Thursday, May 25, 2023

ဆီးရီးယားနိုင်ငံအနေဖြင့် Arab League သို့ ပြန်ဝင်လာခြင်းနှင့် ပတ်သက်၍ ဘာတွေ သိထားသင့်သလဲ



ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် တွင်ကျင်းပခဲ့သည့် အာရပ်နိုင်ငံများတွေ့ဆုံမှုတွင် ဆီးရီးယားအရေးကိစ္စနှင့် ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းပါးသော်လည်း ယခုအခါ လာမည့် Arab ညီလာခံတွင် ဆီးရီးယားနိုင်ငံ ပြန်လည်ပါဝင်လာတော့မည်ဖြစ်ပါသည်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့် ဆီးရီးယားနိုင်ငံအား ၂၀၁၁ ခုနှစ် မှစတင်၍ အာရပ်အဖွဲ့ချုပ်မှ အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းထားခဲ့ပါသည်။ မေလ ၁၉ ရက်နေ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ကျင်းပမည့် အာရပ်အဖွဲ့ချုပ်ညီလာခံတွင် ဆီးရီးယားနိုင်ငံအား ပြန်လည်လက်ခံပြီး သမ္မတ အာဆတ်အား ဖိတ်ကြားမည့်ကိစ္စကို မေလ ၇ ရက်နေ့က သဘောတူညီခဲ့ကြပါသည်။
အာဆတ်အနေဖြင့် ထိုသို့ အာရပ်အဖွဲ့ချုပ်တွင်ပြန်လည်လက်ခံခြင်းမှတစ်ဆင့် အနောက်အုပ်စုအတွင်း လက်ခံမှုရရှိရန် ကြိုးပမ်းနိုင်သည်ဟု မျှော်လင့်ထားပါလိမ့်မည်။ ထို့သို့ အာရတ်အဖွဲ့ချုပ်မှ ပြန်လည်လက်ခံခဲ့သော်လည်း အာဆတ်အစိုးရအနေဖြင့် စစ်ရာဇဝတ်မှုများကို တာဝန်ယူရန်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် လိုက်လျောမှုများပြုလုပ်ရန်၊ ၆ မီလီယံခန့်ရှိသည့် ပြည်ပသို့ထွက်ပြေးခိုလှုံနေသူများကို ပြန်လည်ခေါ်ယူရန် ဘာတစ်ခုမှ ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ဆီယီးယားနိုင်ငံတွင် လူဦးရေ ၂၂ မီလီယံရှိခဲ့သော်လည်း ပြည်တွင်းစစ်ကြောင့် နိုင်ငံသား ထက်ဝက်ခန့်က အိမ်နီးချင်းနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ရပါသည်။ အာဆတ်အနေဖြင့် မူးယစ်ဆေးဝါးနှင့်ဆိုင်သည့် အကျင့်ပျက်ချစားမှုများအပြင် အီရန်နိုင်ငံနှင့် နီးကပ်စွာဆက်ဆံခြင်းဖြင့် နိုင်ငံကိုအုပ်ချုပ်ခဲ့ပြီး နိုင်ငံမှာ ဆင်းရဲတွင်းနက်ခဲ့ရပါသည်။ ထိုကဲ့သို့သော ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်းအား အာရပ်အဖွဲ့ချုပ်မှ ပြန်လည်လက်ခံရန် သံတမန်ရေးနည်းလမ်းအောင်မြင်ခြင်းသည် အခြားသော နိုင်ငံများအတွက် ပြဿနာတစ်ရပ်ပင်ဖြစ်ပါသည်။
ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်ပေးရန်မစွမ်းသာသောကြောင့် အာဆတ်အနေဖြင့် အာရပ်အဖွဲ့ချုပ်နှင့် ချမ်းသာသော ပင်လယ်ကွေ့နိုင်ငံများ၏ အကူအညီလိုအပ်ပါသည်။ အနောက်နိုင်ငံများနှင့် ပြန်ပေါင်းထုတ်ရန်ကလည်း လွယ်ကူသည့် ကိစ္စတစ်ခုမဟုတ်ပါ။ အရေးယူပိတ်ဆို့ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်နှင့် လိုအပ်သည့် ပစ္စည်းများတင်သွင်းရန် ကန့်သတ်ချက်ရှိပါသည်။ ပါရှန်ပင်လယ်ကွေ့နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမည့်သူများအဖို့လည်း ထိုကဲ့သို့သောအခက်အခဲများကြောင့် နေရောင်ခြည်စွမ်းအင်သုံးစက်ရုံအသေးတစ်ခု တည်ဆောက်ဖို့ပင် စိတ်ပျက်နေကြပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် အကယ်၍ ပိတ်ဆို့မှုများက အာဏာရှင်နိုင်ငံများကို ဖိအားပေးနိုင်ခြင်းမရှိသည်ထားဦး ၎င်းတို့ကို ဆက်လက်ရပ်တည်ရန် အခွင့်အရေးပေးမည်လားဟူသည့် မေးခွန်းထွက်ပေါ်လာပါသည်။
အာဆတ်အနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးထိန်းသိမ်းထားနိုင်သည်ဟု ဆိုနိုင်ပါသည်။ အယ်ဂျီးရီးယားနိုင်ငံက ဆီးရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့ခြင်းမရှိပါ။ အီဂျစ်နိုင်ငံက အချိန်ကာလတစ်ခုအထိဖြတ်တောက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဆက်ဆံရေးပြန်လည်စတင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင်လည်း အာဆတ်အနေဖြင့် UAE နိုင်ငံသို့ တရားဝင်သွားရောက်ခဲ့ပြီး ၁၁ နှစ်ကြာရပ်တန့်နေသည့် သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် မြေငလျင်ကလည်း ဆီးရီးယားနိုင်ငံအား သံတမန်ရေးအရ အားသာမှုရရန် ပံ့ပိုးပေးခဲ့သည့် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။
အထူးသဖြင့် ဒေသတွင်းနိုင်ငံအများစုက ဖြေလျော့ရေး (détente) ဘက်သို့ယိမ်းလာကြခြင်းကြောင့်ဖြစ်သည်။ ဆော်ဒီနိုင်ငံက အီရန်နှင့် သံတမန်ဆက်ဆံရေးပြန်စပြီး သံရုံးများပြန်ဖွင့်ရန် သဘောတူခဲ့သည်။ ဆီးရီးယားတွင် ကိုယ်စားစစ်ပွဲဖြစ်ပြီးနောက် ယီမင်အပါအဝင် အခြားနိုင်ငံများက မိမိတို့ပြည်တွင်းရေးကိုသာ ပိုမိုအာရုံစိုက်ခဲ့ကြသည်။ တူရကီနှင့် အီဂျစ် တို့ကလည်း ဆယ်စုနှစ်ချီ၍ အဆင်မပြေမှုများကို အဆုံးသတ်ဖို့ကြိုးစားခဲ့ကြသည်။ ပင်လယ်ကွေ့နိုင်ငံများနှင့် အာရေဘီယံကျွန်းဆွယ်ရှိ အိုမန်နိုင်ငံနှင့် ကုန်သွယ်ရေးရပ်ဆိုင်းသည့်ကိစ္စမှာလည်း ထင်သလောက်အရာမရောက်လှပါ။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ဆီးရီးယားနိုင်ငံနှင့် ပြန်ပေါင်းထုတ်ဖို့ ကြိုးစားလာကြသည်က ဆီးရီးယားနိုင်ငံ၏ သံတမန်ရေးအောင်မြင်လာရခြင်း၏ အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါသည်။
ဆီးရီးယားအနေဖြင့် ၎င်း၏ ပြည်ပနိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ကြသူများ အရေးကိစ္စနှင့်ပတ်သက်၍ အိမ်နီးချင်းများ၏ မကျေနပ်ချက်များရှိနေပါသည်။ ဆီရီးယားမှ ထွက်ပြေးခဲ့သည့်ဒုက္ခသည်များနေဖြင့် တစ်ချို့မှာချို့ငဲ့စွာနေထိုင်နေရပြီး တစ်ချို့မှာ အစိုးရမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ပြန်လည်တည်ဆောက်ရေး အကောင်အထည်မပေါ်မခြင်း နိုင်ငံသို့ ပြန်လိုသည့် ဆန္ဒမရှိကြပါသည်။အီရန်နိုင်ငံ၏ စစ်ရေးအထောက်အပံ့များကို နှစ်ပေါင်းများစွာမှီခိုခဲ့ရခြင်းကြောင့် အီရန်နှင့်ဆက်နွယ်နေသော အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ Hizbullah နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ အခြေချရာဖြစ်နေပါသည်။ ထိုအဖွဲ့များရှိနေခြင်းက အီရန်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှုမြင်နေသည့် ဆော်ဒီနှင့် ဂျော်ဒန်နိုင်ငံများအတွက်လည်း အဆင်မပြေမှုများရှိနေပါသည်။ ဆီးရီးယားပြည်သူများအနေဖြင့်လည်း သမ္မတအာဆတ်အနေဖြင့် ၎င်းကိုကာကွယ်ပေးထားသည့် အီရန်တပ်ဖွဲ့များကို ပြည်တော်ပြန်ရန် စွမ်းဆောင်နိုင်မည်ဟု မယုံကြည်ကြပါ။
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ချဲ့ကားဖော်ပြမှုတစ်ချို့ရှိနေသော်လည်း ဆီးရီယားအနေဖြင့် Captagon စိတ်ကြွဆေးထုတ်လုပ်ရာ အဓိကနေရာဖြစ်နေပါသည်။ UAE နိုင်ငံက ၂၀၂၀ ခုနှစ်အတွင်း ဆီးရီးယားနိုင်ငံမှ တင်သွင်းလာသည့် စိတ်ကြွဆေးပြားပေါင်း ၃၆ မီလီယံလောက် ဖမ်းဆီးရမိခဲ့ပြီး ဆော်ဒီနိုင်ငံက ၂၀ မီလီယံလောက်ဖမ်းဆီးရမိခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံအနေဖြင့်လည်း ၂၀၂၂ ခုနှစ်အတွင်း ၁၇ မီလီယံလောက် ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၀ ခုနှစ်က ၁.၄ မီလီယံထက်စာလျင် အရေအတွက်များစွာ တက်လာခဲ့ပါသည်။ လက်နက်မှောင်ခိုများနှင့် ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်များလည်း သေဆုံးမှုရှိခဲ့ပါသည်။
ပြည်တွင်း ငွေကြေးဖောင်းပွမှုသည်လည်း ၁၀၀ ရာခိုင်းနှုန်းကျော်နေပါသည်။ လွန်ခဲ့သည့် ၁၂ နှစ် စစ်မဖြစ်ခင်က တစ်ဒေါ်လာလျှင် ဆီးရီးယားပေါင် ၅၀ ရှိခဲ့ရာမှ ယခုအခါ မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၈,၇၀၀ ပေါက်ဈေးရှိနေပါသည်။ ဆီးရီးယား၏ တရားဝင်ကုန်သွယ်မှုမှာ စစ်မဖြစ်ခင်က ၁၁ ဘီလီယံရှိခဲ့ရာမှ ယခု ၁ ဘီလီယံသာရှိပါသည်။ အစိုးရအနေဖြင့်လည်း တစ်နေ့ကို နာရီပိုင်းသာ လျှပ်စစ်မီးပေးနိုင်ပါသည်။ ရုရှားအနေဖြင့် ၂၀၁၂ ခုနှစ်က ဆီးရီးယားအစိုးရအား ကာကွယ်ရန် တပ်ဖွဲ့ထောင်နှင့်ချီစေလွှတ်ခဲ့ပြီး ဒါဇင်နှင့်ချီသော လေယာဉ်များထောက်ပံ့ပေးခဲ့ပါသည်။ ထိုအရာများက ဆီးရီးယား၏ ပျက်စီးမှုများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အတွင်းတွင်လည်း ရုရှားက ဒေါ်လာဘီလီယံချီတန်သည့် ဓာတ်အားပေးစက်ရုံများ၊ ကုန်သွယ်ရေးဇုံများနှင့် ရထားလမ်းစီမံကိန်းများကို ကတိပြုခဲ့သော်လည်း ယခုအချိန်ထိ ဆီးရီးယားနိုင်ငံကို ပြန်လည်မကုစားနိုင်သေးပါ။ ဆီးရီးယားတွင်တိုက်ခိုက်ပေးနေသည့် ရုရှား ပုပ္ပလိက လုံခြုံရေးတပ်ဖွဲ့ ဖြစ်သည့် Wagner Group သည်လည်း ဆူဒန်စစ်တပ်နှင့် တိုက်ခိုက်နေသည့် Hemedti အဖွဲ့ကိုကူညီပေးနေရပြီး ဆူဒန်ရှိ ရွှေတွင်းများကို ကာကွယ်ရန် အာရုံစိုက်နေရပါသည်။ နောက်ပိုင်းတွင် ရုရှားအနေဖြင့် ယူကရိန်းစစ်ပွဲအတွင်း နစ်မြုပ်နေပြီး ၎င်းကိုယ်တိုင်ပင် အခက်အခဲများနှင့် ကြုံနေရသည့်အတွက် ဆီးရီးယားနိုင်ငံပြန်လည်တည်ဆောက်ရေးကို ထိရောက်စွာ အာရုံမစိုက်နိုင်တော့ပါ။
ထို့ကြောင့် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်နိုင်ရန် အနောက်နိုင်ငံများ၏ ငွေကြေး အကူအညီလိုပါသည်။ ပင်လယ်ကွေ့နိုင်ငံများအနေဖြင့်လည်း နိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်ကောင်းစွာရမည်ဆိုလျှင် ကူညီပေးကောင်းပေးနိုင်ပါသည်။ အမေရိကန်အနေဖြင့်တော့ ကူညီရန်ဆန္ဒရှိသည်ကို မတွေ့ရပါ။ မေလ ၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်အနေဖြင့် ဆီးရီးယားအစိုးရကို အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် အခြားနိုင်ငံများနှင့် ပုံမှန်အခြေအနေပြန်ဖြစ်နေမှုကိုလည်း ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ EU အနေဖြင့်လည်း တင်းမာသည့်သဘောထားပြောင်းလဲပုံမရသေးပါ။ အချို့သော EU အလယ်ပိုင်းနှင့်တောင်ပိုင်းနိုင်ငံများကတော့ ဒုက္ခသည်များအရေးဖြေရှင်းလိုသောကြောင့် ဆက်ဆံရေးပြန်လည် စတင်လိုကြပါသည်။
သို့သော်လည်း လိုက်ကာနောက်ကွယ်တွင်တော့ အမေရိကန်က ဆီးရီးယားနှင့် ပြန်လည်ဆက်ဆံရန် မီးဝါပြခဲ့သည်ဟု အာရပ်သံတမန်များကဆိုပါသည်။ ကြိုးစားကြည့်ပြီး တစ်ခုခုပြန်ရအောင်ဆောင်ရွက်မည်ဟု ဆိုသည်။ အမေရိကန်အနေဖြင့် အာဆတ်အစိုးရကို အသိအမှတ်ပြုလိုက်ပါက မူးယစ်ဆေးဝါးတရားဝင်ရောင်းခွင့်ပြုလိုက်သလို ဖြစ်သွားမည်ကိုစိုးရိမ်နေသည်။ အာရပ်ခေါင်းဆောင်များကတော့ အမေရိကန်၏ နည်းလမ်းက အနာနှင့်ဆေးလွဲနေသည်ဟုဆိုသည်။ သူတို့က မူးယစ်ဆေးဝါးကို ရပ်တန့်လိုလျှင် အာဆတ်အစိုးရနှင့် ဆက်ဆံသင့်ပြီး တိုးတက်လျှင်တိုးတက်သလောက် ဆီးရီးယားအား လိုက်လျောမှုပြုလုပ်နိုင်သည်ဟု ဆိုကြသည်။
တစ်ချိန်တည်းတွင် နောက်အုပ်စုအနေဖြင့် လက်တွေ့မကျသည့် မူဝါဒတစ်ရပ်လည်းရှိနေသည်။ အမေရိကန်က အာဆတ်အစိုးရအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၅၄ ကိုလိုက်နာပြီး အပစ်ရပ်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးရန်နှင့် လွတ်လပ်သည့်ရွေးကောက်ပွဲ ကျင်းပရန် လိုလားနေသည်။ သို့သော်လည်း အာဆတ်အနေဖြင့် ဆီးရီးယားနိုင်ငံအား မူးယစ်ဆေးဝါးနိုင်ငံ (naco-state) ဖြစ်လာစေရန် ဆန္ဒရှိလိမ့်မည်မဟုတ်သော်လည်း ၁၉၇၁ ခုနှစ်ကစပြီး အာဏာရှင်နိုင်ငံဖြစ်ခဲ့သည့် ဆီးရီးယားနိုင်ငံအား ပြုပြင်ပြောင်းလဲလိုသော ဆန္ဒရှိပုံမရပါ။ အာရပ်နိုင်ငံများကတော့ အာဆတ်အား ဖယ်ကျဉ်ထားမှုက အလုပ်မဖြစ်ခဲ့သဖြင့် ပြန်လည်ဆက်ဆံရေးက အောင်မြင်နိုင်သည်ဟု အကောင်းမြင်နေကြပါသည်။
(မှတ်ချက်။ ဆီးရီးယားနိုင်ငံနှင့် ၎င်း၏ပြန်လည်အောင်မြင်လာသည့် သံတမန်ဆက်ဆံရေးအား အနောက်အုပ်စု၏ ရှုထောင့်မှသုံးသပ်ရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည်။ Myanmar Aspect အနေဖြင့် ဆီးရီးယားနိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် အချက်အလက်နှင့် ဥပမာများကို သတင်းစကားပါးလိုခြင်းဖြစ်ကြောင်း ပန်ကြားအပ်ပါသည်။)
Myanmar Aspect
27052623