Thursday, September 7, 2023

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ သဘောထားကွဲလွဲမှုဖြစ်ပွားနေခြင်း၏ နောက်ဆက်တွဲအခြေအနေများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ကမ္ဘာ့နိုင်ငံများအကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပွားကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်မှု(Fragmentation) ပြင်းထန်စွာဖြစ်ပေါ်နေပြီး Globalization ဖြစ်စဉ်တွင်လည်း ဆုတ်ယုတ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါအချက်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အပေါ်တွင် များစွာသက်ရောက်စေပြီး ပျက်ယွင်းလာသည့် အခြေအနေများကို ထိန်းညှိဆောင်ရွက်ရန်အတွက် နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဆင်းရဲမွဲတေမှုလျှော့ချရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကို ရန်ပုံငွေ ထည့်ဝင်မှုများတိုးမြှင့်ပြီး စနစ်တကျခွဲဝေဆောင်ရွက်သင့်သည်ဟူသည့် အကြံပြုချက်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ကမ္ဘာ့နိုင်ငံများသည် မသေချာမရေရာမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြတ်သန်းနေကြရပြီး ကြွယ်ဝချမ်းသာခြင်းနှင့်အတူ ထိလွယ်ရှလွယ်သည့် အခြေအနေများ ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားနေခြင်း၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ခြင်းက တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက် မရှိဆိုသည့်အချက်ကို ပြသနေသကဲ့သို့ တည်ငြိမ်အေးချမ်းရေးကို အလွယ်တကူ ဖျက်ဆီး နိုင်သည်ဆိုသည့်အချက်ကိုလည်း ပြသနေပါသည်။ မသေချာမရေရာမှုများကို ရင်ဆိုင် နေရသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအတွက် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည့်အချက်သည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှာ ဆုတ်ယုတ်လျက်ရှိပါသည်။ နိုင်ငံများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ မြင့်တက်လာခြင်းမှအစပြုပြီး စီးပွားရေးပြိုင်ဘက် အုပ်စုများအဖြစ် အဆုံးသတ်သွားခြင်းက ကမ္ဘာ့နိုင်ငံများအကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပွားပြီး အစိတ်စိတ်အမွှာမွှာကွဲထွက်မှု(Fragmentation) ပြင်းထန်စွာဖြစ်ပေါ်နေသည် ဆိုသည့် သက်သေဖြစ်ပါသည်။ အဆိုပါအချက်များက Global Integration မှ ရရှိနိုင်သည့် အကျိုးအမြတ်များကို ပျက်ပြယ်သွားစေနိုင်ကြောင်း ဖော်ပြထားပါသည်။
Fragmentation ကို ဖြစ်ပေါ်စေသော မတူညီသည့် အကြောင်းတရားများ များစွာရှိနေပါသည်။ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကလည်း နိုင်ငံများအား ၎င်းတို့အကျိုးစီးပွားကိုသာ ပိုမိုကာကွယ်ရန် တွန်းအားပေးနေပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၃ စုအတွင်းက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆက်နွှယ်မှုများ ခိုင်မာအားကောင်းခဲ့ပြီး နိုင်ငံများအတွက် ကြွယ်ဝချမ်းသာမှု၊ ကျန်းမာသည့် လူမှုပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်း များကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ သို့သော် အဆိုပါဆက်နွှယ်မှုများကြောင့် အချို့သောသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့ပြီး လူတန်းစား ကွာဟမှုကိုဖြစ်ပေါ်စေခဲ့ပါသည်။ အဆိုပါအချက်က လူမှုရေးတင်းမာမှုများကို ဖြစ်ပေါ် စေသည့်အပြင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ပြည်တွင်း ထုတ်လုပ်မှုများကို ခိုင်မာစွာဖော်ဆောင်ရန် တွန်းအားပေးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
နိုင်ငံများတွင် သဘောထားကွဲလွဲမှုများ ပြင်းထန်စွာဖြစ်ပေါ်နေခြင်းက ပဋိပက္ခ ဖြစ်ပွားခြင်းကို ဦးတည်စေနိုင်ပြီး စစ်မက်ဖြစ်ပွားခြင်း၊ ရာသီဥတုပြုပြင်ပြောင်းလဲခြင်းနှင့်ကပ်ရောဂါကဲ့သို့ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရ စေနိုင်ပါသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများအပေါ်တွင်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပြီး ကုန်သွယ်မှုကျဆင်းကာ ကုန်သွယ်မှုအတားအဆီးများ မြင့်တက်လာနိုင်ပါသည်။ ထို့နောက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေသည်အထိ ကြုံတွေ့ ရနိုင်ပါသည်။ သဘောထားကွဲလွဲမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေခြင်းသည် ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်းကို နိုင်ငံအကြီးအကဲများက နားလည်လက်ခံထားသော်လည်းအရေးတယူ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိကြပါ။ နိုင်ငံများတွင် မမျှော်လင့်ထားသည့် အရေးကိစ္စများဖြစ်သည့် ကပ်ရောဂါနှင့် ပဋိပက္ခများကို ပိုမိုရင်ဆိုင် လာရသည့်အတွက် နိုင်ငံများအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။ IMF ကဲ့သို့ အဖွဲ့များက နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကူညီထောက်ပံ့မှုများကို ပေးအပ်နိုင်သကဲ့သို့ နိုင်ငံ့အကြီးအကဲများအနေဖြင့်လည်း နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုအပြင် နိုင်ငံသားများ၏ ကောင်းကျိုးဖြစ်ထွန်းစေမည့် အရေးပါသည့်အချက်များကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
၂၀ ရာစုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာစစ် ၂ ခုက ကမ္ဘာ့နိုင်ငံများသည် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဆိုသည့်အချက်ကို ပြသနေပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက်တွင် မဟာမိတ် အဖွဲ့များသည် UN၊ IMF၊ World Bank နှင့် WTO ကဲ့သို့ အဖွဲ့များကို ဖွဲ့စည်းပြီး ကမ္ဘာ့နိုင်ငံ များ၏ အရေးကိစ္စများကို ပူးပေါင်းဖြေရှင်းမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။ အဆိုပါဖြစ်စဉ်ကို Globalization ဟုခေါ်ဆိုပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ဆင်းရဲမွဲတေမှု လျော့နည်းခြင်း များကို ဖော်ဆောင်ပေးနိုင်ခဲ့ကြပါသည်။ သို့သော် ၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ စီးပွားရေးပျက်ကပ်ကြောင့် အချို့သောနိုင်ငံများတွင် ကုန်သွယ်မှုအတားအဆီးများ ချမှတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမညီမျှခြင်းများဖြစ်ပေါ်ခဲ့ကြောင်းနှင့် ကပ်ရောဂါ ဖြစ်ပွားမှုများ ကလည်း ဖွံ့ဖြိုးတိုးတက်မှုများကို နှေးကွေးသွားစေခဲ့ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများသည် Slowbalization ဖြစ်စဉ်ကို ပိုမိုရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါသည်။
ဖွံ့ဖြိုးတိုးတက်မှုမညီမျှခြင်းများ မြင့်တက်လာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာကိစ္စရပ်များသည် အဓိကပြဿနာရပ်များဖြစ်ပါသည်။ နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးအမြတ်ရရှိရေးကိုသာ အာရုံစိုက်နေပြီး ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်လိုက်ပါက မလိုလားအပ်သည့် ကိစ္စရပ်များဖြင့် ပိုမိုရင်ဆိုင်ရစေနိုင်ပါသည်။ ကုန်သွယ်မှု အတားအဆီး များနှင့် နည်းပညာဖလှယ်မှုများကို ကန့်သတ်ခြင်းက စီးပွားရေးလုပ်ငန်းများကို များစွာ ထိခိုက်နစ်နာစေနိုင်ပါသည်။ အဆိုပါအချက်ကြောင့် အစားအစာနှင့် စွမ်းအင်များကို ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ကမ္ဘာ့နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်လာပါက ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ပြီး တစ်ကမ္ဘာလုံး၏ GDP ကို ၇ ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ကုန်သွယ်မှုအတားအဆီးများနှင့် ကန့်သတ်ချက်များ သတ်မှတ် ပြဋ္ဌာန်းခြင်းကိုဂရုတစိုက်လုပ်ဆောင်သင့်ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် မမျှော်လင့်သော ပြဿနာများကို အကြိမ်ကြိမ် ရင်ဆိုင် ကြုံတွေ့လာရသည့်အခါတွင် ၎င်းတို့နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် အတွက် နည်းလမ်းများရှာဖွေနေကြပါသည်။ အဆိုပါအခြေအနေများကို ဖြေရှင်းရန်အတွက် နိုင်ငံများသည် အရန်ငွေ(International Reserve)ကို အသုံးပြုကြသော်လည်း အဆိုပါ အရန်ငွေကို စီးပွားရေးအင်အားကောင်းသည့် နိုင်ငံအနည်းငယ်သာ အများဆုံးထားရှိနိုင်ပါသည်။ အဆိုပါအချက်က စီးပွားရေးအင်အားနည်းပါးသည့်နိုင်ငံများကို ပိုမိုထိခိုက်စေနိုင်ပါသည်။ နိုင်ငံများအနေဖြင့် “Global Financial Safety Net” ကဲ့သို့ အရန်အစီအစဉ်များ ပြုလုပ် ထားရန်လိုအပ်ပါသည်။ IMF သည်လည်း အဆိုပါအစီအစဉ်၏ အရေးပါသည့် အခန်း ကဏ္ဍတွင် တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး နိုင်ငံများမှ စုပေါင်းထည့်ဝင် ထားသည့် ငွေများကိုထိန်းသိမ်းပေးပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံများကို ချေးငွေကူညီပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် IMF တွင် ရန်ပုံငွေထည့်ဝင်ခြင်းဖြင့် “Global Financial Safety Net” ကို ခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
“Global Financial Safety Net” သည် စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ် အတည်းကို ရင်ဆိုင်နေရသည့်နိုင်ငံများအား အကူအညီပေးနေသည့် စနစ်တစ်ခုဖြစ်ပါသည်။ ၎င်းတွင် ငွေကြေးပုံစံမျိုးစုံရှိပြီး နိုင်ငံများအနေဖြင့် လိုအပ်သည့်အချိန်တွင် ထုတ်ယူသုံးစွဲ နိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် နိုင်ငံများသည် အဆိုပါ ငွေကြေးများအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် ထုတ်ယူ သုံးစွဲခဲ့ကြပါသည်။ သို့သော် အချို့သောနိုင်ငံများသည် လက်ရှိအချိန်အထိ အခက်အခဲ များဖြင့် ရင်ဆိုင်နေကြရပြီး ပေးဆပ်ရန် ကြွေးမြီအမြောက်အမြားရှိနေပါသည်။ အဆိုပါ အချက်ကြောင့် နောက်ထပ်ချေးငွေယူရန်နှင့် ပြန်လည်ပေးဆပ်ရန် ခက်ခဲလျက်ရှိကြပါသည်။ ထိုကဲ့သို့ အခက်အခဲများဖြင့် ကြုံတွေ့နေရသည့် နိုင်ငံများသည် ဆင်းရဲသည့်နိုင်ငံများဖြစ်ပြီး ကြွေးမြီပဋိပက္ခများကို ရှောင်ရှားနိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ဖော်ပြ ထားပါသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် IMF သည် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ IMF တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ပါဝင်ပြီး အဆိုပါနိုင်ငံများနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများအား ပုံမှန်စစ်ဆေးမှုများပြုလုပ် နိုင်ရန် အခွင့်အာဏာပေးထားသည့် တစ်ခုတည်းသောအဖွဲ့ဖြစ်ပါသည်။ IMF သည် မက်ခရိုစီးပွားရေးစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုများကို စီမံခန့်ခွဲပေးနေသည့် အဖွဲ့ဖြစ်ပြီး မူဝါဒများချမှတ်ပေးခြင်းအတွက် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ် တစ်ခုဖြစ်သကဲ့သို့ နောက်ဆုံးချေးငွေထုတ်ချေးပေးသည့် နေရာလည်း ဖြစ်ပါသည်။ ကွဲလွဲမှုများဖြင့် ရင်ဆိုင်နေရသည့် ကမ္ဘာ့အခင်းအကျင်းတွင် IMF ၏ ရန်ပုံငွေများနှင့် ကြီးကြပ်မှုများက ကြီးမားသည့် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ IMF သည် လက်ရှိကမ္ဘာလုံးဆိုင်ရာ အခြေအနေ များနှင့်အညီ‌ ဆောင်ရွက်ရန်အတွက် ၎င်း၏ ရန်ပုံငွေကောက်ခံမှုပုံစံနှင့် မူဝါဒများကို ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိပါသည်။ အရေးကြီးသောအချက်မှာ IMF သည် စီးပွားရေး အကျပ်အတည်းကာလတွင် နိုင်ငံများအားကူညီရန် လုံလောက်သော အရင်းအမြစ်များရှိမှု သေချာစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကို ချိန်ညှိရန် လိုအပ်ခြင်းဖြစ်သည်။ IMF တွင် ငွေကြေးထည့်ဝင်မှုများ များပြားလာသည့်အခါ ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ရန်ပုံငွေကို ချေးငွေသဘောဖြင့် ထုတ်ချေးခြင်းများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် IMF အဖွဲ့ဝင်များအနေဖြင့် General Review of Quotas အကောင်အထည်ဖော်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆောင်ရွက် သင့်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ကြွယ်ဝချမ်းသာသည့် IMF အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆင်းရဲ မွဲတေမှုလျှော့ချရေးနှင့် ယုံကြည်မှုတိုးပွားလာရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ ပိုမိုပြုလုပ်ပေးသင့်ပါသည်။ IMF ၏ အစီအစဉ်ဖြင့် အထူးရန်ပုံငွေအစီအစဉ်ဖြင့် ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ဝင်ငွေနည်းပါးသည့်နိုင်ငံ ၅၆ နိုင်ငံအား အတိုးမဲ့ဘဏ္ဍာငွေ ဒေါ်လာ ၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ယခင်က ထောက်ပံ့မှုများထက် လေးဆခန့် များပြားခဲ့ပြီး အဆင်းရဲဆုံးအဖွဲ့ဝင်နိုင်ငံများ၏ အကူအညီလိုအပ်မှု မြင့်မားနေခြင်းကို ထောက်ပံ့ပေးနိုင်ခဲ့သည့်အတွက် IMF ၏ အရေးပါသည့် ရန်ပုံငွေအစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ ထို့ပြင် ရာသီဥတုပြုပြင်ပြောင်းလဲခြင်းနှင့် ကပ်ရောဂါဖြစ်ပွားခြင်းများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ချမ်းသာ ကြွယ်ဝသည့် အဖွဲ့ဝင်နိုင်ငံများသည် ထိခိုက်လွယ်သည့် နိုင်ငံများအတွက် Special Drawing Rights လမ်းကြောင်းများကို ဖော်ဆောင်ပေးခြင်းဖြင့် စဉ်ဆက်မပြတ် ယုံကြည်မှု တည်ဆောက်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။ IMF အနေဖြင့် ဆုံဖြတ်ချက်ချမှတ်ခြင်း များတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်သင့်ပြီး၊ ထိုသို့ဆောင်ရွက်ခြင်းက နိုင်ငံများကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို နားလည်သဘောပေါက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
IMF အနေဖြင့် World Bank နှင့် African Development Bank ကဲ့သို့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက် သင့်ပါသည်။ ယခင်က Bertton Woods ငွေကြေးစနစ်တွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၌ အဖွဲ့ဝင်နိုင်ငံနည်းပါးသည့်အတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် လွယ်ကူခဲ့သော်လည်း IMF တွင် အဖွဲ့ဝင်နိုင်ငံ ၁၉၀ နိုင်ငံ ပါဝင်နေသည့်အတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ခက်ခဲမှုများရှိနေပါသည်။ ထို့သို့ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံများ အကြားတွင် ယုံကြည်မှုများလျော့နည်းလာခြင်းကြောင့်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးစနစ်တွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများ အဆုံးသတ်မည့်အချိန်သို့ ရောက်ရှိနေပါသည်။ တစ်နိုင်ငံချင်းစီသည် ၎င်းတို့နိုင်ငံများ၏ အကျိုးစီးပွားကိုသာ ကာကွယ်ရန် အလေးထား ဆောင်ရွက်လာကြပြီး ထိလွယ်ခိုက်လွယ်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်သည် မမျှော်မှန်းထားသည့် ပြဿနာရပ်များကို ရင်ဆိုင် ရနိုင်ပါသည်။ IMF နှင့် အခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ချေးငွေထုတ် ပေးသူများအနေဖြင့် မမျှော်မှန်းထားသည့်အခြေအနေကို ရင်ဆိုင်ရာတွင် လိုက်လျောညီထွေ ဖြစ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပြီး ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေး စနစ်ကိုလည်း ခိုင်မြဲအောင် လုပ်ဆောင်ထားသင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘာ့နိုင်ငံများသည် Globalization ဖော်ဆောင်ခြင်းအစား နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်ပြောင်းလဲနေသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် တစ်နိုင်ငံချင်း အကျိုးစီးပွား ကာကွယ်ခြင်းကိုသာ ရှေ့တန်းတင်ဆောင်ရွက်နေကြသည့်အတွက် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး စနစ်တွင် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင်လည်း အမေရိကန် နိုင်ငံသည် ၎င်း၏မဟာမိတ်ဖြစ်သည့် အင်ဒို-ပစိဖိတ် ဒေသတွင်း နိုင်ငံအချို့ကို စည်းရုံးပြီး IPEF ကို ဖွဲ့စည်းခဲ့သကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံတို့အနေဖြင့်လည်း အမေရိကန် နိုင်ငံ၏ စိုးမိုးမှုကို ထိန်းချုပ်ရန် BRICS ကို ရုပ်လုံးပေါ်အောင် အသက်သွင်းနေကြပါသည်။ ဆောင်းပါးတွင် IMF ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ငွေကြေးထည့်ဝင်မှုများ ပိုမိုပြုလုပ်ရန် တိုက်တွန်းထားပြီး ထိုသို့ ထည့်ဝင်ခြင်းဖြင့် ဆင်းရဲပြီး ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများ၏ ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချနိုင်မည်ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် IMF တွင် လိုအပ်နေသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဆောင်းပါးတွင်ဖော်ပြထားချက်များသည် IMF တွင် ရန်ပုံငွေနည်းပါးနေသည့် အခြေအနေကိုပြဆိုနေပြီး ကမ္ဘာ့နိုင်ငံများအချင်းချင်း မယုံကြည်မှုများက စီးပွားရေးပျက်ယွင်းမှုဆီသို့ ဦးတည်စေမည်သာဖြစ်ပါသည်။ ထို့ပြင် IMF ၊ World Bank နှင့် WTO တို့သည် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုအလိုကျဆောင်ရွက်နေသည်ဟု ကမ္ဘာ့ နိုင်ငံအများစုက ယုံကြည်နေကြပြီး အဆိုပါနိုင်ငံများနှင့် သဟဇာတမဖြစ်သည့် နိုင်ငံများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်း၊ ရန်ပုံငွေထောက်ပံ့မှု လျှော့ချ/ ဖြတ်တောက်ခြင်းများကို ပြုလုပ်နေကျဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါအုပ်စုနှင့် သဟဇာတ ဖြစ်သည့် နိုင်ငံများမှလွဲ၍ ကျန်ကမ္ဘာ့နိုင်ငံများသည် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ် နိုင်ရန် ၎င်းတို့နှင့် သဟဇာတဖြစ်မည့် အခြားသောဒေသတွင်းအဖွဲ့အစည်းများကို ပိုမို အလေးထားလာကြခြင်းမှာလည်း အကြောင်းအကျိုးတရားများသာဖြစ်ပါသည်။
နိုင်ငံကြီးများအကြား သဘောထားကွဲလွဲမှုများ၊ အုပ်စုကွဲနေခြင်းများသည် ကမ္ဘာကြီးအား စီးပွားရေးအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ အနုတ်လက္ခဏာ ဆောင်စေ မည်မှာ မှန်သော်လည်း သက်ဆိုင်ရာနိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ တစ်နိုင်ငံချင်း အကျိုးစီးပွားကိုသာ ပိုမိုရှေ့တန်းတင်ကြမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် အုပ်စုဖွဲ့မှုများ၊ ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများတွင် အရေးအကြောင်း ကြုံလာပါက အသုံးပြုနိုင်ရန် အရန်ငွေကြေး၊ အရန်ရွှေအပြင် အခြားသော တန်ဖိုးကြီး အရင်းအမြစ်များပိုင်ဆိုင်မှုမှာ အဓိကကျလျက်ရှိပြီး ထိုလိုအပ်ချက်များကို ကြိုတင်မျှော်တွေးဖြည့်ဆည်းထားနိုင်ခြင်းမှာ သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
103090823

[1]။ Kristalina Georgieva,“ The Price of Fragmentation”. Foreign Affairs. August 22, 2023 [https:// https://www.foreignaffairs.com/.../price-fragmentation... on Sep 2, 2023.