နိဒါန်း
မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် မဏိပူရပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်မှုများရှိနေပြီး နောက်ဆက်တွဲ ဖြစ်လာသည့် လူမျိုးစုစိမ့်ဝင်မှုများ၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်လုပ်ရပ်များနှင့် အခြားလူမျိုးရေးပြဿနာရပ်များအကြောင်းကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် မေလ ၃ ရက်နေ့မှစ၍ မေထေးဒေသခံ လူမျိုးစု(Meitei)နှင့် ကူကီး-ချင်းမျိုးနွယ်လူမျိုးစုတို့အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်းနှင့် လူ ၈၀ ဦးခန့်သေဆုံးခဲ့ပြီး ၄၀,၀၀၀ ခန့် အိုးပစ်အိမ်ပစ်ထွက်ပြေး ခဲ့ရပါသည်။ မဏိပူရပြည်နယ်တွင် လူဦးရေ ၃.၆၄ သန်းခန့်ရှိရာတွင် မေထေးဒေသခံ လူမျိုးစုသည် လူဦးရေတစ်ဝက်ခန့် နေထိုင်ခဲ့ကြပြီး ကူကီးလူမျိုးစုများကမူ လူဦးရေ၏ ငါးပုံတစ်ပုံခန့် နေထိုင်ခဲ့ကြပါသည်။ အဆိုပါပြဿနာရပ်များကို ဖြေရှင်းရာတွင် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ကိစ္စရပ်များအပေါ် သက်ရောက်နိုင်သည်ဟု အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး အာမတ်ဆာရှ်(Amit Shah)က ဇွန်လ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် လူမျိုးစုပြဿနာရပ်များဖြစ်ပေါ်လျက်ရှိသည့် မဏိပူရနှင့် မြန်မာနိုင်ငံနယ်နိမိတ်အကြားတွင် ၁၀ ကီလိုမီတာအရှည်ရှိ ခြံစည်းရိုးတစ်ခုကို ကာရံ ခဲ့ပြီးဖြစ်ကြောင်းနှင့် နောက်ထပ် ၈၀ ကီလိုမီတာအရှည် ခြံစည်းရိုးကို ဆက်လက် ကာရံလျက်ရှိသည်ဟု ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနယ်နိမိတ်နှင့် ၄၀၀ ကီလိုမီတာခန့် ထိစပ်နေပြီး နယ်နိမိတ်ခြံစည်းရိုးခတ်ထားရှိခြင်းမရှိကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်သည် များသောအားဖြင့် နယ်နိမိတ်ကန့်သတ်ထားခြင်းမရှိသည့်အပြင် နယ်စပ်လူမျိုးစုများအားနိုင်ငံအတွင်း ဗီဇာမလိုဘဲ ၃ ရက်ခန့် သွားလာခွင့်ပေးထားပါသည်။ အိန္ဒိယနိုင်ငံ အတွင်း လက်ရှိပြဿနာရပ်များသည် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ကူကီး-ချင်းမျိုးနွယ်လူမျိုးစုများ၊ ကူကီးသောင်းကျန်းသူ သူပုန်အဖွဲ့များနှင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးကုန်သည်များ၏ မူးယစ်ဆေးဝါး-အကြမ်းဖက်မှုပြဿနာရပ်များမှ စတင် လာခဲ့ခြင်းဖြစ်သည်ဟု မဏိပူရလူဝင်မှုကြီးကြပ်ရေးညှိနှိုင်းကော်မတီ၏ ပြောရေးဆိုခွင့် ရှိသူ Athouba Khuraijam က ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာမှုများအား စိစစ်ဖော်ထုတ်၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများအား ဖမ်းဆီးအရေးယူခြင်း အစရှိသည် တို့ကို လုပ်ဆောင်သင့်သည်ဟု ပြောကြားထားပါသည်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ၃ ခုတွင် နေထိုင်လျက်ရှိသည့် ကူကီး-ချင်း-ဇို လူမျိုးစုများသည် များသောအားဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်၊ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းတောင်ကုန်းဒေသတွင် နေထိုင်လျက်ရှိကြပါသည်။ လက်ရှိတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၁ ခုနှစ် အာဏာထိန်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒုစရိုက်နယ်မြေတစ်ခုဖြစ်ပြီး ဒေသခံပြည်သူအများစုက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ကူကီး-ချင်းမျိုးနွယ်လူမျိုးစုသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပြည်နယ်အစိုးရကလည်း လူသားချင်း စာနာထောက်ထားမှုရှုထောင့်မှကြည့်၍ ခိုလှုံခွင့်ပေးခဲ့ပါသည်။ သို့သော်လည်း အဆိုပါ ရွှေ့ပြောင်းနေမှုများက အိန္ဒိယနိုင်ငံအတွင်း ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်ဟု ဖော်ပြထားပါသည်။
ကူကီး-ချင်းမျိုးနွယ်လူမျိုးစုများသည် ယခင်နှစ်များကတည်းက မြန်မာနိုင်ငံအတွင်း ပြဿနာများဖြစ်ပေါ်ခဲ့သည့်အခြေအနေတွင် အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်လေ့ရှိသော်လည်း ယခုရွှေ့ပြောင်းမှုကဲ့သို့ အရေအတွက်မများခဲ့ဟုဆိုသည်။ ၎င်းလူမျိုးစု များသည် ရွှေ့ပြောင်းနေထိုင်မှုဟူသည့် ခေါင်းစဉ်အောက်မှ မဏိပူရပြည်နယ်အတွင်း ၎င်းလူမျိုးစုများတိုးပွားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များဖိုရမ်မှ ပြောရေးဆိုခွင့်ရှိသူ Ginza Vualzong က ပြောကြားခဲ့ပါသည်။ ယခင်ကတည်းက အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသအတွင်း လူမျိုးရေးပြဿနာရပ် များကြောင့် လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့ပါသည်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ အိန္ဒိယနိုင်ငံသို့ တရားမဝင်စိမ့်ဝင်လာမှုများကြောင့် နိုင်ငံ အတွင်း အိန္ဒိယ-ဘင်္ဂါလီလူမျိုးစုပြဿနာရပ်များဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြထားပါသည်။
မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုသည် ပြီးခဲ့သည့်နှစ်မှစ၍ အဆမတန်မြင့်တက်လာခဲ့ပါသည်။ အဆိုပါကိစ္စရပ်များကို ဖြေရှင်းရန် အတွက် အိန္ဒိယနိုင်ငံအစိုးရသည် လူဦးရေစစ်တမ်းကောက်ယူရေးဆိုင်ရာကော်မရှင်ကို အစိုးရဝန်ကြီး ၃ ဦးဖြင့် ဖွဲ့စည်းတည်ထောင်၍ ကူကီးလူမျိုးစု၊ နာဂလူမျိုးစုနှင့် မေထေး လူမျိုးစုများကို စောင့်ကြည့်၍ စစ်တမ်းကောက်ယူလျက်ရှိပါသည်။ အဆိုပါစစ်ဆေးချက်များ အရ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် မဏိပူရမြို့နယ်ရှိ တန်နောင်ပေါ ခရိုင်တွင် ၁,၁၄၇ ဦး၊ ချန်ဒဲခရိုင်တွင် ၈၈၁ ဦးနှင့် ချူရာချန်ပေါခရိုင်တွင် ၁၅၄ ဦး နေထိုင်လျက်ရှိခဲ့ပါသည်။ ထိုကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများ မြင့်တက်နေချိန်တွင် အိန္ဒိယ နိုင်ငံအတွင်း မြေပိုင်ဝယ်ယူခွင့်ပေးမှုများသည် အခြေအနေများကို ပိုမိုရှုပ်ထွေးခဲ့ရပြီး မဏိပူရပြည်နယ်အစိုးရက ၎င်းလူမျိုးစုအများစုနေထိုင်သည့် တောင်တန်း ဒေသများကို သစ်တောဧရိယာနယ်နိမိတ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ Jawaharlal Nehru တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Bhagat Oinam က မြန်မာနိုင်ငံမှ အစုလိုက်ရွှေ့ပြောင်းနေထိုင်သူများသည် လွန်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်၊ နှောင်းပိုင်းနှင့် ၁၉၆၀ ပြည့်နှစ်၊ အစောပိုင်းကာလတွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၀၅ ခုနှစ် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့နှင့် ကူကီးအကြမ်းဖက်အဖွဲ့များ အကြား အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ချိန်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ထို့နောက် မဏိပူရပြည်နယ်ရှိ ကူကီးလူမျိုးစုနေထိုင်ရာ ဒေသများတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် အကြမ်းဖက်သူပုန်အဖွဲ့များမှ ဘိန်းစိုက်ခင်းများ စိုက်ပျိုးလာခဲ့သဖြင့် ပြည်နယ်အတွင်း သစ်တောထိန်းသိမ်းမှုများ ဆုံးရှုံးခဲ့ရပါသည်။ ထို့ပြင် မြန်မာ-ထိုင်း-လာအိုနယ်စပ်ရှိ ရွှေတြိဂံနယ်မြေတွင် ဘိန်းစိုက်ပျိုးရေး လျှော့ချမှုများ လုပ်ဆောင်ခြင်းကြောင့် မြန်မာ-မဏိပူရနယ်စပ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည့် နယ်သာလန် နိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ စစ်တမ်းကောက်ယူချက်အရ မြန်မာ နိုင်ငံ၏ တောင်တန်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ကူကီး-ချင်းမျိုးနွယ်လူမျိုးစုများ နေထိုင်ရာ ဒေသဖြစ်သည်ဟု ဆိုသည်။ ကူကီးလူမျိုးဆိုင်ရာ လေ့လာသူ Paokholun Hangsing ၏ ပြောကြားချက်အရ ကူကီးလူမျိုးများအား ဘိန်းစိုက်ပျိုးသူများ၊ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်သူများအဖြစ် အိန္ဒိယနိုင်ငံအစိုးရက ပုံဖော်နေခြင်းသည် ၎င်းတို့ ဘိုးဘွားများလက်ထက်မှစ၍ အစဉ်အဆက်နေထိုင်အခြေချလာသော နေရာများမှ မောင်းထုတ်လိုသဖြင့် ကြိုတင်အကွက်ချလုပ်ကြံဇာတ်လမ်းများ ဖန်တီးနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်များအတွင်း ဖြစ်ပွား နေသည့် လူမျိုးရေးပဋိပက္ခအချို့သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေ များနှင့် ဆက်နွှယ်နေပြီး မြန်မာနိုင်ငံဘက်မှ တိုင်းရင်းသားလူမျိုးများ အိန္ဒိယနိုင်ငံ ဘက်သို့ ပြောင်းရွှေ့စိမ့်ဝင်မှုများက မြန်မာအိန္ဒိယနယ်စပ်ရှိ ရှိရင်းစွဲပြဿနာရပ်များကို ပိုမိုကြီးထွားစေသကဲ့သို့ဖြစ်နေပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်ရေးလှုပ်ရှားမှုများက မြန်မာ့မြေကို အသုံးပြုနေခြင်းများလည်း ရှိနေပါသည်။ ထိုကဲ့သို့သောအခြေအနေတွင် နှစ်နိုင်ငံ နပ်စပ်ရှိပြဿနာရပ်များကို မီးထိုးယပ်ခတ်၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းအောင် ဆောင်ရွက်လိုသည့် အင်အားစုများကလည်း အဆင်သင့်ရှိနေသဖြင့် အမှိုက်ကစ ပြဿဒ်မီးမလောင်စေရန် အလေးထားဖြေရှင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
43061623