Wednesday, October 18, 2023

တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသော BRI ဖိုရမ်နှင့် ပြောင်းလဲလာသော မူဝါဒများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 

May be an image of 1 person and text that says 'NIKKEI Asia World Trending Business Markets Tech Politics Economy Features Opinion Life Arts Podcas BELT AND ROAD Belt and Road Forum kicks off with Xi Jinping to lay out new pitch Infrastructure spree largely met Beijing's key goals but at crossroads 023OBRF BRF OBBE Ûs for the Road Forum inBeijing Oct. 16. China celebrating 10 years President Xi Jinping's global infrastructure initiative. Reuters'

နိဒါန်း
သမ္မတ ရှီကျင့်ဖျင် အနေဖြင့် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)နှင့်ပတ်သက်သည့် ပြောင်းလဲလာသော မူဝါဒများ၊ ယခင်ဆောင်ရွက်ခဲ့သော BRI စီမံကိန်းနှင့် ပတ်သက်သည့် အကျိုးအပြစ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ကျင်းပမည့် ပိုးလမ်းမ စီမံကိန်း(Belt and Road Initiative-BRI)၏ (၁၀)နှစ်ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က BRI ၏ ယခင်နှင့် အနာဂတ်လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် ၎င်း၏အမြင်များကို ထုတ်ဖော် သွားရန်စီစဉ်ထားပါသည်။ ရှီကျင့်ဖျင်အနေဖြင့် ဖိုရမ်၏ ဒုတိယနေ့တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားပါသည်။ အခြားသောကမ္ဘာ့နိုင်ငံအကြီးအကဲများအပြင် မိတ်ဖက်ဆက်ဆံရေးတွင် အကန့်အသတ်မရှိကြောင်း ပြသလိုသည့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် သည်လည်း ဖိုရမ်သို့ တက်ရောက်ခဲ့ပါသည်။
လေ့လာသုံးသပ်သူများက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် BRI စီမံကိန်းများနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်နေစဉ်တွင် အဆိုပါ အခမ်းအနား ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ BRI ကို ရှီကျင့်ဖျင် တရုတ်နိုင်ငံ သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဆောင်းဦးရာသီတွင် စတင် ခဲ့ခြင်းဖြစ်ကာ ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ဓာတ်အားပေး စက်ရုံများအပြင် အာရှမှအာဖရိကသို့ ဖြန့်ကြက်ထားသည့် အခြားသောစီမံကိန်းများကို စတင်ဖော်ဆောင်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ရှုထောင့်မှကြည့်လျှင် BRI သည် ၎င်း၏မူလရည်မှန်းချက် ၂ ရပ်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်ဟုယူဆနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သုတေသန ပညာရှင် Ammar Malik ကပြောကြားခဲ့ပါသည်။ ပထမရည်မှန်းချက်သည် ပြည်တွင်း၌ ဆောင်ရွက်၍ ပိုလျှံသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးစွမ်းရည်များကို ပြည်ပ၌ အသုံးချရန်ဖြစ်ပြီး ဒုတိယရည်မှန်းချက်သည် BRI တွင် ပါဝင်သည့်နိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်လွှမ်းမိုးနိုင်မှုနှင့် ဩဇာအရှိန်အဝါကို တည်ဆောက် နိုင်ရန်ဖြစ်ပါသည်။ တရုတ်အစိုးရဘက်မှ ထုတ်ဖော်ပြောကြားချက်များအရ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် BRI ၌ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံပေါင်း ၁၅၀ နှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းပေါင်း ၃၀ ရှိခဲ့ပြီး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
BRI အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံကိန်းနှင့်အတူ အခြားသော နိုင်ငံတကာမှ ငွေကြေးလိုအပ်နေသူများအတွက် ဘဏ္ဍာငွေလိုအပ်ချက်များကို ထောက်ပံ့ ကူညီပေးခဲ့သည်ဟုဆိုသော်လည်း ဝေဖန်သူများက ထိုနိုင်ငံများအနေဖြင့် အတိုးနှုန်း မြင့်တက်မှုများ၊ အခြားသော စီးပွားရေးပြဿနာများအပြင် ကြွေးမြီအခက်အခဲ (Debt Distress)ဖြင့် ကြုံတွေ့နေရသည်ဟူ၍ ထောက်ပြခဲ့ကြပါသည်။ BRI တွင် ပါဝင်သည့် နိုင်ငံအချို့၏ ကြွေးမြီအခက်အခဲများသည် လွန်ခဲ့သည့် ၈ နှစ်အတွင်း နှစ်ဆမြင့်တက်လာ ခဲ့ကြောင်း၊ ဇမ်ဘီယာ၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့သည် ကြွေးမြီမဆပ်နိုင်သည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရပါသည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် အချို့သောနိုင်ငံ များအား ကြွေးမြီထောင်ချောက်(Debt Trap)အတွင်း ကျရောက်အောင် ဆောင်ရွက် နေသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုလျက်ရှိပါသည်။
BRI စီမံကိန်းများ၏ သုံးပုံတစ်ပုံသည် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအန္တရာယ်၊ အကျင့်ပျက်ခြစားမှုနှင့် လုပ်သားအခွင့်အရေးချိုးဖောက်မှု စသည့်စိန်ခေါ်မှုများဖြင့် ရင်ဆိုင် နေရသည်ဟု ဆိုသည်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံ၏ East Coast Rail Link စီမံကိန်းသည် ကုန်ကျစရိတ်နှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ၂၀၁၈ ခုနှစ် မလေးရှား အစိုးရသစ်လက်ထက်တွင် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပြီး ရပ်ဆိုင်းခဲ့ရပါသည်။ BRI နှင့် ပတ်သက်သည့် ကမ္ဘာ့အခင်းအကျင်းသည်လည်း ပြောင်းလဲလျက်ရှိပြီး အစောပိုင်း နှစ်များအတွင်းက အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် ၏ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို ဆန့်ကျင်သည့် “အမေရိကန်ပထမ” “American First” ဆိုသည့် အယူအဆက နိုင်ငံအများစုကို တရုတ်နိုင်ငံနှင့် ပိုမိုပေါင်းစည်းဆောင်ရွက်စေရန် ဆွဲဆောင်မှုဖြစ်စေခဲ့ သည်ဟု နိုင်ငံရေးပညာရှင်တစ်ဦးက သုံးသပ်ခဲ့ပါသည်။
သို့သော် တရုတ်နိုင်ငံကိုယ်တိုင် စီးပွားရေးကျဆင်းမှုနှင့် ချေးငွေယူသည့်နိုင်ငံများ၏ ငွေကြေးပြန်လည်ပေးဆပ်နိုင်ရန် မသေချာမှုကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ BRI စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာခဲ့ပါသည်။ ဆောက်လုပ်ရေးစီမံကိန်းများနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်တွင် BRI စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၉၆ မီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၂၁ မီလီယံသို့ ကျဆင်းသွားခဲ့ပါသည်။ ၎င်းပမာဏသည် စတင်ထူထောင်ခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးဖြစ်လာခဲ့ပါသည်။ စီမံကိန်းဆောင်ရွက်မှုများ လျော့နည်းလာခြင်း အကြောင်းမှာ တရုတ်နိုင်ငံအနေဖြင့် စီမံကိန်းများဆောင်ရွက်မည့် နိုင်ငံများ၏ အခြေအနေကို လိုက်၍ ပိုမိုတင်းကျပ်သည့် ငွေကြေးမူဝါဒများကျင့်သုံးလာခြင်းနှင့် တရုတ်ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် တည်ငြိမ်မှုပျက်ယွင်းနေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ကို ချိန်ညှိဆောင်ရွက်နေရခြင်းများကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆယ်စုနှစ်တစ်ခုအကြာတွင် တရုတ်နိုင်ငံ၏ ကြီးမားသည့် အခြေခံအဆောက်အဦ တည်ဆောက်ရေးစီမံကိန်းများကို အလေးပေးဆောင်ရွက်နေရာမှ သေးငယ်ပြီးထိရောက်သော နည်းပညာကိုအခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုများ(Small and Beautiful Technology- Based Cooperation)ကို ပြောင်းလဲဆောင်ရွက်လာသည်ဟု ယူဆရပါသည်။ သန့်စင်သည့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး(Clean Energy Development)ကို ဦးစားပေးရန်အတွက် ရုပ်ကြွင်းလောင်စာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ရပ်တန့်သွားမည်ဟု ကတိပြုခဲ့ပါသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မူဝါဒရေးရာ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် BRI ၏ ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ရာတွင် ကြွေးမြီပြဿနာများကို ရှောင်ရှားနိုင်ရန်နှင့် ဒေသအတွင်း လိုအပ်ချက်များကို အခြေခံ၍ လုပ်ဆောင်သွားမည်ဟု ဆိုထားပါသည်။
သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက အတွေ့အကြုံများကြောင့် BRI ၏ စည်းရုံး ဆွဲဆောင်နိုင်မှုများနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများ ဆက်လက်ရှိနေပါသည်။ ယခုတစ်ပတ်တွင် ပြုလုပ်ခဲ့သည့် ဖိုရမ်ကို တက်ရောက်ရန် နိုင်ငံပေါင်း ၁၄၀ မှ ကိုယ်စားလှယ်များစေလွှတ်ခဲ့ပြီး ခေါင်းဆောင်များအနေဖြင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်အပြင် ဆာဘီးယား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင် များလည်းပါဝင်လာပါသည်။ ယခုနှစ် ဖိုရမ်သည် နိုင်ငံအကြီးအကဲ ဒါဇင်ခန့်သာ တက်ရောက် မည်ဟု မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ် BRI စုဝေးမှုတွင် နိုင်ငံ့ခေါင်းဆောင် ၃၅ ဦးထက်မနည်း တက်ရောက်ခဲ့ပါသည်။ ဤအချက်ကပင် BRI ၏ စည်းရုံးနိုင်မှုများ လျော့နည်းလာမှုလက္ခဏာအား ပြသနေကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ Belt and Road Initiative Forum ကို စတင်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ်၊ ယခု ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ် ကျင်းပနေခြင်းဖြစ်ပါသည်။ BRI ဖိုရမ်၏ အဓိကရည်ရွယ်ချက်မှာ ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းအခြေအနေများ၏ အားနည်းချက်၊ အားသာချက် များကို ဖော်ထုတ်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းများ၏ အလားအလာနှင့် ရည်ရွယ်ချက်များ၊ မူဝါဒများကို ချပြဆွေးနွေးညှိနှိုင်းရာ ကမ္ဘာလုံးဆိုင်ရာဖိုရမ်တစ်ခု အဖြစ်သတ်မှတ်နိုင်ပါသည်။ ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် BRI Forum ကို ကျင်းပနေပြီး ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိပါသည်။
ယခုဆောင်းပါးသည် BRI စီမံကိန်းများ၏ အားနည်းချက်များကို ထုတ်ဖော် ဝေဖန်ထားပြီး ပူးပေါင်းဆောင်ရွက်မှု ကျဆင်းလာသည်ဟူသော အယူအဆဘက်မှ ရပ်တည်ရေးသားထားခြင်းဖြစ်သည်။ BRI ခေါင်းစဉ်အောက်ရှိ နိုင်ငံများကို တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့နေမှုများအား Debt Trap (ငွေကြေးထောင်ချောက်) ဆင်နေသည်ဟု အနောက်အုပ်စုက ဝေဖန်ပြောဆိုမှုများပြုလုပ်နေသည်ကို တွေ့ရှိရပြီး[2] အချို့နိုင်ငံများသည်လည်း အမှန်ပင် ချေးငွေပြန်ဆပ်ရန် အခက်အခဲများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။[3] သို့သော်လည်း ထိုကဲ့သို့ ငွေကြေးပြန်ဆပ်ရန်ခက်ခဲခြင်းသည် တရုတ်နိုင်ငံ၏ BRI စီမံကိန်းကြောင့်လော၊ လက်ခံနိုင်ငံ၏ ပင်ကိုယ်သဘာဝအရပင် အကျင့်ပျက်ခြစားမှုများနှင့် စီးပွားရေးကဏ္ဍအားနည်းခြင်းကြောင့်လော ဟူသည်မှာ ရှင်းလင်းခြင်းမရှိသေးသည့် ကိစ္စဖြစ်ပါသည်။
သို့သော်လည်း ထိုသို့ဝေဖန်ခံရမှုများနှင့် အားနည်းချက်တစ်ချို့ကြောင့်ပင် တရုတ်နိုင်ငံ အနေဖြင့် BRI နှင့်ပတ်သက်သော မူဝါဒများကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး သေးငယ်၍ ထိရောက်သော နည်းပညာမြင့်ပူးပေါင်းဆောင်ရွက်မှုများကို လက်ခံနိုင်ငံ၏ လိုအပ်ချက်နှင့် ကြွေးမြီပြန်ဆပ်နိုင်မှုအခြေအနေပေါ်တွင်မူတည်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်ကို တွေ့ရသည်။
တရုတ်နိုင်ငံ၏ BRI စီမံကိန်းများကို တန်ပြန်ရန်အတွက် အမေရိကန်နိုင်ငံ အနေဖြင့်လည်း Indo-Pacific Economic Framework-IPEF ၊ ဥရောပသမဂ္ဂအနေဖြင့်လည်း Global Gateway စီမံကိန်းနှင့် မကြာသေးမီက အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ် ခဲ့သည့် G-20 မှ ပေါ်ထွက်လာခဲ့သည့် India-Middle East Economic Corridor-IMEEC ဖြင့်လည်း တရုတ်နိုင်ငံ၏ BRI ကို တန်ပြန်ရန် အစီအစဉ်များဆောင်ရွက်နေကြပါသည်။ သို့ရာတွင် နိုင်ငံပေါင်း ၁၅၀ ပါဝင်ပြီး ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ခဲ့သည့် BRI သည် လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးနီးပါးအထိ လွှမ်းခြုံထား နိုင်သည့် အနေအထားရှိနေပြီး BRI ဖိုရမ်ကဲ့သို့သော တွေ့ဆုံညှိနှိုင်းမှုများမှတစ်ဆင့် မူဝါဒအဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် အခြေအနေအချိန်အခါအရ အရေအတွက်ကိန်းဂဏန်းအားဖြင့် လျော့နည်းသွားနိုင် သော်လည်း အရည်အသွေးနှင့် အဆင့်အတန်းအားဖြင့် ပိုမိုကျစ်လျစ်အောင်မြင်သည့် ဘက်သို့ ရောက်ရှိလာနိုင်သည်ဟု ယူဆရပါသည်။ ထို့ကြောင့် BRI စီမံကိန်းတွင် ပါဝင်နေသည့် နိုင်ငံငယ်များအနေဖြင့် ပြောင်းလဲလာသော မူဝါဒများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး နှစ်ဦးနှစ်ဘက် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးနိုင်ရေးသည်ပင် သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
132101923
[1]။ CK TAN.“ Belt and Road Forum kicks off with Xi Jinping to lay out new pitch”. Nikkei Asia, 17 October 2023, [https: // asia.nikkei.com/ Spotlight/ Belt-and-Road/ Belt-and-Road-Forum-kicks-off-with-Xi-Jinping-to-lay- out- new-pitch]
၂။ Alain Tao.“Beyond the Narrative of China’s Debt Trap Diplomacy.” E-International Relations, 2 Aug 2023, [https://www.e-ir.info/.../beyond-the-narrative-of-chinas.../]
၃။ CHULANEE ATTANAYAKE.“Sri Lanka’s Economic Crisis: Lessons for those in China’s Debt.” Observe Research Foundation, 2 March 2023, [https://www.orfonline.org/.../sri-lankas-economic-crisis//]

Like
Comment
Send