နိဒါန်း
Shangri-La Dialogue 2023 (SLD 2023)အား
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၄ ရက်နေ့အထိ
စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် အင်အားကြီး နိုင်ငံများ၏
ဆိုက်ဘာနှင့်နည်းပညာကဏ္ဍအားပြိုင်မှုများကြောင့်
ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို
ပိုမိုအလေးပေးဆွေးနွေးသွားမည်ဖြစ်ပါသည်။ ယခင်က ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၌ ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာလုံခြုံရေးအား သမားရိုးကျ
မဟုတ်သောလုံခြုံရေးကဏ္ဍတွင် ထည့်သွင်းခဲ့သော်လည်း
လက်ရှိအချိန်၌ အဆိုပါကဏ္ဍ များအား သမားရိုးကျလုံခြုံရေးကဏ္ဍတွင်ထည့်သွင်းလာပြီဖြစ်ပါသည်။
သို့သော်လည်း အာဆီယံအနေဖြင့်
၎င်းတို့၏ ADMM နှင့် ADMM-Plus အစည်းအဝေး များတွင်
ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍအား ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်
ထည့်သွင်းစဉ်းစားရမည့် အချက် ၃ ချက်ရှိကြောင်းကို သုံးသပ်ဖော်ပြပါမည်။
ဖော်ပြချက်
ပထမအချက်၌
နည်းပညာသစ်များ၏ စစ်မဟာဗျူဟာနှင့် စံနှုန်းများအပေါ် သက်ရောက်မှုအား ဖော်ပြထားပါသည်။ စစ်မဟာဗျူဟာအပေါ် သက်ရောက်မှုနှင့်
စပ်လျဉ်း၍ သမားရိုးကျစစ်ပွဲတစ်ပွဲတွင် စစ်အင်အားသာလွန်ခြင်းထက်
ပိုမိုဆန်းသစ်သည့် စစ်ဘက်ဆိုင်ရာနည်းပညာနှင့်
ဆိုက်ဘာတိုက်ခိုက်မှုတို့ကိုသာ အသုံးပြုပါက အဆိုပါ စစ်ပွဲတွင် အချိုးအစားမညီသည့်ရလဒ်များ ပေါ်ထွက်လာနိုင်ပြီး နည်းပညာသာသည့်
ဘက်မှပိုမိုအသာစီးရရှိမည်ဖြစ်သောကြောင့် လက်ရှိအသုံးပြုနေသည့်
စစ်မဟာဗျူဟာများ အပေါ်တွင် သက်ရောက်မှုများစွာရှိနိုင်ပါသည်။ စံနှုန်းများအပေါ်
သက်ရောက်မှုနှင့် စပ်လျဉ်း၍လည်း နိုင်ငံများသည် ၎င်းတို့၏ ဆိုက်ဘာနှင့်နည်းပညာကဏ္ဍ
ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက်
စစ်မြေပြင်အား စမ်းသပ်ကွင်းအဖြစ် အသုံးပြုလာနိုင်သောကြောင့် နိုင်ငံများလိုက်နာရမည့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေများနှင့်
စံနှုန်းများအပေါ်ပါ ထိခိုက်မှုရှိလာနိုင်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်၌
အာဆီယံအနေဖြင့် ကာကွယ်ရေးကဏ္ဍဆိုင်ရာ ပုဂ္ဂလိကပိုင် နည်းပညာကုမ္ပဏီများ၏အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန်လိုအပ်ဟု
ဆိုပါသည်။ ကာကွယ်ရေးကဏ္ဍ၌
ပုဂ္ဂလိကပိုင်နည်းပညာကုမ္ပဏီများပါဝင်ခြင်းသည် အရေးကြီးသော သတင်းအချက်အလက် ပေါက်ကြားမှုကို ဖြစ်ပေါ်စေနိုင်ပြီး စစ်ဆင်ရေး
ကိုပါ ထိခိုက်နိုင်ပါသည်။ အဆိုပါ ကုမ္ပဏီများနှင့်
နိုင်ငံများအကြားတွင်ရှိသော အကျိုး စီးပွားနှင့်
ရည်မှန်းချက်သည်လည်း တူညီမှုမရှိသည့်အပြင် အဆိုပါကုမ္ပဏီများ အခြေချသည့်
နိုင်ငံများ၏ နိုင်ငံရေးစနစ်နှင့် ဈေးကွက်စနစ်မှာလည်း မတူညီကြ သောကြောင့် နိုင်ငံများ၏ လုံခြုံရေးကဏ္ဍအပေါ် များစွာထိခိုက်နိုင်ပါသည်။
ထို့ကြောင့် နိုင်ငံများအနေဖြင့် ထိရောက်မှုရှိသည့် ဒီဂျစ်တယ်ကာကွယ်ရေး မဟာဗျူဟာကို
ဖော်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်၌
ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းမှုများ ပိုမိုများပြားလာမှုကို
ဖော်ပြထားပါသည်။ ဥပမာအားဖြင့် AUKUS မဟာမိတ်အဖွဲ့၏ ဒုတိယမဏ္ဍိုင်သည် အဖွဲ့ဝင်များအကြား
ဆိုက်ဘာ၊ ရေအောက်ဒရုန်း၊ AI နှင့် ဟိုက်ပါဆောနစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေတည်ထားခြင်းဖြစ်ပြီး
Chip 4 မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်မှာလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ
ကုန်သွယ် စီးဆင်းမှုကွင်းဆက် ခိုင်မာရေးနှင့် တရုတ်နိုင်ငံသို့
အဆင့်မြင့်နည်းပညာတင်ပို့မှုကို ပိတ်ပင်ရေးတို့ ဖြစ်ပါသည်။ ထို့ပြင်
တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း ၎င်းတို့၏ ဒီဂျစ်တယ်ကာကွယ်ရေးစနစ်
အားကောင်းစေရန် NATO Cooperative Cyber Defence
Centre of Excellence (CCDCOE) နှင့် ပူးပေါင်းဆောင်ရွက်နေကြပါသည်။ အကယ်၍ နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးအား အဖွဲ့လိုက်ဆောင်ရွက်ရသည့်
ကဏ္ဍတစ်ခုအဖြစ် မှတ်ယူလာပါက ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများအန္တရာယ်ကို
ကာကွယ် နိုင်ရန် မဟာမိတ်ဖွဲ့စည်းမှုသည် အလွန်ပင်အရေးကြီးလာပါသည်။ သို့သော်လည်း ထိုကဲ့သို့
မဟာမိတ်ဖွဲ့စည်းမှုသည် လက်ရှိနိုင်ငံတကာအခင်းအကျင်းအား
ပိုမိုရှုပ်ထွေးသွားနိုင်ပြီး နိုင်ငံတကာလုံခြုံရေးအခင်းအကျင်း၌ စိန်ခေါ်မှုများ
ကြီးထွားလာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မကြာမီကျင်းပမည့်
SLD 2023 ဆွေးနွေးပွဲတွင် ဆိုက်ဘာနှင့်နည်းပညာကဏ္ဍ
အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးမည် ဖြစ်သောကြောင့် အာဆီယံအဖွဲ့ဝင်များအတွက်
များစွာအကျိုးကျေးဇူးဖြစ်ထွန်းမည့် အပြင်
ADMM နှင့် ADMM-Plus အတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ အထူးသဖြင့် အာဆီယံ၏ ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍ
ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အချက် ၃ ချက်ဖြစ်သည့်
နည်းပညာသစ်များ၏ စစ်မဟာဗျူဟာနှင့် စံနှုန်းများအပေါ်
သက်ရောက်လာနိုင်မှု၊ ကာကွယ်ရေးကဏ္ဍဆိုင်ရာ ပုဂ္ဂလိကပိုင် နည်းပညာကုမ္ပဏီများ၏ အန္တရာယ်ရှိမှု၊ ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းခြင်း
များပြားလာမှုတို့အား ထည့်သွင်းစဉ်းစားလာကြသည်ကို တွေ့ရှိရသည်။
လက်ရှိအချိန်၌ နိုင်ငံများသည် ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ
လုံခြုံရေး ခြိမ်းခြောက်မှုအား သမားရိုးကျလုံခြုံရေးအဖြစ်
မှတ်ယူလာကြသောကြောင့် နိုင်ငံတကာ၊ သို့မဟုတ် ဒေသတွင်း လုံခြုံရေးအခင်းအကျင်းတွင်
ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းမှုများ ပိုမိုပေါ်ထွက်လာမည့်အလားအလာဖြစ်ပါသည်။
နည်းပညာ အင်အားကြီးနိုင်ငံများသည် မဟာမိတ်ဖွဲ့၍
ဆိုက်ဘာနှင့်နည်းပညာလုံခြုံရေး ပူးပေါင်း ဆောင်ရွက်လာသည်သာမက အင်အားအလယ်အလတ်ရှိသော နိုင်ငံများနှင့် ပူးပေါင်း
ဆောင်ရွက်လာသည့်နည်းတူ အင်အားငယ်သော နိုင်ငံများကလည်း မိမိနိုင်ငံအကျိုး စီးပွားလုံခြုံရေးအတွက်
မိတ်ဖက်နိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့်ပါ ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းများ
ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
33060323