Sunday, May 28, 2023

ဂျပန်နိုင်ငံတွင်ကျင်းပခဲ့သည့် G-7 ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပ ခဲ့သည့် G-7 ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့သော စည်းမျဉ်းများကို အခြေခံသည့် နိုင်ငံတကာအခင်းအကျင်းများ ဖော်ဆောင်နိုင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ နိုင်ငံများ(Global South)ကို ထောက်ပံ့ကူညီရေး၊ တရုတ်နိုင်ငံအား တန်ပြန်မည့် စီးပွားရေးဆိုင်ရာမူဘောင်နှင့် အခြားဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ၏ အကြီးအကဲများဖြင့် G-7 ထိပ်သီး အစည်းအဝေးအား နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် အစည်းအဝေးကို ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို အဖွဲ့ဝင်များဖြစ်သည့်အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အပြင် ဧည့်နိုင်ငံများအဖြစ် ဩစတြေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ်နိုင်ငံ တို့ကိုပါ ဖိတ်ကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelenskyy တက်ရောက်ခဲ့ခြင်းက အစည်းအဝေးအပေါ် စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါသည်။ ယူကရိန်းနိုင်ငံသမ္မတသည် G-7 ထိပ်သီးအစည်းအဝေးအတွင်း အင်အားကြီးနိုင်ငံများအား ရုရှားနိုင်ငံ၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်နိုင်ရန် အတွက် စစ်ရေးအကူအညီများပေးရေး တိုးမြှင့်ထောက်ပံ့ပေးရန် တောင်းဆိုခဲ့ပါသည်။ အမေရိကန်နိုင်ငံသမ္မတ Joe Biden ကလည်း G-7 အနေဖြင့် ယူကရိန်းနိုင်ငံကို ကူညီ ထောက်ပံ့သွားမည်ဖြစ်ပြီး ယူကရိန်းပြည်သူများဘက်မှ ဆက်လက်ရပ်တည်သွားမည်ဟု ပြောကြားပြီး ယူကရိန်းနိုင်ငံသမ္မတသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အပြင် ဘရာဇီးနိုင်ငံအကြီးအကဲများဖြင့်လည်း တွေ့ဆုံမှုပြုလုပ်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ယခုတစ်ကြိမ်ကျင်းပခဲ့သည့် အစည်အဝေးသည် G-7 ၏ ကနဦး စီးပွားရေး လုံခြုံမှုအယူအဆများကို အဆုံးသတ်ပြီး တရုတ်နိုင်ငံကဲ့သို့ နိုင်ငံများ၏ စီးပွားရေးဖြင့် အကျပ်ကိုင်ခြိမ်းခြောက်မှုများအား တန်ပြန်နိုင်မည့် မူဘောင်အသစ်ကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ မူဘောင်အသစ်ကို “Coordination Platform on Economic Coercion” ဟု အမည်ပေးထားပြီး EU သည် အမေရိကန်၊ ကနေဒါ၊ ဂျပန်နိုင်ငံတို့နှင့်အတူ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာမူဝါဒများကို တန်ပြန် ဆောင်ရွက်နေသည်ဟူသည့် အချက်ပေါ်တွင် မူတည်၍ အဆိုပါမူဘောင်ကို ဖော်ဆောင် ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါမူဘောင်အသစ်နှင့်ပတ်သက်၍ G-7 အဖွဲ့ဝင်နိုင်ငံများ သဘောတူခြင်း ရှိ/မရှိနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး လက်ရှိ အချိန်တွင် မူဘောင်အသစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန် ထားခြင်းမရှိသေးပါ။ သို့သော်လည်း တရုတ်နိုင်ငံက G-7 အနေဖြင့် ထိုသို့ မူဘောင်များချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လာခြင်းသည် နိုင်ငံတစ်နိုင်ငံကို ပစ်မှတ်ထား ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ပြောကြားထားပါသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် De-risking မဟာဗျူဟာ ကျင့်သုံးခြင်းအတွက် အထောက်အကူဖြစ်စေနိုင်မည်ဟုဆိုသည်။ အစည်းအဝေးကို တက်ရောက်ခဲ့သည့် အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့သည် G-7 ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေပါသည်။ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် G-7 အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဦးစားပေးခြင်းအကျိုးကို လက်တွေ့ခံစားရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် G-7 နိုင်ငံများသည် တရုတ်နိုင်ငံနှင့် အပြိုင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ နိုင်ငံများအပေါ် နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မည့်နည်းလမ်း(Win-Win)များဖြင့် လက်တွဲ ဆောင်ရွက်ရန် ကမ်းလှမ်းမှုများပြုလုပ်နေသည်ဟု ဖော်ပြထားပါသည်။
အစည်းအဝေးတွင် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းအတွင်း လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် ထိုင်ဝမ်ဒေသ တည်ငြိမ် အေးချမ်းရေးသည်အရေးကြီးပါသည်။ G-7 နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် တည်ငြိမ်သည့် ဆက်ဆံရေးတစ်ရပ်တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဘုံအကျိုးစီးပွားများအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ G-7 အဖွဲ့ဝင်ခေါင်းဆောင်များအနက်မှ အချို့သည်လည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဟု ယူဆနေကြသည့်အတွက် တရုတ် နိုင်ငံ၏ ရည်ရွယ်လုပ်ဆောင်ချက်များကို နားလည်ထားရန်လည်း လိုအပ်ပါသည်။ တရုတ် နိုင်ငံက ၎င်းတို့အပေါ် ကမ္ဘာ့နိုင်ငံအချို့ ကျင့်သုံးနေသည့် မူဝါဒများနှင့်ပတ်သက်၍ မကျေနပ်မှုများရှိနေပြီး တန်ပြန်ဆောင်ရွက်နိုင်ကြောင်းနှင့် အဆိုပါအချက်ကို G-7 နိုင်ငံများအနေဖြင့်လည်း နားလည်သဘောပေါက်ထားရန် လိုအပ်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
G-7 ထိပ်သီးအစည်းအဝေးတွင် သက်ဆိုင်ရာဒေသ၌ စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်လာသည့် ဩစတြေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ် နိုင်ငံတို့အား တက်ရောက်ရန်ဖိတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံအပြင် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများသည် ထိုစီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်သည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို အပြိုင်စည်းရုံးပြီး ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံတွင် ဦးဆောင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများသည် အာရှ ဒေသတွင်းချုပ်ကိုင်မှုများပြုလုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားစည်းရုံးမှုများ ရှိနေသည်ကို တွေ့ရှိရသည်။ G-7 အဖွဲ့ဝင်နိုင်ငံအချို့တွင် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ အခင်းအကျင်းများတွင် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိနေခြင်းနှင့် De-risking မဟာဗျူဟာအရ တရုတ်နိုင်ငံအပေါ်မှီခိုမှုလျော့ချမည်ဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ မြွေမသေတုတ်မကျိုး စီးပွားရေးဆက်လက် ပူးပေါင်းလုပ်ဆောင်ရန် ရှိနေခြင်းတို့ကြောင့် ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအားစည်းရုံး နိုင်မည့်အရေးနှင့် တရုတ်နိုင်ငံအခန်းကဏ္ဍကို မှေးမှိန်အောင်ဆောင်ရွက်မည့်အရေးတွင် လိုအပ်ချက်များရှိနေဦးမည်ဖြစ်ပါသည်။
G-7 ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံကို ရည်ရွယ်သော စီးပွားရေးအရ တန်ပြန်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအား တရုတ်နိုင်ငံနှင့်အပြိုင်လွှမ်းမိုးရန်၊ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရန်၊ တရုတ်နိုင်ငံအား ဝိုင်းပတ်ထိန်းချုပ်ရေး အတွက် QUAD အဖွဲ့နိုင်ငံများမှ အင်ဒို-ပစိဖိတ်ဒေသတွင်း ရေအောက်ဆက်သွယ်ရေး Networks များ ဆောင်ရွက်ရန်အချက်များပါဝင်သဖြင့် China Threat အဖြစ် ဆောင်ရွက် ခဲ့ပြီး တရုတ်နိုင်ငံကလည်း G-7 အစည်းအဝေးကို Anti-China Workshop အဖြစ် သတ်မှတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် လက်ရှိ G-7 ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံအား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအား တန်ပြန်ရန် အရှိန်မြှင့်တင်နေခြင်းဖြစ်သောကြောင့် တရုတ်နိုင်ငံဘက်မှလည်း ၎င်း၏မိတ်ဘက်နိုင်ငံများနှင့် အလားတူဆောင်ရွက်မှုများ မြင်တွေ့လာရနိုင်ပြီး နိုင်ငံငယ်များအနေဖြင့် နိုင်ငံကြီးများ၏ အားပြိုင်မှုအကြားတွင် မိမိနိုင်ငံအတွက် ပါးနပ်စွာအကျိုးစီးပွားထုတ်ယူနိုင်သည့် ပညာသည်သာ အခရာဖြစ်လာမည်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
28052923