Tuesday, October 17, 2023

Al-Aqsa Storm မှ တောင်အာရှဒေသအတွက် ရရှိနိုင်သော စစ်ရေးဆိုင်ရာ သင်ခန်းစာများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တောင်အာရှဒေသတွင်း နိုင်ငံများအနေဖြင့် အစ္စရေး-ပါလက်စတိုင်း စစ်ရေး ပဋိပက္ခကို သင်ခန်းစာယူမည်ဆိုပါက ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်ထားမှု၊ အသုံးပြုမှုတွင်လည်း ကန့်သတ်ချက်များရှိနေပြီး လူသားများ၏ ဉာဏ်စွမ်းရည်ကို အသုံးချနိုင်မှုမှာ အရေးပါလာသည့် အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
လက်ရှိအချိန်တွင် အစ္စရေး-ပါလက်စတိုင်း စစ်ရေးပဋိပက္ခနှင့် ပတ်သက်သည့် လုံခြုံရေးရှုထောင့်သည် လွန်ခဲ့သည့် တစ်ပတ်ကျော်ကစ၍ ပြောင်းလဲလာခဲ့ပါသည်။ Al-Aqsa Strom ဟု အမည်ရသည့် ဟားမက်စ်အဖွဲ့၏ အစ္စရေးနိုင်ငံနယ်မြေအတွင်း တိုက်ခိုက်မှုက စစ်ရေးယူဆချက်နှင့် သီအိုရီများ မှားယွင်းနေသည်ကို ပြသနေပြီး ကာကွယ်ရေးဆိုင်ရာလေ့လာသုံးသပ်သူများအား ၎င်းတို့၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရန် ဖိအားတစ်ရပ်ဖြစ်လာစေပါသည်။ အစ္စရေးနိုင်ငံဘက်မှ တုံ့ပြန်မှုများ မည်သို့ပင်အောင်မြင်၊ ကျယ်ပြန့်စေကာမူ ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုသည် ကြီးမား၊ အင်အားတောင့်တင်းပြီး နည်းပညာမြင့်မားသည့် တရားဝင်စစ်တပ်တစ်ခုကို နည်းပညာနိမ့် (Low-Tech) လက်နက်များအသုံးပြု၍ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နိုင်ခဲ့သည့် ဖြစ်ရပ်များ ထဲမှ အအောင်မြင်ဆုံးတစ်ခုဖြစ်လာခဲ့ပါသည်။ အထက်ပါဖြစ်ရပ်မှ တွေ့ရှိရသည့် စစ်ရေး ဆိုင်ရာသင်ခန်းစာများကို အထူးသဖြင့် သောင်းကျန်းသူများနှင့် နယ်စပ်ဖြတ်ကျော် တင်းမာမှုများဖြင့် ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသည့် တောင်အာရှဒေသအနေဖြင့် လေ့လာထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ပထမအချက်အနေဖြင့် နည်းပညာမြင့်(High-Tech) လက်နက်များ အသုံးပြု ဖြေရှင်းရာတွင် ကန့်သတ်ချက်များရှိနေပါသည်။ ဟားမက်စ်အဖွဲ့သည် အစ္စရေး Iron Drome စနစ်(ဒုံးကျည်ကာကွယ်ရေးဒုံးခွင်းဒုံးစနစ်)များ၏ Saturation Point (ပြင်ပဒုံး စနစ်များကို ကြားဖြတ်ထောက်လှမ်းနိုင်သည့်အမှတ်)ကို ကျော်လွှားနိုင်ရန် နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် တရပ်စပ်ပစ်ခတ်မှုများကို နှစ်ပေါင်းများစွာ ပြုလုပ် ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်းက ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံအတွင်းသို့ ၃ ရက်အတွင်း ဒုံးအစင်းပေါင်း ၁,၅၀၀၀ ကျော် ပစ်လွှတ်ခဲ့ပြီး အများစုကို Iron Dromeစနစ်ဖြင့် ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပါသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံနယ်မြေအတွင်းသို့ မိနစ် ၂၀ အတွင်း ဒုံးအရေအတွက် ၅,၀၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကို အစ္စရေးနိုင်ငံဘက်မှ ငွေကြေးအကုန်အကျများသည့် ဒုံးများဖြင့် ပြန်လည်တုံ့ပြန်ခဲ့ရပါသည်။
ဟားမက်စ်ဘက်မှ ပစ်လွှတ်သည့် ဒုံးတစ်စင်းသည် ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ၆၀၀ ခန့်သာကုန်ကျပြီး အစ္စရေးနိုင်ငံ၏ Iron Drome စနစ်မှ တန်ပြန်ပစ်လွှတ်သည့် ဒုံးတစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ အထိ ကုန်ကျနိုင်ပါသည်။ ထိုသို့ ကုန်ကျစရိတ် အဆ ၁၀၀ ကွာဟနေခြင်းသည် အဓိကပြဿနာဖြစ်လာခဲ့ပါသည်။ အစ္စရေးနိုင်ငံအသုံးပြုသည့် Iron Drome စနစ်သည် ယခင်က ဒုံးပမာဏအမြောက်အမြားကို ခုခံခဲ့ဖူးခြင်းမရှိဘဲ ဒုံးကျည်များ ပြန်လည်တပ်ဆင်ရာတွင် အချိန်ယူရပါသည်။ ယခုဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုသည် မည်သည့် နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဆင်ထားနိုင်သည့် မည်သည့်နိုင်ငံမဆို ဒုံးအစင်းပေါင်း ၅,၀၀၀ ခန့်ဖြင့် ရုတ်တရက်တိုက်ခိုက်မှုအား ခုခံ နိုင်မည်မဟုတ်သည်ကို ပြသနေပါသည်။ ယခုဖြစ်စဉ်တွင် ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန် အမေရိကန်ဒေါ်လာ ၃ သန်းခန့်သာ ကုန်ကျခဲ့ပြီးအစ္စရေးနိုင်ငံသည် ပြန်လည်ကာကွယ်မှုများအတွက် အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့် ကုန်ကျခဲ့ရပါသည်။ ထို့ကြောင့် အဆင့်မြင့် လက်နက် နည်းပညာများတွင်လည်း အကန့်အသတ်များရှိနေပြီး မည်မျှပင်အဆင့်မြင့် ကုန်ကျ စရိတ်များသည့် နည်းပညာဖြစ်စေကာမူ အားနည်းချက်တချို့ရှိနေနိုင်ပါသည်။ တစ်ဖက် ရန်သူအနေဖြင့် အဆိုပါအချက်ကို နားလည်ထားသည့်အခါတွင် မိမိအားကုန်ကျစရိတ်အနည်းဆုံးဖြင့် တိုက်ခိုက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် အစ္စရေးနိုင်ငံ၏ စုံစမ်းထောက်လှမ်းရေး ပြုလုပ် နိုင်စွမ်း၊ သို့မဟုတ် တွေးခေါ်နိုင်စွမ်း ကျဆင်းသွားခဲ့ခြင်းကို မေးခွန်းထုတ်ဖွယ်ရာဖြစ်ပါသည်။ လက်ရှိအချိန်တွင် အစ္စရေးနိုင်ငံအတွက် အစိုးရိမ်ရဆုံးအချက်မှာ ဒုံးကျည်များကို တားမြစ် နိုင်ရေးမဟုတ်ဘဲ ဟားမက်စ်အဖွဲ့များ နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လာ နိုင်သည့် လုံခြုံရေးကျိုးပေါက်မှု ဖြစ်နေခြင်း ဖြစ်ပါသည်။ ဟားမက်စ်အဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်ရေးသမားများ အစ္စရေးနိုင်ငံအတွင်းကို လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်မှ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်နိုင်ခဲ့ခြင်းက အစ္စရေးနိုင်ငံ၏ အကြမ်းဖက်တန်ပြန်တိုက်ခိုက်ရေး အခြေခံ ယူဆချက်အချို့ မှားယွင်းနေသည်ကို ပြသနေခဲ့ပါသည်။ အစ္စရေးကာကွယ်ရေးစနစ်များကရေကြောင်းနှင့် လေကြောင်းမှ(Gliding and Sailing) လက်နက်ကိုင်အများအပြား ဝင်ရောက်လာမှုကို စုံစမ်းထောက်လှမ်းနိုင်ခဲ့ပါက ယခုကဲ့သို့ ရုတ်တရက်တိုက်ခိုက်ခံရမှု မဖြစ်ပွားနိုင်မည်မဟုတ်ပါ။ သို့သော်လည်း ယခုအခါ အားနည်းချက်များရှိနေခြင်းကြောင့် တစ်ဖက်က မမျှော်လင့်ထားသည့် နည်းပညာနိမ့်တိုက်ခိုက်မှုပုံစံဖြင့် အောင်မြင်မှုများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုက စုံစမ်းထောက်လှမ်းရေး၏ ကြီးမားသည့် ချို့ယွင်းချက်ကြောင့်ဟု ဆိုနိုင်သော်လည်း ပို၍ အရေးကြီးသည့်အချက်မှာ တွေးခေါ်နိုင်စွမ်း ကျဆင်းခဲ့သည်ဆိုသည့်အချက်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
စစ်ဘက်ဆိုင်ရာ အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သည့် Carl von Clausewitz က သီအိုရီနှင့် မူဝါဒများထက် လူသားများ၏ ရဲဝံ့စွန့်စားမှုနှင့် တွေးခေါ်နိုင်စွမ်း စွမ်းရည် များကို အသားပေးဖော်ပြလေ့ရှိပါသည်။ အစ္စရေး-ဟားမက်စ် ပဋိပက္ခတွင် ၎င်းယူဆချက်ကို လက်တွေ့မြင်ခဲ့ကြရပြီးဖြစ်ပြီး တောင်အာရှဒေသတွင်းနိုင်ငံများအတွက်လည်း နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြန်လည် သုံးသပ်ရမည့် သင်ခန်းစာတစ်ရပ်ဖြစ်ပါသည်။ တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားသည့်ကိစ္စများ အပြင်းထန်ဆုံးဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်ပြီး နိုင်ငံတစ်နိုင်ငံစီတွင် သောင်းကျန်းသူများကို ကြားခံအဖြစ် မွေးမြူထားသည်ဟုလည်း စွပ်စွဲမှုများ ရှိနေပါသည်။ ထို့ကြောင့် အဆိုပါဒေသတွင် လက်နက်ကိုင်သောင်းကျန်းသူများ၏ တခြားတစ်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုများကို ကြိုတင်မသိမြင်နိုင်သကဲ့သို့ ရှောင်လွှဲ၍လည်းရမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် နယ်စပ်များတွင် အခြေချနေထိုင်မှုများနှင့်ပတ်သက်၍ မကြာသေးမီနှစ်များအတွင်းက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် တောင်အာရှဒေသရှိ ၎င်းတို့၏ အငြင်းပွားနယ်နိမိတ်များတွင် အခြေချနေထိုင်မှုနှင့် ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲခဲ့ကြပါသည်။ အများစုက အဆိုပါပြဿနာသည် ရေရှည် လုံခြုံရေးအတွက် ပြဿနာဖြစ်ပေါ်စေနိုင်သည်ဟု ယူဆခဲ့ကြပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဟားမက်စ်အဖွဲ့၏တိုက်ခိုက်မှုသည် ထိခိုက်လွယ်သည့် အရပ်သားများကို အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ခဲ့ပါသည်။ အစ္စရေးနိုင်ငံသည်လည်း မကြာသေးမီ နှစ်များအတွင်းက နယ်မြေကျုးကျော်မှုနှင့် လူမျိုးစုအခြေချနေထိုင်ရေးမဟာဗျူဟာကို လုပ်ဆောင်ခဲ့ပါသည် (အထူးသဖြင့် West Bank တွင် လုပ်ဆောင်ခဲ့)။ ယခုနှစ်အစောပိုင်းတွင် ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဆီးရီးယား၊ ဂိုလန်၌ အခြေချနေထိုင်မှုများ နှစ်ဆတိုးမြှင့်ရန် စီစဉ်နေပြီး ၎င်းနေရာတွင် အခြေချနေထိုင်သူ ၇၀၀,၀၀၀ ခန့်ရှိနေပြီ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ အစ္စရေးနိုင်ငံဘက်က အဆိုပါအခြေချနေထိုင်မှုများသည် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲမှုအတွက်ဖြစ်ပြီး ၎င်းတို့သည် ကျူးကျော်မှုများကို ရှေ့တန်းမှကာကွယ်ပေးမည့်သူများဖြစ်သည်ဟု အကြောင်းပြလေ့ရှိကြောင်း‌ဖော်ပြထားပါသည်။
သို့သော် Al-Aqsa Strom တိုက်ခိုက်မှုက အဆိုပါအယူအဆကို အကြီးအကျယ် ထိခိုက်စေခဲ့ပါသည်။ အဆိုပါဒေသတွင်နေထိုင်သည့် အရပ်သားများက အားနည်းချက် တစ်ရပ် ဖြစ်လာခဲ့ပြီး အစ္စရေးနိုင်ငံတောင်ပိုင်းတွင် နေထိုင်သည့် ပြည်သူများနှင့် လာရောက်လည်ပတ်သူများသည် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း ထိတ်လန့်ဖွယ် ဖြစ်ရပ်အမျိုးမျိုးဖြင့် ကြုံတွေ့ခဲ့ရပါသည်။ တိုက်ခိုက်မှုများသည် ဂါဇာမှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း အရပ်သားထိခိုက်မှုသည် ပြောင်းလဲသွားခြင်းမရှိဘဲ မငြိမ်မသက်မှု ဖြစ်ပွားနေသည့် နေရာများတွင် အရပ်သားများ နေထိုင်မှုများလေ ထိခိုက်သေဆုံးမှု များလေဖြစ်ပါသည်။ အဆိုပါအချက်သည် တောင်အာရှဒေသတွင်းနိုင်ငံများကို အစ္စရေး နိုင်ငံကပေးသည့် အရေးပါသော သင်ခန်းစာဖြစ်ပြီး ငြိမ်းချမ်းနေသည့်အချိန်တွင် အငြင်းပွားနယ်မြေများတွင် လူဦးရေနေထိုင်မှု ထူထပ်စွာရှိနေခြင်းသည် လုံခြုံရေးအား အထောက်အပံ့ပေးနိုင်သည်ဆိုသော်လည်း စစ်ပွဲစတင်ဖြစ်ပွားလာသည်နှင့်တစ်ပြိုင်နက်ရလဒ်များပြောင်းပြန်ဖြစ်သွားပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အနေဖြင့် ကြားခံစစ်ပွဲဆိုနှင့် ပတ်သက်ပြီး တောင်အာရှဒေသသည် အတွေ့အကြုံများစွာရှိခဲ့ဖူးပြီဖြစ်ပါသည်။ အင်အားပြိုင်ဆိုင်သော အင်အားကြီးနိုင်ငံများသည် အကြမ်းဖက်အဖွဲ့များကို လက်နက်တပ်ဆင်ပေးပြီး စစ်ပွဲတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိခဲ့ဘဲ အစ္စရေး-ဟားမက်စ် စစ်ရေးပဋိပက္ခတွင် အီရန်နိုင်ငံသည် ဟားမက်စ်ဘက်မှ တိုက်ရိုက်ပါဝင်ကူညီပေးခြင်းများ ပြုလုပ်ပေးနေသည်ဟု အစ္စရေး နိုင်ငံက အခိုင်အမာပြောကြားထားပါသည်။ အဆိုပါအချက်ကို အီရန်နိုင်ငံဘက်မှ ပြန်လည် ငြင်းဆိုထားသော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နှင့် Hezbollah တို့အကြားအပြန်အလှန်ပစ်ခတ်မှုများကြောင့် အစ္စရေးနိုင်ငံ၏ အီရန်နိုင်ငံအပေါ် ထားရှိသည့် သံသယများ ပိုမိုအားကောင်းလာခဲ့ပါသည်။ ထို့ပြင် ဟားမက်စ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့မှုကြောင့် တိုက်ခိုက်မှု များတွင် ရုရှားနိုင်ငံ ပါဝင်ပတ်သက်မှုများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်ပေါ် လာခဲ့ပါသည်။ ဟားမက်စ်၏ တိုက်ခိုက်မှုသည် အစ္စရေး-ဆော်ဒီအာရေဗျ မိတ်ဖက် ဆက်ဆံရေး အပြုသဘောဆောင်တော့မည့်အချိန်နှင့် အချိန်ကိုက်ဖြစ်ပေါ်လာသည်ကို ထောက်ပြထားပါသည်။ အဆိုပါအင်အားကြီးနိုင်ငံအနေဖြင့် ပုံမှန်သံတမန်ဆက်ဆံရေး ဖော်ဆောင်မှုများကို အနည်းငယ်မျှပင် လုပ်ဆောင်နိုင်စေကာမူ ဒေသတွင်းအာဏာ သက်ရောက်မှုများတွင် ပြောင်းလဲမှုများဖြစ်ပေါ်လာနိုင်ပြီး အီရန်နိုင်ငံ၏ ဖြစ်တည်မှုများ မှေးမှိန်လာနိုင်ပါသည်။
နိုင်ငံရေးနှင့် စစ်ရေးဗျူဟာသည် ခွဲခြား၍မရနိုင်ဘဲ အစ္စရေးနိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးဖော်ဆောင်နိုင်ခဲ့လျှင်တောင်မှ အီရန်နိုင်ငံ၏ ကြိုတင်ပြင်ဆင်ထားမှုများကို ခန့်မှန်းနိုင်မည်မဟုတ်ပါ။ တောင်အာရှနိုင်ငံများ အနေဖြင့် အစ္စရေးနိုင်ငံကဲ့သို့ အရည်အချင်းရှိသည့်သူများကို အများဆုံး အသုံးချလေ့ ရှိသည့်နိုင်ငံတွင်ပင် ယခုကဲ့သို့ သတိလက်လွတ်မှုများကို ကြုံတွေ့ခဲ့ရကြောင်းနှင့် ထိုကဲ့သို့ တိုက်ခိုက်ခံရမှုမျိုးသည် မည်သည့်နိုင်ငံတွင်မဆိုပေါ်ပေါက်လာနိုင်ကြောင်းကို အလေးထား သတိပြုသင့်ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အချို့သော သင်ခန်းစာများသည် သိသာမြင်သာရှိသော်လည်း အချို့မှာမထင်ရှားကြပါ။ ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှုအများဆုံးဖြစ်သည့် ဒေသများတွင် တောင်အာရှဒေသပါဝင်ပြီး နျူကလီးယားပါဝါ ပိုင်ဆိုင်ထားသည့် အင်အားကြီး ၃ နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှု ပဋိပက္ခများရှိနေသည့်အပြင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု၊ ကြားခံစစ်ပွဲများနှင့် လက်နက်ကိုင်သောင်းကျန်းမှုများရှိနေသည့် နိုင်ငံငယ်များ ရှိနေပါသည်။ ဒေသတွင်းအစိုးရများအနေဖြင့် အစ္စရေး-ဟားမက်စ်စစ်ပွဲတွင် ရဲရင့်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးသုံးတိုက်ခိုက်မှုကို အလေးထားသင်ခန်းစာယူသင့်ကြောင်း အကြံပြု ရေးသားထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးရှင် Nilanthan Niruthan သည် သီရိလင်္ကာနိုင်ငံ၏ Center for Law and Warfare (CLAW) တွင် လက်ရှိ ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည့်အပြင် စစ်ဘက်ဆိုင်ရာနှင့် ဥပဒေရေးရာများကို ရေးသားလေ့ရှိသူတစ်ဦး ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် သီရိလင်္ကာနိုင်ငံ၏ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ နည်းပြတစ်ဦးလည်း ဖြစ်ပါသည်။ ဆောင်းပါးတွင် ဟားမက်စ်အဖွဲ့၏ နည်းပညာနိမ့် လက်နက်များဖြင့် အစ္စရေးနိုင်ငံအတွင်း ထိုးစစ်ဆင်နိုင်ခဲ့မှုများကို ထောက်ပြထားပြီး အရည်အသွေးမြင့်လက်နက်များအပေါ် အလွန်အမင်းမှီခိုအားထားနေမှု မြှင့်တင်နေခြင်း များသည် လုံလောက်မှုမရှိဘဲ အသိပညာကြွယ်ဝသည့် လူသားအရင်းအမြစ်များကို ပိုမိုပျိုးထောင် အသုံးချနိုင်ခြင်းသည် စစ်ဆင်ရေးများတွင်လည်း စစ်ရေးအသုံးစရိတ် အနည်းဆုံးဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ကြောင်း သင်ခန်းစာဖော်ထုတ်ပြထားခြင်း ဖြစ်ပါသည်။
ထို့ပြင် အစ္စရေးနိုင်ငံ၏ စစ်ရေးဆိုင်ရာ တွေးခေါ်မှုများ သမားရိုးကျဆန်မှု၊ ယခင်က အောင်မြင်ခဲ့မှုများအပေါ် စိတ်ကြီးဝင်နေခဲ့ပြီး ပေါ့လျော့ခဲ့မှုတို့ကြောင့် ဟားမက်စ်အဖွဲ့၏ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် အားကောင်းသော ထောက်လှမ်းရေးစနစ်၊ အင်အားတောင့်တင်းသော စစ်တပ်နှင့် စွမ်းဆောင်ရည်မြင့် နည်းပညာများ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံအဖို့ ကမ္ဘာ့နိုင်ငံများ အလယ်တွင် အရှက်ရစေခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ နည်းပညာမြင့်လက်နက်များ၊ သာလွန်အင်အားများဖြင့် ဂါဇာဒေသအား အလုံးစုံစစ်ဆင်ရေး ဆင်နွှဲနေပြီး ပြည်သူများ ဂါဇာဒေသမြောက်ပိုင်းမှ ထွက်ခွာကြရန် ကြေညာထားသည်ကို တွေ့ရသည်။[2] အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များအရ မည်သည့်ဘက်မှ မှားသည်၊ မှန်သည်ကို တစ်ထစ်ချဆုံးဖြတ်ရန် ခက်ခဲသော်လည်း လက်နက်နှင့် နည်းပညာ တောင့်တင်းသည့် စစ်တပ်တစ်ခုကို နည်းပညာမြင့်လက်နက်များမရှိသော်လည်း သမားရိုးကျ မဟုတ်သည့် နည်းလမ်းများကို ဖော်ထုတ်အသုံးချနိုင်ပါက ငွေကုန်ကြေးကျ သက်သာစွာဖြင့်ထိရောက်အောင် တိုက်ခိုက်နိုင်သည်ဟူသည့် အချက်ကို သင်ခန်းစာဖော်ထုတ်နိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
131101823
[1]။ Nilanthan Niruthan.“ Al-Aqsa Storm: Lessons for South Asia”. The Diplomat, 11 October 2023, [/https://thediplomat.com/.../al-aqsa-storm-lessons-for.../]

[2]။ “Israel orders 1.1 million people in Gaza to move south: What to know”. Al Jazeera, 13 Oct 2023, [https:// www. aljazeera.com/news/2023/10/13/israel-orders-1-1-million-people-in-gaza-to-move-south-what-toknow#:~: text= Israel's% 20army%20has%20ordered%20the,offensive%20on%20the%20besieged%20enclave.]