Monday, May 22, 2023

ဒေသတွင်း၌ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ် ချဉ်းကပ်နေသည့် ပုံစံ (၃) မျိုး

 

နိဒါန်း
လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် ဒေသတွင်းနိုင်ငံရေးအခင်းအကျင်း အပေါ် သက်ရောက်မှုများစွာရှိနေသောကြောင့် ဒေသတွင်း၌ မြန်မာ့အရေးကိစ္စအပေါ် ချဉ်းကပ်မှုပုံစံ ၃ မျိုးဖြင့် ချဉ်းကပ်ဆောင်ရွက်နေသိသည်ကိုတွေ့ရသည်။ အဆိုပါ ချဉ်းကပ်မှုပုံစံ ၃ မျိုးအား အပြန်အလှန်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန် အကြံပြုထားသည့် အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
ပထမချဉ်းကပ်မှုပုံစံ၌ အာဆီယံလမ်းစဉ်(The ASEAN WAY) ဖြစ်ပါသည်။ မေလအတွင်း ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးမှ စာမျက်နှာ ၂၅ မျက်နှာပါဝင်သည့် အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြစ်ပေါ်လာမှု၊ အာဆီယံ၏ တူညီဆန္ဒ ၅ ရပ်၊ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအ
ကူအညီများပေးအပ်မှုတို့နှင့် စပ်လျဉ်းသော အချက်အလက်များ ကိုသာ ထုတ်ပြန်ထားပြီး နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ရှိ/မရှိကိုမူ ဖော်ပြထားခြင်းမရှိပါ။ လက်ရှိအချိန်ထိလည်း အာဆီယံသည် မြန်မာ့အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၏ တူညီဆန္ဒ ၅ ရပ်အား အဓိကကိုးကားချက်အဖြစ် လက်ကိုင် ထားပါသည်။ ထို့ပြင် အာဆီယံ၏လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်မည့်ယာဉ်တန်းအား မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၌ တိုက်ခိုက်ခံခဲ့ရ သော်လည်း အာဆီယံအနေဖြင့် နောက်ဆုံးထုတ်ပြန်ချက်တွင် အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရှုတ်ချမှုမပြုလုပ်ဘဲ နောက်ပိုင်းမှသာ သီးခြားထုတ်ပြန်၍ ရှုတ်ချမှုပြုလုပ် ခဲ့သည်ဟု ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အတွင်း၌ လက်ရှိမြန်မာနိုင်ငံ အစိုးရ၏ တူညီဆန္ဒ ၅ ရပ်နှင့်စပ်လျဉ်းသော တိုးတက်မှုမရှိခြင်းကို ထည့်သွင်းဖော်ပြ ထားခြင်းမရှိပါ။ ထို့ပြင် လက်ရှိအချိန်ထိ အာဆီယံ၏ မြန်မာ့အရေးကိစ္စအပေါ် ထိရောက်စွာဖြေရှင်းနိုင်မှုမရှိခြင်းသည် အချက် ၂ ချက်အပေါ်တွင် မူတည်နေသည်ဟုဆိုပါသည်။ ပထမအချက်သည် အာဆီယံ၏ ဖွဲ့စည်းပုံဆိုင်ရာ ကန့်သတ်ချက်ကြောင့်ဖြစ်ပြီး ဒုတိယ အချက်သည် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပါသည်။ ထို့ပြင် ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၏ သတင်းမှတ်တမ်းပေါက်ကြားမှုအချို့ အရ အာဆီယံအဖွဲ့ဝင်အချို့သည် မြန်မာနိုင်ငံအား ထိပ်သီးအစည်းအဝေးများသို့ ပြန်လည်ဖိတ်ကြားလိုသည့် သဘောထားရှိသော်လည်း အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့ကမူ အဆိုပါမူဝါဒကို လက်မခံကြကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေးမှ လွဲ၍ ကျန်ရှိနေသောအာဆီယံအစည်းအဝေးများသို့ တက်ရောက်နေပါသည်။ အာဆီယံ၏ ထိုကဲ့သို့ ချဉ်းကပ်မှုပုံစံကြောင့် ပြင်ပလေ့လာသူများ၊ NUG နှင့် PDF အဖွဲ့အစည်း များကို စိတ်ပျက်စေသည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါချဉ်းကပ်မှုပုံစံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ မြန်မာ့အရေးအပေါ် စိတ်ဝင်စားမှု ပိုမိုအားနည်းလာနိုင်ပြီး အခြားသော ဒေသတွင်းပြဿနာများဖြစ်သည့် အင်ဒို-ပစိဖိတ် အငြင်းပွားမှုကဲ့သို့သော ပြဿနာများ အပေါ် ပိုမိုစိတ်ဝင်စားလာနိုင်ပါသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အာဆီယံ၏ မြန်မာ့အရေးအပေါ် ချဉ်းကပ်မှုပုံစံသည် ပိုမိုငြိမ်သက်သွားနိုင်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယချဉ်းကပ်မှုပုံစံ၌ အင်ဒိုနီးရှားလမ်းစဉ်(Indonesian Way) ဖြစ်ပါသည်။ မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno က အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့အရေးကိစ္စတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသော ဇာတ်ကောင်များဖြစ်သည့် လက်ရှိမြန်မာနိုင်ငံ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NUG အဖွဲ့တို့ အပြင် အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့်ပါ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် နောက်ကွယ်မှတိတ်တဆိတ် ကြိုးပမ်းနေသည်ဟု ပြောကြားထားသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးကိစ္စကို ကိုင်တွယ် နိုင်ရန် ၎င်း၏အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကိုအသုံးပြုကာ အထူးသံတမန်ရုံး(Special Envoy’s Office)တစ်ခုဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း ဖော်ပြ ထားသည်။
သို့သော်လည်း အဆိုပါအထူးသံတမန်ရုံးသည် အာဆီယံအဆင့်ရှိသော ရုံးတစ်ခု မဟုတ်သောကြောင့် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့် လာအိုနိုင်ငံမှ အဆိုပါရုံးခန်းအား ဆက်လက်ထားရှိမှု ရှိ/မရှိမှာ မရှင်းလေးသေးသည့် ကိစ္စဖြစ်သည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲစတင်ဖြစ်ပေါ်သည့် ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံ၏ မြန်မာ့အရေးအပေါ် ကိုင်တွယ်မှုနှင့်စပ်လျဉ်း၍ အထူးသံတမန်ရုံး ဖွင့်လှစ်မှုသည် ချဉ်းကပ်မှုပုံစံအသစ်တစ်ခုကို ပုံဖော်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်သည့်ကာလတွင် အာဆီယံ၏ မြန်မာ့အရေး အပေါ် ကိုင်တွယ်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုရှိသည်ဟု ဆိုထားပါသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ မြန်မာ့အရေးအပေါ် ပွင့်လင်းမြင်သာမှုမရှိဘဲ နောက်ကွယ်မှ တိတ်တဆိတ် ဆောင်ရွက်နေသည့် ချဉ်းကပ်မှုပုံစံ(Indonesian Way)မျိုးသည် အခြားသော ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်မှုသည် အာဆီယံ၏ တူညီဆန္ဒ ၅ ရပ်နှင့် ကိုက်ညီမှုရှိ/မရှိကို မသိနိုင်သည့် အပြင် အင်ဒိုနီးရှားနိုင်ငံ၏ လမ်းစဉ်တွင်လည်း ကန့်သတ်ချက် များစွာရှိနေကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကာလအတွင်း အာဆီယံ၏အစီအစဉ်များအပေါ် မြန်မာ့အရေးကိစ္စလွှမ်းမိုးမည်ကို စိုးရိမ် လျက်ရှိပါသည်။ ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ Jokowi က မြန်မာ့အရေးကိစ္စကြောင့် အာဆီယံ၏ အစီအစဉ်တစ်ခုဖြစ်သည့် အာဆီယံအသိုက်အဝန်း (ASEAN Community) တည်ဆောက်ရေးကို မနှောင့်နှေး စေလိုဟု ပြောကြားခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားပြည်သူအများစု စိတ်ဝင်စားသည့် မြန်မာ့အရေးကိစ္စသည် ဘင်္ဂါလီပြဿနာသာဖြစ်ပြီး ကျန်ကိစ္စများကိုမူ စိတ်ဝင်စားမှု အားနည်းနေပါသည်။ သမ္မတ Jokowi ၏ သက်တမ်းသည်လည်း ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် မြန်မာ့အရေးကိစ္စနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းမှုများသည် အနာဂတ်တွင် အားနည်းလာနိုင်သည်ဟု ဖော်ပြထားပါသည်။
တတိယအချက်၌ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲဆောင်ရွက်နေသည့် တတိယ မဏ္ဍိုင်(Third Pole)အဖွဲ့၏ ချဉ်းကပ်မှုပုံစံဖြစ်ပါသည်။ အဆိုပါအဖွဲ့သည် မြန်မာ့အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပထမအကြိမ်အစည်းအဝေးအား မတ်လ ၁၃ ရက်နေ့၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးအား ဧပြီလ ၁၅ ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရအရာရှိကြီးများ၊ ပညာရှင်များအသီးသီးတက်ရောက်ခဲ့ကြသည့် အပြင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ပါသည်။ သို့သော်လည်း အဆိုပါအစည်းအဝေးများသို့ NUG အဖွဲ့အစည်းအား ဖိတ်ကြားခြင်းမရှိပါ။ အဆိုပါ အဖွဲ့၏ ချဉ်းကပ်မှုပုံစံသည် “Track 1.5” ချဉ်းကပ်မှုပုံစံမျိုးဖြစ်ပြီး “Track 1.5” သည် “Track 1” နှင့် “Track 2” သံခင်းတမန်ခင်းကို ပေါင်းစပ်ထားသော ချဉ်းကပ်ပုံစံမျိုး ဖြစ်ပါသည်။ “Track 1” သံခင်းတမန်ခင်းသည် တရားဝင်အစိုးများအကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးသည့် ပုံစံမျိုးဖြစ်ပြီး “Track 2” သည် အစိုးရမဟုတ်သည့် ပညာရှင်များ၊ လေ့လာသူများ၊ အရပ်ဘက်အဖွဲ့အစည်းများကြား အပြန်အလှန်ညှိနှိုင်းဆွေးနွေးသည့် ပုံစံမျိုးဖြစ်ပါသည်။
သတင်းမီဒီယာအချို့အရ အဆိုပါအစည်းအဝေး၌ အကြမ်းဖက်မှုလျှော့ချရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများပံ့ပိုးရေး၊ တွေ့ဆုံဆွေးနွေးနိုင်မည့်နေရာများ ဖန်တီးရေး ဆိုသည့်အချက်များကို ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေး၌ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နှင်းရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သဘောတူညီခဲ့ခြင်းသည် လက်ရှိမြန်မာနိုင်ငံအစိုးရနှင့် တချို့သောကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်လိုသည့်သဘောရှိသည်ကို ပြသနေခြင်းဖြစ်ပါသည်။ အဆိုပါ “Track 1.5”ချဉ်းကပ်မှုသည် အာဆီယံ၏ မြန်မာ့အရေးအပေါ် ကိုင်တွယ်မှုအားနည်း ခြင်းကြောင့် ဖြစ်ပေါ်လာသော ချဉ်းကပ်မှုပုံစံဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့်စပ်လျဉ်းသော အကျိုးစီးပွားကို အဓိကအလေးပေးချဉ်းကပ်မှုပုံစံမျိုးဖြစ်သည့် အပြင် လက်ရှိမြန်မာနိုင်ငံအစိုးရနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မည့် ပုံစံမျိုးလည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါချဉ်းကပ်မှုပုံစံသည် အာဆီယံတူညီဆန္ဒ ၅ ရပ်တွင်ပါရှိသည့် အားလုံး ပါဝင်သော ဆွေးနွေးညှိနှိုင်းမှုပုံစံမျိုးမဟုတ်ဘဲ တစ်ဖက်သတ်ညှိနှိုင်းမှု ပုံစံမျိုး ဖြစ်သောကြောင့် အဆိုပါ “Track 1.5” ချဉ်းကပ်မှုပုံစံသည် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် အာဆီယံအနေဖြင့် အဆိုပါ သဘောထားကွဲလွဲမှုများကို အရင်ဆုံးဖြေရှင်းသင့်ပြီး အထက်တွင်ဖော်ပြခဲ့သော ချဉ်းကပ်မှုပုံစံ ၃ မျိုးဖြစ်သည့် အာဆီယံလမ်းစဉ်(ASEAN Way)၊ အင်ဒိုနီးရှားလမ်းစဉ်(Indonesian Way) နှင့် “Track 1.5” တို့ကိုသာ အပြန်အလှန် ချိတ်ဆက်မှုရှိရှိဆောင်ရွက်ပါက မြန်မာ့အရေးကိစ္စအား ထိရောက်စွာ ကိုင်တွယ်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲသည်ဒေသတွင်းနိုင်ငံရေးအခင်းအကျင်းအပေါ် သက်ရောက်မှုများစွာရှိနေပြီး ဒေသတွင်း၌ မြန်မာ့အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ချဉ်းကပ်မှုပုံစံ ၃ မျိုးဖြစ်သည့် အာဆီယံ လမ်းစဉ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသော အင်ဒိုနီးရှားလမ်းစဉ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲဆောင်ရွက်နေသည့် “Track 1.5” တို့ကို ပူးပေါင်းမှုမရှိဘဲ တစ်သီးတစ်ခြားစီ ဆောင်ရွက်နေသောကြောင့် အဆိုပါချဉ်းကပ်မှုပုံစံ ၃ မျိုးကိုသာ အပြန်အလှန်ချိတ်ဆက်မိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပါက မြန်မာ့အရေးကိစ္စကို ထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းကို အကြံပြု ရေးသားထားသည်ကို တွေ့ရသည်။ အာဆီယံအဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့် စုဖွဲ့ထားသည့် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်ခြင်း၊ အမေရိကန်နှင့် တရုတ်တို့ အားပြိုင်ရာ Geopolitical Pivot ဖြစ်လာခြင်းကြောင့် အာဆီယံအဖွဲ့၏ သဘောထားများမှာလည်း မတူကွဲပြားမှုများရှိနေမည်သာဖြစ်ပါသည်။ ထို့ကြောင့် မြွေမသေ၊ တုတ်မကျိုးအခြေအနေဖြင့်သာ ဆက်သွားနေနိုင်ပြီး မည်သည့်နည်းလမ်းဖြင့်ချဉ်းကပ်နေသည်ဖြစ်စေ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးသည်သာလျှင် အဆုံးအဖြတ် ပဓာနဖြစ်သည်ဟု ယူဆကြောင်းသုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
04052323