Tuesday, September 12, 2023

ဒေသတွင်းတင်းမာမှုများ မြင့်မားနေချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပခဲ့မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်-တရုတ် တင်းမာမှုများအကြား ရင်ဆိုင်နေရသည့် အကျပ်အတည်းများ၊ မြန်မာနိုင်ငံအရေးအား ကိုင်တွယ်ဆောင်ရွက်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
စက်တင်ဘာလ ၅ ရက်နေ့တွင် ဂျာကာတာမြို့၌ ကျင်းပသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသည် တောင်တရုတ်ပင်လယ်ရှိ နယ်မြေဆိုင်ရာ အငြင်းပွားမှုများနှင့် အမေရိကန်-တရုတ် တင်းမာမှုများမြင့်တက်နေသည့်ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီးရင်ဆိုင်နေရသည့် အကျပ်အတည်းများကို လျင်မြန်စွာဖြေရှင်း နိုင်ရန်မှာ အာဆီယံအဖွဲ့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အစည်းအဝေး ကျင်းပသည့် ၃ ရက်တာကာလအတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Fumio Kishida တို့ကဲ့သို့ ဩဇာကြီးသော ဒေသတွင်းခေါင်းဆောင်များ ပါဝင်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေး(EAS)အပါအဝင် အခြားအရေးကြီးသော အစည်းအဝေးများလည်း ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးပွဲများသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးချုပ်သစ် ဟွန်မာနက် အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် စတင် တက်ရောက်မည်ဖြစ်ပြီး ၎င်း၏သံတမန်ရေးရာ ပွဲဦးထွက်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၃။ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် သည် ယခုသီတင်းပတ်အတွင်း ဗီယက်နမ် နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် အလည်အပတ်သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သော်လည်း အာဆီယံနှင့်ဆက်နွှယ်သည့် အစည်းအဝေးများအား တက်ရောက်မည် မဟုတ်ပါ။ ၎င်းအစား အမေရိကန်နိုင်ငံဒုတိယသမ္မတ Kamala Harris က အမေရိကန် နိုင်ငံကိုယ်စားပြုအနေဖြင့် တက်ရောက်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအခြေစိုက် Think Tank ISEAS-Yusof Ishak Institute မှ အကြီးတန်းသတင်းအဖွဲ့ဝင် Sharon Seah က အာဆီယံထိပ်သီးအစည်းအဝေးသည် မူလက ခိုင်မာသော ရပ်တည်ချက်ရှိသည့်အနေအထားတွင်ရှိခဲ့ဖူးသော်လည်း ယခုအခါတွင် ဒေသတွင်းအခြားအစည်းအဝေးပွဲ များနှင့် အဖွဲ့ငယ်များသည်လည်း အာဆီယံအဖွဲ့နည်းတူ ဆောင်ရွက်လာနိုင်ခြင်းကြောင့် အာဆီယံအဖွဲ့၏ ဩဇာလွှမ်းမိုးမှုသည် လျော့နည်းလာသည်ဟု ဆိုခဲ့ပါသည်။ တရုတ် နိုင်ငံသည် ၎င်း၏ စီးပွားရေးအား အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နိုင်ရန် အခြေခံ အဆောက်အအုံလုပ်ငန်း ပရောဂျက်များတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ ၎င်း၏သြဇာကို တိုးမြှင့်နေချိန်တွင် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်အနေဖြင့်အာဆီယံနှင့်ဆက်နွှယ်သည့် အစည်းအဝေးများသို့ မတက်ရောက်ရန် ဆုံးဖြတ်ချက် ချခြင်းသည် အရှေ့တောင်အာရှဒေသအတွင်း အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍနှင့် အလေးထားမှုအပေါ် မေးခွန်းထုတ်ဖွယ်ရာဖြစ်ခဲ့ပါသည်။ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩစိတ်ပျက်ခဲ့သည်ဟု အကြီးတန်းသံတမန်တစ်ဦးက မှတ်ချက်ပြု ခဲ့ကြောင်း ဖော်ပြထားပါသည်။
အာဆီယံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်သည့် တရုတ် နိုင်ငံနှင့် ၎င်း၏ဆက်ဆံရေးကို ခိုင်မာမှုရှိစေရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ဩဇာကြီးထွားလာမှုကြောင့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါသည်။ တောင်တရုတ်ပင်လယ်ရေပိုင်နက်နှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံအချို့က ၎င်းတို့ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း တရုတ်နိုင်ငံက အဆိုပါရေပိုင်နက်အများစုကို ၎င်းကသာ ပိုင်ဆိုင်သည်ဟု အခိုင်အမာထုတ်ပြန်ခဲ့ပါသည်။ဤကဲ့သို့ အငြင်းပွားမှုများဖြစ်ပေါ်နေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏တရုတ်နိုင်ငံမြေပုံအသစ်အား တရားဝင်ထုတ်ပြန်ခဲ့ပြီး ယင်းမြေပုံတွင် ယခင်က နိုင်ငံတကာခုံရုံးမှ တရားဝင်ပယ်ချခဲ့သည့် အငြင်းပွားရေပိုင်နက်အများစု ပါဝင်သော “Nine-dash Line” နယ်နိမိတ်အား ထည့်သွင်းရေးဆွဲထားပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထဲမှ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရုတ်နိုင်ငံမှ ထုတ်ပြန်သည့် အဆိုပါမြေပုံအသစ်ကို ကန့်ကွက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့်မှစ၍ ၎င်းတို့အကြား တရားဝင်သဘောတူညီထားသည့် တောင်တရုတ်ပင်လယ် ကျင့်ထုံး ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။သုံးနှစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်နိုင်ရေး နှစ်ဖက်စလုံးက ဇူလိုင်လတွင် သဘောတူညီမှုရယူခဲ့ သော်လည်း နယ်မြေဆိုင်ရာ အငြင်းပွားမှုများကြောင့် ဖြေရှင်းဆောင်ရွက်ရမည့် ပြဿနာများ ကျန်ရှိနေပါသေးသည်။ ပထဝီဝင်နိုင်ငံရေးတင်းမာမှုနှင့် လုံခြုံရေးစိန်ခေါ်မှုများ တိုးမြင့် လာနေချိန်တွင် အာဆီယံသည် အကျပ်အတည်းများအကြား ၎င်း၏ဆုံးဖြတ်ချက် ချမှတ်ရေးလုပ်ငန်းစဉ်ကို ထိရောက်ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အာဆီယံပဋိညာဉ်စာတမ်းကို ပြင်ဆင်ရန် မလိုအပ်ဘဲ လွယ်ကူချောမွေ့စေမည့် စည်းမျဉ်းသစ်များကို ခေါင်းဆောင်များက ဆွေးနွေးကြမည်ဟု ဩဂုတ် ၂၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောကြားခဲ့ပါသည်။ လေ့လာသူအချို့က လက်ရှိတွင် အစည်းအဝေးသို့ နိုင်ငံ့အကြီးအကဲများ တက်ရောက်ခြင်းရှိ/မရှိ မသိရှိရသေးကြောင်းနှင့် အရေးကြီးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ရှင်းလင်းပြတ်သားသော လုပ်ငန်းစဉ် မရှိသေးဟု ဆိုပါသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိပါက အရေးပေါ်အခြေအနေ များ၌ပင် ၎င်းတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည့်အနေအထားတွင် ရှိမည်မဟုတ်ဟု သုံးသပ်ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ISEAS-Yusof Ishak Institute မှ Seah က လျင်မြန်စွာပြောင်းလဲနေသော ပထဝီဝင်နိုင်ငံရေးပြဿနာများသည် ဒေသအတွင်း တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်စစ်ဆင်နွှဲနေချိန် အမေရိကန်နိုင်ငံလွှတ်တော် ဥက္ကဋ္ဌဟောင်း Nancy Pelosi သည် ထိုင်ဝမ်သို့ အလည်အပတ်ခရီး သွားရောက်မှုမှာ ထိုင်ဝမ်အစိုးရအား ထောက်ခံကြောင်း ပြသသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား ဥပမာထား၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လျင်မြန်စွာပူးပေါင်းပြီး ထိရောက်သော တုံ့ပြန်မှုတစ်ရပ်ကို ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိ အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာမှု မြင့်မားလာနေသော အခြေအနေတွင် အာဆီယံအနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် သွက်လက်မှုရှိရန် လိုအပ်ကြောင်း၊ အာဆီယံ အနေဖြင့် အရေးကြီးသော အရေးကိစ္စများတွင် ASEAN Minus X ချဉ်းကပ်မှု[2]အား အသုံးပြုနိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ပါသည်။ ဤနည်းလမ်းဖြင့် ချဉ်းကပ်မှု ပြုပါက အာဆီယံနိုင်ငံအုပ်စုတစ်စုသည် ဆန္ဒမရှိသော၊ မပါဝင်နိုင်သော၊သို့မဟုတ် သဘောတူခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံတစ်ခု၊ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများအား ချန်လှပ်၍ သီးခြားလုပ်ဆောင်မှု၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုဖြင့် ရှေ့ဆက်သွားနိုင်ရန် ရွေးချယ် နိုင်သည့် သံတမန်နည်းဗျူဟာတစ်ခုကို ဆိုလိုပါသည်။ အင်ဒိုနီးရှားနိုင်ငံ Pelita Harapan တက္ကသိုလ်မှ ပါမောက္ခ Aleksius Jemadu က ဤအစီအစဉ်သည် အတိုင်းအတာ တစ်ခုအထိ တိုးတက်လျက်ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့၏ ကန့်ကွက်မှုများရှိနေခြင်းကြောင့် ကျင့်သုံးရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း ဖော်ပြထားပါသည်။
အရေးကြီးသော စိန်ခေါ်မှုများထဲတွင် တပ်မတော်မှ အာဏာထိန်းထားသည့် မြန်မာနိုင်ငံအခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပါသည်။ အာဆီယံ အနေဖြင့် မြန်မာ့တပ်မတော်နှင့် အတိုက်အခံများအကြား အကြမ်းဖက်မှုများ ချက်ခြင်း ရပ်တန့်၍ စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုသည့် တူညီဆန္ဒ ၅ ရပ်ကို အတည်ပြုခဲ့သော်လည်း နှစ်နှစ်ကြာအထိ တိုးတက်မှုအနည်းငယ်သာ ရှိသေးသည်ဟု ဆိုပါသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က အာဆီယံအနေဖြင့် တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်မှု ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်မှသာ အာဆီယံသည် စွမ်းအားအပြည့်ဖြင့် ရှေ့သို့ဆက်လက်ချီတက်နိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တိုးတက်မှုရရှိရန်ကြိုးပမ်းသည့်အနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံအပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်သည့်အဖွဲ့ဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ဇွန်လတွင် အလွတ်သဘော တွေ့ဆုံမှုပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ တို့သည် နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း အိမ်နီးချင်းနိုင်ငံများအား မြန်မာနိုင်ငံအစိုးရနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရာ၌ အချို့ကိစ္စများတွင် Informal နည်းလမ်းများကို ကျင့်သုံး၍ လိုက်လျောညီထွေ ဖြစ်စေ သင့်သည်ဟု ဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ် ထိပ်သီးအစည်းအဝေး၌ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် အင်ဒို- ပစိဖိတ်ဒေသတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများပါဝင်မည့် အာဆီယံအင်ဒို-ပစိဖိတ် ဖိုရမ်ကို ပထမဆုံးကျင်းပမည်ဖြစ်ပါသည်။ Marsudi က အခြားနိုင်ငံများသည် အင်ဒို-ပစိဖိတ် ဒေသတွင် လုံခြုံရေးကို အဓိကအာရုံစိုက်နေသော်လည်း လက်တွေ့ကျပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို အလေးထားလုပ်ဆောင်ရန်လည်း အရေးကြီးသည်ဟု ပြောကြား ခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါး၏ ဆိုလိုရင်းမှာ အာဆီယံခေါင်းဆောင်များ ညီလာခံနှင့် တိုက်ဆိုင်စွာ တရုတ်နိုင်ငံ၏ စံပြုမြေပုံထွက်ပေါ်လာခြင်းက အစည်းအဝေးအား သက်ရောက်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စအပါအဝင် အာဆီယံအဖွဲ့ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ ထိုသို့ ပြောင်းလဲ ရာတွင် အာဆီယံပဋိညာဉ်စာတမ်းကို ပြင်ဆင်ခြင်းမပြုဘဲ ဆောင်ရွက်နိုင်ရေး ချဉ်းကပ်ရန် နည်းလမ်းများ၊ ဥပမာအားဖြင့် ASEAN Minus X နည်းလမ်းကို ပထဝီဝင်နိုင်ငံရေး ပြဿနာများသည် ဒေသအတွင်း တိုက်ရိုက်သက်ရောက်မှုရှိခြင်းကဲ့သို့ အာဆီယံအနေဖြင့် လျင်မြန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ထားခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်သည့် တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများအပေါ်တွင် ၎င်း၏ဩဇာလွှမ်းမိုးမှုကိုချဲ့ထွင်နိုင်ရန် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေပြီး စီးပွားရေး တိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် ငွေကြေးဈေးကွက်ကိုလည်း ဖိအားများပေးလျက် ရှိသည်ကို တွေ့ရှိရပါသည်။[3]ဤသို့ ဒေသအတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေသည့်အချိန်တွင် အမေရိကန်နိုင်ငံသမ္မတအနေဖြင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အာဆီယံအစည်းအဝေးများကို ကိုယ်တိုင် မတက်ရောက်ဘဲ ဒုတိယသမ္မတကိုသာ တက်ရောက်စေခြင်းမှာ တရုတ်နိုင်ငံနှင့် ထိပ်တိုက် တွေ့နေသောနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဦးတည်နေပြီး အာဆီယံ အဖွဲ့အစည်းထက် Bilateral ဘက်သို့ အလေးထားနေခြင်းလည်းဖြစ်သည်ဟု ယူဆနိုင် ပါသည်။
ထို့ပြင် ASEAN Minus X ဟူသည့် မူဝါဒသည် အနောက်အုပ်စုနှင့် သဘောထား မတိုက်ဆိုင်သည့် နိုင်ငံများအား ဖယ်ထုတ်၍ မူဝါဒများချမှတ်နိုင်ရန် စတင်ပြင်ဆင် လာခြင်းဖြစ်ပါသည်။ ထူးခြားမှုတစ်ခုမှာ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် သမားရိုးကျမဟုတ်သည့် နည်းလမ်း Informal “Troika” Model အား အဆိုပြုလာသည်ကို တွေ့ရပြီး ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ ကျင့်သုံးခဲ့သည့်နည်းလမ်းဖြင့် သဘောတရားတူညီနေကြောင်းတွေ့ရှိရပါသည်။[4] ထိုသို့ တင်သွင်းလာခြင်းသည် လာမည့် ၂၀၂၄ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံက လွှဲပြောင်းလက်ခံမည်ဖြစ်သောကြောင့် အာဆီယံအဖွဲ့အစည်းကိုသာ မူတည်သည့် ချဉ်းကပ်မှုကို ကျင့်သုံးရပ်တည်မည် ဆိုပါက အင်ဒိုနီးရှားနိုင်ငံအပါအဝင် အနောက်အုပ်စု၏ မူဝါဒကို သံယောင်လိုက် နေသည့် နိုင်ငံများ၏ အခန်းကဏ္ဍလျော့ကျလာမည့်အရေးကို ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားမှုဖြစ်နိုင်သကဲ့သို့ ထိုင်းနိုင်ငံကျင့်သုံးခဲ့သည့် နည်းလမ်းအား ထွက်ပေါက် တစ်ခုအနေဖြင့် ထောက်ခံလာသည်ဟုလည်း ယူဆနိုင်ပါသည်။
ထို့ပြင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အလှည့်ကျ၊ ယခင်နှင့် နောင်အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံပါဝင်သော အကျပ်အတည်းကိုင်တွယ်ဖြေရှင်းရေးယန္တရားထူထောင်ရေးနှင့် မြန်မာနိုင်ငံအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရမည့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံအား အစားထိုးတာဝန်ထမ်းဆောင်ရေးအချက်များ ထုတ်ပြန်လာသည်ကို တွေ့ရှိရ ပါသည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်ဒေသဆိုင်ရာအဖွဲ့အစည်းအများနှင့် နှိုင်းယှဉ်လျင် တတိယတန်းစား‌နေရာတွင်သာရှိနေသောကြောင့် မိမိတို့ လိုအပ်သည့် Timing အတွင်း လိုအပ်သည့် အခင်းအကျင်းတစ်ခုကို ဖော်ဆောင်နိုင်ရန်သည်သာ ပဓာနဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
106091323
[1]။ Tsubasa Suruga, Ismi Damayanti, Nana Shibata,“ ASEAN Summit Begins as China's New Territorial Map Fuels Tensions”. Nikkei Asia. 5 September 2023 [https://asia.nikkei.com/ Politics/ International-relations/ Malaysia-India- and- Taiwan-reject-China-s-new-territorial-map/]-accessed on 6 September 2023.
[2]။ ASEAN Minus X ဆိုသည်မှာ အာဆီယံအဖွဲ့ဝင်အများစုမှ သဘောတူညီထားသော၊ သို့မဟုတ် ထောက်ခံထားသော မူဝါဒတစ်ခုအား အကောင်အထည်ဖော်ရန်အတွက် အခြားသဘောတူညီမှုမရှိသော အဖွဲ့ဝင်နိုင်ငံများကို ချန်လှပ်၍ မူဝါဒချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်နိုင်မည့် အစီအစဉ်ကို ဆိုလိုပါသည်။
[3]။ “China Is Speeding Up Infrastructure Bond Sales to Boost Spending”. Bloomberg. 31 August 2023 [https://www.bloomberg.com/.../china-speeds-up.../]-accessed on 6 September 2023.

[4]။ Ramon Royandoyan, Tsubasa Suruga,Ismi Damayanti,“ ASEAN To Engage Myanmar in 'Troika' Model to Cool Political Unrest”. Nikkei Asia. 6 September 2023 [https://asia.nikkei.com/Spotlight/ Myanmar-Crisis/ ASEAN-to-engage-Myanmar-in-troika-model-to-cool-political-unrest/]-accessed on 6 September 2023.