062923