တရုတ်နိုင်ငံ၏တိုးတက်လာမှု၊ အိန္ဒိယနိုင်ငံ၏ကြီးထွားလာမှု၊ ဂျပန်နိုင်ငံ၏ ပြန်လည်နိုးထလာမှုများကြောင့် အင်ဒို-ပစိဖိတ်ဒေသသည် အခြားဒေသများထက် နိုင်ငံတကာရေးရာတွင် မဟာဗျူဟာမြောက်အရေးပါတဲ့ဒေသတစ်ခု ဖြစ်လာပါသည်။ စစ်အေးကာလ ဆယ်စုနှစ်ပေါင်းများစွာ၊ အထူးသဖြင့် ၁၉၆၀ ခုနှစ်နောက်ပိုင်း ဗြိတိသျှတို့ စူးအက် အရှေ့ဒေသတွေကနေ ဆုတ်ခွာပြီးချိန်တွေမှာ အင်ဒို-ပစိဖိတ်ဒေသကို အမေရိကန်တို့ လွှမ်းမိုးထားခဲ့ပါသည်။ နှစ်ပေါင်းအတော်ကြာအောင် လစ်လျူရှုထားပြီးတဲ့နောက်မှာတော့ အမေရိကန်တို့ရဲ့ အာရုံစူးစိုက်မှု ဗဟိုချက်သည် အနောက်ဘက်ကနေ အရှေ့ဘက်ကို ရွေ့လျားခဲ့ပါသည်။ ထို့ကြောင့် အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာတစ်ဝှမ်းမှ မူဝါဒဆိုင်ရာအဆုံးအဖြတ်ပေးသူများ၏ အာရုံကျရာ ဖြစ်လာပါသည်။ ၎င်းဒေသတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးလောက်နေထိုင်ပြီး သယံဇာတများ ပေါကြွယ်ဝသည့်အပြင်၊ အထူးသဖြင့် ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ဒြပ်ပေါင်းများ ထွက်ရှိသည့်နေရာလည်းဖြစ်ပါသည်။ ထို့အပြင် ဤဒေသတွင် ကမ္ဘာ့စစ်ရေး၊ စီးပွားရေး နှင့် စက်မှု အင်အားကြီးပါဝါများ ကူးလူးဆက်ဆံရာ မရှိမဖြစ်အရေးပါသော ပင်လယ်ပြင်ဆက်သွယ်ရေး လမ်းကြောင်းတည်ရှိရာလည်း ဖြစ်သည့်အတွက် အင်းအားကြီးပါဝါများနှင့် အင်းအားကြီးမားလာနေသောပါဝါများ၏ မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုကြားတွင် အဓိကကျသော ဇာတ်ခုံတစ်ခုဖြစ်လာပါသည်။ သို့သော်လည်း အင်ဒို-ပစိဖိတ်ဒေသသည် မလုံခြုံမှု၊ မဟာဗျူဟာမတည်ငြိမ်မှုများနှင့် နေရာတစ်ခုဖြစ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် ဝရုန်းသုန်းကားဖြစ်မှုများ၏ အဓိကနေရာဒေသတစ်ခုဖြစ်သည့် ဤဒေသတွင် နယ်စပ်ပြဿနာများ၊ အကြမ်းဖက်လှုပ်ရှားမှုများ၊ ရေပိုင်နက်အငြင်းပွားမှုများစသည့် ပေါက်ကွဲလုနီးပါးအခြေအနေများနှင့်လည်း ပြည့်နှက်နေပါသည်။
အင်ဒို-ပစိဖိတ်ဒေသသည် အိန္ဒိယနိုင်ငံရဲ့ “အရှေ့မျှော်ဝါဒ” (Look East) နဲ့ တရုတ်နိုင်ငံရဲ့ “အနောက်သို့ခြေလှမ်း” (Go West) တို့ဆုံရာနေရာလည်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏အရှေ့မျှော်ဝါဒ ကို ၁၉၉၀ အစောပိုင်းနှစ်များထဲက ကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။ ၎င်းမူဝါဒသည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးသာမက ၎င်း၏ဒေသတွင်းပါဝါကို အားဖြည့်ရန်လိုအပ်သောအချက်ဖြစ်သည့် အရှေ့အာရှအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေး၊မဟာဗျူဟာမြောက်ဆက်ဆံရေးဏ္ဍကို ချဲ့ထွင်ရန်အတွက်ဖြစ်ပါသည်။ ၎င်းမူဝါဒကို ဝန်ကြီးချုပ် နာရာစီမရာရို (P.V. Narasimha Rao) ကအတည်ပြုပေးခဲ့ပြီး နောက်တက်လာသည့်အစိုးရအဆက်ဆက် လက်ဆင့်ကမ်းကျင့်သုံးခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာထဲတွင် Tri-service Andaman & Nicobar Command ကိုတည်ဆောက်ပြီး ၎င်း၏ လက်ရှိရေတပ်နှင့် လေတပ်စွမ်းအားများကို မြှင့်တင်ခဲ့ပါသည်။ ဒီဖြစ်စဉ်များကြောင့် အိန္ဒိယသမုဒ္ဒရာသည် အိန္ဒိယတစ်နိုင်ငံတည်းပိုင် မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ဝေဖန်ခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ၁၉၉၀ အစောပိုင်းနှစ်များမှစ၍ အိန္ဒိယသမုဒ္ဒရာထဲတွင် အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှုများ ရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာအတွင်း တိုးတက်လွှမ်းမိုးလာနိုင်မှုသည် အမေရိကန်နှင့် အခြားဒေသတွင်းနိုင်ငံများကို အထိတ်တလန့်ဖြစ်စေခဲ့ပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်းမှ တရုတ်ရေတပ်၏သရုပ်သကန်ကို “ပုလဲသွယ်” မဟာဗျူဟာ (String of Pearls) ရယ်လို့ အနောက်နိုင်ငံမှ လုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်သူများနှင့် အထူးသဖြင့် အမေရိကန်များက ဝေါဟာရတီထွင်သုံးစွဲခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ၂၁ ရာစုအလည်လောက်မှစ၍ သမုဒ္ဒရာနှစ်ခုကို ပိုင်စိုးနိုင်သော အင်အားကြီးပါဝါ (two-ocean maritime power) ဖြစ်လာရန်အတွက် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာနှစ်ခုစလုံးကို လွှမ်းမိုးရန် သူ့နည်းသူ့ဟန် ရည်မှန်းချက်များရှိပါသည်။ အနောက်သို့ခြေလှမ်း (Go West) ဟုခေါ်သည့် တရုတ်နိုင်ငံ၏ ဒီပလိုမေစီ မဏာမခြေလှမ်းသည် “A belt and a road” တည်ဆောက်ရန် ဖြစ်ပါသည်။ စီးပွားရေး ပိုးပတ်လမ်း (Silk Road Economic Belt) နှင့် ၂၁ ရာစု၏ ပင်လယ်ရေကြောင်း ပိုးလမ်းမ (Martime Silk Road) ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။ သမ္မတ ဇီဂျင်ပင်း (Xi Jinping)က ၎င်းစီမံချက်သည် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု (win-win) ကိုဦးတည်မည့် လမ်းကြောင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အနောက်သို့ခြေလှမ်း (Go West) မူဝါဒဖြစ်ပေါ်လာခြင်းသည် သူ့နိုင်ငံအတွက် ပထဝီဝင်နိုင်ငံရေးအရစိုးရိမ်ပူပန်မှု နှင့် အကြမ်းဖက်ဝါဒလို ဒေသတွင်းလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများက အဓိကမောင်းနှင်အားများဖြစ်ပါသည်။ သမ္မတ ရှီဂျင်းဖိန် (Xi Jinping) က Maritime Silk Road (MSR) အယူအဆကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း အင်ဒိုနီးရှားလွှတ်တော်၌ ပထမဆုံးထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကိစ္စအောင်မြင်ရန်အတွက် အရှေ့တောင်အာရှဒေသသည် အရေးကြီးသောအခန်းကဏ္ဍမှ သိသိသာသာ ပါဝင်နေပါသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် MSR အတွက် အဓိက သော့ချက်ဖြစ်ပါသည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်အတွင်းမှ ရေပိုင်နက်အငြင်းပွားမှုများသည် တရုတ်နိုင်ငံ၏ MSR အကောင်အထည်ဖော်မှုအတွက် အခက်အခဲဖြစ်စေပါသည်။
အင်ဒို-ပစိဖိတ်ဒေသကို စိတ်ဝင်စားကြောင်းပြသသော နောက်နိုင်ငံတစ်ခုမှာ ဂျပန်နိုင်ငံဖြစ်ပါသည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) ၏ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှခရီးစဉ်တွင် ၎င်းဒေသအတွင်းမှာရှိသော ဂျပန်၏ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဂျာကာတာမြို့၌ ဂျပန်နိုင်ငံရဲ့ သံခင်းတမန်ခင်း မူသစ် ၅ ချက် (The Bounty of the Open Seas: Five New Principles for Japanese Diplomacy) ကို ဝန်ကြီးချုပ်အာဘေးမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းမိန့်ခွန်းတွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ပြောကြားခဲ့သည့် မူဝါဒ (၅) ချက်မှာ
• ပထမမူဝါဒမှာ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ ဆုံရာဒေသတွင် လွတ်လပ်စွာ တွေးတော၊ ရေးသား၊ ပြောဆိုခွင့်များကို ကာကွယ်ရန် နှင့် လူသားများ ရရှိပြီးဖြစ်သော ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများ အပြည့်ဝဆုံး ပွင့်လန်းနေရမည်။
• ဒုတိယမူဝါဒမှာ အားလုံးအတွက်အရေးကြီးသော ပင်လယ်ပြင်များတွင် အင်အားနှင့် ထိန်းချုပ်ခြင်းမဟုတ်ဘဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် စိုးမိုးမှုရှိစေရေး သေချာရန် ဖြစ်ပါသည်။ ၎င်းရည်ရွယ်ချက်နှစ်ခုနှင့် ဆက်စပ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်နိုင်ငံ၏ အင်အာချိန်ခွင်လျှာပြန်လည်ထိန်းညှိမှုကို အင်တိုက်အားတိုက် ကြိုဆိုသည်။
• တတိယမူဝါဒမှာ ဂျပန်သံခင်းတမန်ခင်း၏ အစိတ်အပိုင်းအဖြစ် လွတ်လပ်၍ ပွင့်လင်းသော စီးပွားရေး အပြန်အလှန်ဆက်နွယ်မှုကို ဖော်ဆောင်ရန်ဖြစ်ပါသည်။ နိုင်ငံတစ်ခုချင်း၏ အမျိုးသားစီးပွားရေးကို ပိုမိုရင်းရင်းနှီးနှီးဆောင်ရွက်ခြင်းအားဖြင့် လူထုနှင့် ကုန်ပစ္စည်းတွေကနေတဆင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ၏ ချိတ်ဆက်မှု စွမ်းအားကို ပိုပြီးသေချာအောင်လုပ်ရမည်။ အာရှဒေသနှင့် ဆက်သွယ်မှု ပိုမိုတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် အကောင်အထည်ဖော်မှုမှာ မဲခေါင်ဒေသအတွက် အကျိုးဖြစ်ထွန်းမှုကို စတင်ဖော်ဆောင်နေသည့် တောင်ဘက်စီးပွားရေးစြင်္ကံ (Southern Economic Corridor) တည်ဆောက်ခြင်းပင်ဖြစ်သည်။
• စတုတ္ထမူဝါဒမှာ ၎င်းဒေသတွင်ရှိသောပြည်သူလူထုနှင့် ဂျပန်ပြည်သူလူထုအကြား အမြဲတမ်းအကျိုးဖြစ်ထွန်းစေမည့် ယဉ်ကျေးမှုအချင်းချင်း အပြန်အလှန် ယှက်နွယ်ဆက်ဆံရေးကို ဆောင်ကြဉ်းရန်ဖြစ်သည်။
• ပဉ္စမနှင့်နောက်ဆုံးမူမှာ နိုင်ငံများ၏ အနာဂတ်ကိုဆက်ခံမည့် မျိုးဆက်သစ်များအချင်းချင်း အပြန်အလှန်ဆက်ဆံပြီး တွေ့ဆုံဖလှယ်မှုကို မြှင့်တင်ပေးရန်အတွက်ဖြစ်သည်ဟု ပါရှိပါသည်။
ပထဝီဝင်အနေအထားအရ အရှေ့တောင်အာရှကျွန်းဆွယ်သည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ပေးထားသည့် ပေါင်းကူးတံတားပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း မကြာသေးမီက ပညာရပ်ဆိုင်ရာလေ့လာချက်များတွင် အင်ဒို-ပစိဖိတ်ဒေသတွင်းမှ အရှေ့တောင်အာရှကျွန်းဆွယ်၏ မဟာဗျူဟာမြောက် အဓိကအချက်အခြာဖြစ်မှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်ပါသည်။ အရေးကြီးသည့်အချက်များထဲမှ ထင်ရှားသည့်အချက်တစ်ခုမှာ နိုင်ငံတကာကုန်သွယ်မှုနှင့် စွမ်းအင်ထောက်ပံ့မှုကို နှောင့်ယှက်နိုင်သော မလက္ကာရေလက်ကြား (Malacca Strait) ဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသကိစ္စတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ဒေသတွင်း အဖွဲ့အစည်းများတည်ထောင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကူညီပံ့ပိုးပေးသည့် စီမံချက်များမှတဆင့် ဒေသတွင်း မဟာဗျူဟာမြောက်သေချာရေရာမှုကို အားပေးကူညီသည့်နေရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သင့်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် စိုးရိမ်မှုများ ကျယ်ပြန့်လာသည်နှင့်အမျှ၊ အင်အားကြီးပါဝါများ၏ ဒေသတွင်း ပထဝီဝင်နိုင်ငံရေးနှင့် ပထဝီမဟာဗျူဟာ ပြိုင်ဆိုင်မှုများကြားတွင် ASEAN အနေနှင့်လည်း တက်ကြွသည့် အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်လာဖို့လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပထဝီအနေအထားအရ အရှေ့တောင်အာရှ၏ အနောက်ဖက်စွန်းတွင်တည်ရှိသည်။ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အာရှဒေသများနှင့် ဆက်စပ်နေပါသည်။ ခိုင်မာတောင့်တင်းသည့် ရေကြောင်းမဟာဗျူဟာသာ ဖော်ထုတ်နိုင်မည်ဆိုလျှင် နတ်မြစ်ဝမှ ဘုရင့်နောင်အငူအထိ ကျယ်ပြန့်သော (၂၂၂၈) ကီလိုမီတာရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကြီးသည်၊ မြန်မာနိုင်ငံကို ဒေသတွင်း ပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် ဆောင်ကြဉ်းပေးနိုင်ပါသည်။ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဘင်္ဂလားပင်လယ်အော်နှင့် မြေထဲပင်လယ်တို့၏ အရှေ့မြောက်ဘက်တွင် မျက်နှာချင်းဆိုင်ထားသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကစားရန်အတွက် နေရာကောင်းဖြစ်ပါသည်။ အထူးစီးပွားရေးဇုန်များပါဝင်သည့် မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက်သယံဇာတများနှင့် ပထဝီတည်နေရာသည် ပထဝီဝင်နိုင်ငံရေး၏မဏ္ဍိုင် ဖြစ်လာမည့် မြန်မာနိုင်ငံအတွက် အဖိုးတန်ပိုင်ဆိုင်မှု နှင့် အရည်အသွေးများပဲဖြစ်ပါသည်။
သမ္မတ ဂျင်မီကာတာ၏ အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဇဘစ်နရီး ဘရင်န်ဇ်စကီ (Zbigniew Brzezinski) ၏ အယူအဆအပေါ်အခြေခံ၍ “မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်” (Geostrategic Player) နှင့် “ပထဝီဝင်နိုင်ငံရေး၏မဏ္ဍိုင်” (Geopolitical Pivot) တို့၏ အနှစ်သာရကို ရှင်းပြလိုပါသည်။ ဘရင်ဇ်စကီ၏ အလိုအရ “မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်” ဆိုသည်မှာ ပါဝါကိုကိုင်တွယ်နိုင်သော စွမ်းရည်နှင့် အမျိုးသားစိတ်ဆန္ဒလည်းရှိပြီး အခြားနိုင်ငံများ၏ အရေးကိစ္စကို ပြောင်းလဲနိုင်ရန်အတွက် ၎င်း၏နယ်နမိတ်ကိုကျော်လွန်ပြီး သြဇာလွှမ်းမိုးနိုင်သည့် ဇာတ်ကောင်များဖြစ်ပါသည်။ သို့သော်လည်း ၎င်းဇာတ်ကောင်များတွင် ပထဝီဝင်နိုင်ငံရေးအရ မတည်ငြိမ်မှု အလားအလာ ပင်ကိုယ်ဗီဇရှိသည်ဟု ဆိုပါသည်။ ကမ္ဘာပေါ်တွင် Geostrategic Player ဟုခေါ်ဆိုနိုင်သော နိုင်ငံများအနက် ထင်ရှားသောနိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပါသည်။ Geographical Pivot ဆိုသည်မှာ ထိုနိုင်ငံများ၏အရေးပါမှုသည် ၎င်းတို့၏စတင်မှုနှင့်ပါဝါမှ ဆင်းသက်လာခြင်းမဟုတ်ဘဲ ၎င်းတို့၏အကဲဆတ်သည့် တည်နေရာနှင့်အားနည်းချက်များကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာသော Geostrategic Player များ၏အပြုအမူတွေကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ပဲဖြစ်သည်ဟု ဆိုပါသည်။ အများအားဖြင့် နိုင်ငံတစ်ခုကို ပထဝီဝင်နိုင်ငံရေးမဏ္ဍိုင်အဖြစ်သတ်မှတ်မည်ဆိုလျှင် ထိုနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အရေးကြီးသောနေရာတွင်တည်ရှိမှု၊ သို့မဟုတ် အင်အားကြီးနိုင်ငံတစ်ခုအတွက် အရင်းအမြစ်၊ သယံဇာတတစ်ခုခုကို ပေးဖို့ငြင်းဆန်မှု စသည့်ကိစ္စရပ်တွေကနေ ဆုံးဖြတ်ပါသည်။ အချို့ကိစ္စရပ်များတွင် Geographical Pivot နိုင်ငံသည် နေရာဒေသတစ်ခုအတွက် (သို့) အချက်အချာကျသောနိုင်ငံတစ်ခုအတွက် ကာကွယ်ရေးဒိုင်းတစ်ခုလိုတောင် ဖြစ်နိုင်ချေရှိပါသည်။ တစ်ခါတစ်ရံတွင် Geographical Pivot နိုင်ငံတစ်ခုရှိနေခြင်းသည် တက်ကြွသော မဟာဗျူဟာမြောက်ပထဝီဝင်အိမ်နီးချင်းနိုင်ငံတစ်ခု၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအတွက် အလွန်သိသာထင်ရှားသော အရေးပါမှု (အကျိုးဆက်) တွေရှိလိမ့်မည်ဟု ဘရင်န်ဇကီက ဆိုပါသည်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း တွေ့ရသည့် အဓိကအင်အားကြီးပါဝါများမှာ အမေရိကန်၊ တရုတ်၊ ရုရှား နှင့် အိန္ဒိယနိုင်ငံတို့ပင် ဖြစ်ပါသည်။ Geostrategic Player တွေလို့လဲ သတ်မှတ်နိုင်ပါသည်။ ရုရှားအနေနှင့် “Near Abroad” ဟုသတ်မှတ်ထားသော ဥရောပဒေသတွင်ရှိသည့် ၎င်း၏အကျိုးစီးပွားလောက် ဒီဒေသအတွင်းတွင် တက်ကြွသည့်ဇာတ်ကောင်တစ်ယောက် မဟုတ်ပါ။ သို့သော် တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ၎င်း၏ လွှမ်းမိုးနိုင်မှု မသေချာကတည်းက အိန္ဒိိယသမုဒ္ဒရာအတွင်း၌ သြဇာတည်ဆောက်ရင်း ၎င်းဒေသအတွင်းမှာ ကြီးမားသောအကျိုးစီးပွားနှင့် သိသာထင်ရှားသော Geostrategic Player ဖြစ်ပါသည်။ ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ဆာလောင်မွတ်သိပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနှင့်အညီ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသမှ စွမ်းအင်ရယူရန်အတွက် အရှေ့တောင်အာရှ၏ ပင်လယ်လမ်းကြောင်းကို အကြီးအကျယ်မှီခိုနေရပါသည်။ ဥပမာအားဖြင့် မလက္ကာရေလက်ကြား (Malacca Strait) လိုနေရာမျိုးသည် တရုတ်နိုင်ငံအတွက် အားနည်ချက်ကိုဖြစ်စေနိုင်သော Choke Points များဖြစ်ပါတယ်။ ဤပြဿနာကိုကိုင်တွယ်နိုင်ရန်အတွက် တရုတ်နိုင်ငံသည် အရှေ့တောင်အာရှရေပြင်၏ အဓိကနေရာများကို ဖြတ်သန်းပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အတော်များများကို တည်ဆောက်ခဲ့ပါသည်။ မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေပြီး အန္ဒိယသမုဒ္ဒရာထွက်ပေါက်ပိုင်ဆိုင်သည့် အရှေ့တောင်အာရှ ၏ တစ်ခုတည်းသောနိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်င်ငံ၏ အနောက်ဘက်ဆိပ်ကမ်း ကျောက်ဖြူမြို့မှ ယူနယ်ပြည်နယ်၊ ကူမင်းအထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကြာသေးမီကပင် တည်ဆောက်ခဲ့ပါသည်။ မြန်မာနိုင်ငံကျောက်ဖြူမြို့တွင်ရှိသော ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံသည် တရုတ်နိုင်ငံအတွက် အန္ဒိယသမုဒ္ဒရာအတွင်းမှ မဟာဗျူဟာမြောက်အကျိုးစီးပွားဖြစ်သကဲ့သို့ ထုတ်ဖော်ပြော ဆိုခြင်းမရှိသော တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဆိုင်ရာ အဖိုးတန်ပိုင်ဆိုင်မှု (China’s Maritime assets) လည်း ဖြစ်ပါတယ်။ ဤပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်တွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလာနိုင်မှုက အင်ဒို-ပစိဖိတ်ဒေသတွင်ရှိသော အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ကျဆင်းစေသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောနှစ်များကတည်းက တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကို တန်ပြန်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ရင်းနှီးသောဆက်ဆံရေးထူထောင်ပြီး မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာစွမ်းရည်များ မြှင့်တင် ရာတွင် ကူညီပံ့ပိုးပေးခဲ့ပါသည်။
အထက်ပါအကြောင်းအချက်များပေါ်တွင်မူတည်ပြီး တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏အားပြိုင်မှုကြားမှ မြန်မာနိုင်ငံ၏ပထဝီဝင်တည်နေရာကို အသေအချာ ကောက်ချက်ဆွဲနိုင်သည်မှာ မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်းမှ မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင် (Geostrategic Player) များဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ကိုင်လှုပ်နိုင်သော ပထဝီဝင်နိုင်ငံရေး၏မဏ္ဍိုင် (Geopolitical Pivot) ပင်ဖြစ်ပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒများသည် တရုတ်နှင့်အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်အားပြိုင်မှုကို အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အချက်မှာ ကိုယ့်နိုင်ငံ၏ အဓိကကျသောပထဝီဝင်တည်နေရာမှ အကောင်းဆုံးအကျိုးကျေးဇူးတွေကိုရယူပြီး Geostrategic Player နိုင်ငံနှစ်ခုကြားတွင် ချီးကျူးထိုက်သော Geopolitical Pivot နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိရန်ဖြစ်သည်။ ကိုယ့်နိုင်ငံ၏ ပထဝီဝင်တည်နေရာ၏ အားသာချက်ကို ထုတ်ယူသုံးစွဲနိုင်တဲ့ (အသုံးချနိုင်သည့်) စိတ်ဆန္ဒနှင့် စွမ်းရည်မရှိခဲ့လျှင် မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်းမှ အင်းအားကြီးပါဝါနှစ်ခု၏ အားပြိုင်မှုကြားတွင် အသုံးချခံ (နယ်ရုပ်လေးတစ်ခု) သဖွယ် ဖြစ်လာပါလိမ့်မည်။
ဒေါက်တာအောင်မျိုး
Translated by Maung Kyaw (9/4/2015 /TUE/ 21 00/At IUJ)
No comments:
Post a Comment
Note: Only a member of this blog may post a comment.