နိဒါန်း
ထိုင်းနိုင်ငံ၏
အထွေထွေရွေးကောက်ပွဲအား ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့ပြီး အနောက်အုပ်စုယိမ်းသည့် ရှေ့ဆောင်ပါတီ(Move Forward
Party–MFP)မှ အနိုင်ရရှိခဲ့ပါသည်။ အကယ်၍ ရှေ့ဆောင်ပါတီကသာ အစိုးရဖွဲ့စည်း
နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏မြန်မာနိုင်ငံဆိုင်ရာမူဝါဒများ
အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာနိုင်သော်လည်း
ကန့်သတ်ချက်များလည်းရှိနေသေးသည်ကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်များ
ထိုင်းနိုင်ငံ၏
ရွေးကောက်ပွဲ၌ ရှေ့ဆောင်ပါတီ(MFP)မှအနိုင်ရရှိခဲ့သော်လည်း ထိုင်းစစ်တပ်မှ
ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းပါတီအနေဖြင့်
အစိုးရသစ်ဖွဲ့စည်းနိုင်ရန်မှာ မသေချာသေးပါ။ သို့သော်လည်း Adam Simpson
နှင့် Nicholas Farrely က အကယ်၍ ထိုင်းစစ်တပ်ခေါင်းဆောင်များကသာ MFP
ပါတီအား အစိုးဖွဲ့ခွင့်ပေးလိုက်ပါက ဒေသတွင်းကြုံတွေ့နေရသည့်
လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းနှင့်
မဟာဗျူဟာဆိုင်ရာအကျပ်အတည်းများ ဖြေရှင်းရာတွင်
အထောက်အကူပြုမည်ဖြစ်မည်ဟုဆိုပါသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ
စတင်ဖြစ်ပွား ခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ဝန်ကြီးချုပ် Prayut ဦးဆောင်သည့်
ထိုင်းနိုင်ငံ အစိုးရသည် လက်ရှိမြန်မာစစ်အစိုးရအပေါ် ထောက်ခံ
အားပေးသည့်ရပ်တည်ချက်များကို ပြသခဲ့သည့်အပြင် ဝေဖန်ရှုတ်ချမှုများလည်း
မပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင်
မကြာသေးမီကလည်း Track 1.5 ဟု လူသိများသည့် ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့တွင် မတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ
ဆွေးနွေးပွဲသို့ ထိုင်းအိမ်နီးချင်းနိုင်ငံများ၏ အစိုးရအရာရှိကြီးများနှင့်
ပညာရှင်များ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ
ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြား ခဲ့ပါသည်။ သို့သော်လည်း
အဆိုပါဆွေးနွေးပွဲသို့ NUG အဖွဲ့အစည်းကိုမူ ဖိတ်ကြားမှု မရှိခဲ့ပါ။
ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut လက်ထက်၌ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံ
အပေါ်ထောက်ခံမှုပြနေသည့် ရပ်တည်ချက်မျိုးသည် အဓိကအားဖြင့် အချက် ၂ ချက်
အပေါ်တွင် မူတည်နေပါသည်။ ပထမတစ်ချက်မှာ ထိုင်းစစ်တပ်နှင့် မြန်မာတပ်မတော်
တို့ကြား ပုဂ္ဂိုလ်ရေးအရသာမက အဖွဲ့အစည်းအရပါ ခိုင်မာသောဆက်ဆံရေးတစ်ရပ်
တည်ဆောက်ထားနိုင်မှုကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ထိုင်းနိုင်ငံအနေဖြင့်
အာဆီယံ၏ “ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ”ကို စွဲကိုင်ထားသောကြောင့် ဖြစ်ကြောင်း
ဖော်ပြ ထားပါသည်။
ထိုင်းနိုင်ငံ
ရွေးကောက်ပွဲမစတင်မီ MFP ပါတီ၏ခေါင်းဆောင်ဖြစ်သော Pita က
၎င်းတို့ပါတီသာအနိုင်ရရှိပါက ထိုင်းနိုင်ငံ၏
မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကို ပြုပြင်ပြောင်းလဲသွားမည်ဟု
ကတိကဝတ်ပြုခဲ့ပြီး ထိုကဲ့သို့ ကတိကဝတ်ပြုမှုသည် ၎င်းပါတီ၏
အဓိကမူဝါဒတစ်ရပ်ဖြစ်သော ထိုင်းနိုင်ငံခြားရေးမူဝါဒ၌ လူ့အခွင့်အရေး၊
တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးတို့ကို
ဦးစားပေးဆောင်ရွက်သွားမည်ဟုဆိုသော ကတိကဝတ်ကိုလည်း
အလေးထားရာရောက်သည်ဟုဆိုပါသည်။ ရွေးကောက်ပွဲပြီး ပထမအကြိမ်
သတင်းစာရှင်းလင်းပွဲ၌လည်း Pita က မြန်မာနိုင်ငံ၏ အာဆီယံတူညီဆန္ဒ ၅ ရပ်
အပေါ် လိုက်နာမှုရှိရေးကို ဖိအားပေးရာ၌ ထိုင်းနိုင်ငံသည် အဓိကအခန်းကဏ္ဍတွင်
ပါဝင်နေသည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထားပါသည်။
Pita
က ၎င်းသာ ဝန်ကြီးချုပ်ဖြစ်လာပါက ၎င်း၏ အဓိကရည်မှန်းချက် တစ်ခုဖြစ်သည့်
မြန်မာ-ထိုင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လမ်းကြောင်းအား
ဖန်တီးသွားမည်ဟု ပြောကြားထားသည့်အပြင် အမေရိကန်နိုင်ငံ၏ “Burma Act”
ဥပဒေ(လက်ရှိမြန်မာစစ်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသည့်
အဖွဲ့အစည်းများကို စစ်လက်နက်မဟုတ်သည့် အခြားသော အကူအညီများ -“Non-lethal
Aid” ပေးအပ်မှု) အကောင်အထည်ဖော်ဆောင်မှုကိုလည်း အကူအညီ
ပေးသွားမည်ဟုပြောကြားထားပါသည်။ ထို့ပြင် Pita က နိုင်ငံတကာအသိုင်းအဝိုင်း
များနှင့် ပူးပေါင်း၍ SAC အစိုးရအပေါ် ဖိအားပေးမှုများ ပြုလုပ်သွားမည်ဟု
ကတိကဝတ် ပြုထားသည့်အပြင် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ၌
အားလုံးပါဝင်သည့် (ဥပမာ NUG နှင့် EAOs အဖွဲ့အစည်း) မူဝါဒတစ်ရပ်ကို
ဖော်ဆောင် သွားမည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
အကယ်၍
MFP ပါတီ၏ ခေါင်းဆောင် Pita သာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာပါက
ထိုင်းအစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအပေါ်
ပိုမိုတက်ကြွစွာဆောင်ရွက်လာနိုင်ပြီး မြန်မာနိုင်ငံအရေးကိစ္စအပေါ်
ဖိအားပေးနေသည့် အာဆီယံ အဖွဲ့ဝင် အင်ဒိုနီးရှား၊
မလေးရှားနိုင်ငံတို့အတွက်လည်း ပိုမိုအထောက်အကူပြုမည် ဖြစ်ပါသည်။
သို့သော်လည်း ထိုင်းနိုင်ငံအစိုးရ၏ ထိုကဲ့သို့ချဉ်းကပ်ပုံအပေါ် အာဆီယံ၏
“ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ”ကို စွဲကိုင်ထားသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊
လာအိုနိုင်ငံတို့မှ မလွဲမသွေဆန့်ကျင်မည်ဖြစ်ပါသည်။ သုတေသီ Sebastian
Stranqio ၏ အဆိုအရ မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံအစိုးရ၏
မည်သည့်ဆောင်ရွက်မှု မျိုးမဆို မြန်မာနိုင်ငံအရေးအပေါ်
သက်ရောက်မှုရှိသည့်အပြင် လူသားချင်းစာနာ ထောက်ထားမှု
အကျပ်အတည်းများအပေါ်တွင်ပါ အထောက်အကူပြုနိုင်သည်ဟု မှတ်ချက်ပြုထားကြောင်း
ဖော်ပြထားပါသည်။
သို့သော်လည်း
Sebastian Stranqio က ထိုင်းတစ်နိုင်ငံတည်း၏ ရပ်တည်ချက် ပြောင်းလဲခြင်းသည်
မြန်မာနိုင်ငံအရေးကိစ္စအပေါ် အတိုင်းအတာတစ်ခုအထိသာ
သက်ရောက်မှုရှိသောကြောင့် ပိုမိုအားကောင်းသည့် သက်ရောက်မှုများရှိစေရန်မှာ
အိန္ဒိယ၊ တရုတ်နိုင်ငံတို့၏ မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်းသော
ရပ်တည်ချက်များကိုပါ ပြောင်းလဲ ပေးရန်လိုအပ်သည်ဟု ဆိုသည်။ အကယ်၍ MFP
ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ပါကလည်း MFP ပါတီ၏အစီအစဉ်များနှင့်စပ်လျဉ်း၍
ပြည်တွင်းရှိရှေးရိုးစွဲပါတီနှင့် Elites များမှ ဆန့်ကျင်ကန့်ကွက်မည်မှာ
မလွဲဧကန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စံနှုန်းများကို
အခြေခံသည့် ချဉ်းကပ်မှုပုံစံမျိုးထက် ထိုင်းနိုင်ငံ၏
အကျိုးစီးပွားဖြစ်ထွန်းမည့် လက်တွေ့ကျပြီး
တစ်ဆင့်ချင်းပြောင်းလဲမှုပြုလုပ်နိုင်မည့်ချဉ်းကပ်မှုပုံစံမျိုးကို
ပိုမိုနှစ်သက်သောကြောင့်ဖြစ်ပါသည်။ ပြည်တွင်းနိုင်ငံရေးကို
ပိုမိုအလေးထားသည့် မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်ကို ပြောင်းလဲရာ၌
ကန့်သတ်ချက် များစွာရှိသော်လည်း ထိုင်းအစိုးရသစ်ကသာ မြန်မာနိုင်ငံအရေးနှင့်
စပ်လျဉ်း၍ ရပ်တည်ချက်များပြောင်းလဲလာပါက မြန်မာနိုင်ငံအရေးကိစ္စကို
ဆောင်ရွက် နေသည့် အာဆီယံအတွက်သာမက ပြည်တွင်းပြောင်းရွှေ့နေထိုင်သူများကိုပါ
ပိုမို အထောက်အကူပြုမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
၂၀၂၃
ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်
ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ၌ MFP ပါတီမှ အနိုင်ရရှိခဲ့ပြီး အကယ်၍
၎င်းပါတီကသာ အစိုးရသစ်ဖွဲ့စည်းနိုင်ပါက မြန်မာနိုင်ငံအရေးကိစ္စအပေါ်
အနောက်အုပ်စုအလိုကျ ဖိအားပေးမည့် နိုင်ငံခြားရေးမူဝါဒများကို
ဖော်ဆောင်လာနိုင် သော်လည်း ပြည်တွင်းရှိ ရှေးရိုးစွဲပါတီနှင့် Elites
များသာမက အာဆီယံအဖွဲ့ဝင် အချို့ကပါ ဆန့်ကျင်မှုများပြုလုပ်နိုင်သောကြောင့်
ကန့်သတ်မှုများလည်း ရှိနေကြောင်းကို ထောက်ပြထားခြင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် ရွေးချယ်ရာတွင်
ရွေးကောက်ခံမဟုတ်သော ထိုင်းဘုရင်နှင့် စစ်ဘက်မှ ရွေးချယ်ခန့်အပ် ထားသည့်
အထက်လွှတ်တော်အမတ်များလည်း ပါဝင်မဲပေးရမည်ဖြစ်ပြီး အထက် လွှတ်တော်နှင့်
အောက်လွှတ်တော်နှစ်ရပ်ပေါင်း အမတ်အရေအတွက် ၇၅၀ ဦး၏ တစ်ဝက်ကျော်
ထောက်ခံမှုရရှိမှသာ ဝန်ကြီးချုပ်ခန့်အပ်နိုင်မည် ဖြစ်သောကြောင့် MFP ပါတီ၏
ခေါင်းဆောင် Pita ၏ ဝန်ကြီးချုပ် ဖြစ်လာနိုင်မှုရှိ/မရှိကို ဆက်လက်
လေ့လာစောင့်ကြည့်သွားရန် လိုအပ်နေပါသေးသည်။ လက်ရှိအချိန်တွင်လည်း
ရွေးကောက်ပွဲတွင် ဒုတိယအများဆုံးအနိုင်ရထားသည့် Pheu Thai Party က Move
Forward ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့မှ ထွက်မည်ဟူသည့် သတင်းစကားများလည်း
ပျံ့နှံ့လျက်ရှိပါသည်။ ထို့ပြင် ထိုင်းနိုင်ငံပြည်တွင်းနိုင်ငံရေး၌
ထိုင်းတော်ဝင်တပ်မတော်၏ လွှမ်းမိုးမှုများစွာရှိနေသေးပြီး၊
မြန်မာနိုင်ငံအပေါ်ထားရှိသည့်မူဝါဒသည်လည်း ထိုင်းတပ်မတော်အပေါ်များစွာ
မှီတည်နေသောကြောင့် ထိုင်းနိုင်ငံတွင်ပေါ်ထွက်လာမည့် အစိုးရသစ်နှင့်
သဘောထားများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
30053123