ကျွန်တော်တို့မြန်မာနိုင်ငံသည် တပ်မတော်အစိုးရတာဝန်ယူဆောင်ရွက်နေသော အချိန်ကတည်းက ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရန်အတွက် မဟာဗျူဟာတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းမဟာဗျူဟာအောင်မြင်ခြင်း အရပင် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းပေးနိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပကာ ၂၀၁၁ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်ဘက်အစိုးရသို့ နိုင်ငံတော်အာဏာကို ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအရပ်သား အစိုးရအနေဖြင့် ၅ နှစ်ကြာနိုင်ငံတော်ကိုဦးဆောင်ခဲ့ပါသည်။ ထိုမှတဆင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ရာ ယခုဆိုလျှင် ၁နှစ်သား အစိုးရသို့ ရောက်လုပြီဖြစ်ပေသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရန်လိုအပ်ပါသည်။ ထိုသို့နိုင်ငံရေးတည်ငြိမ်မှုရှိအောင်တည်ဆောက်ရာတွင် ကောင်းမွန်သောစစ်ဘက်-အရပ်ဘက်ဆက်ဆံရေးထူထောင်နိုင်ရန် အလွန်အရေးကြီးလှပေသည်။ ထို့ကြောင့်ပင်လျှင် ဒုတိယကမ္ဘာစစ်အပြီးမှစ၍ ပညာရှင်များက စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးသီအိုရီများကို ထုတ်ဖော်ခဲ့ကြပါသည်။ အချိန်ကာလအားလျော်စွာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲနေသကဲ့သို့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး သီအိုရီများလည်း ပြောင်းလဲလျက် ရှိပါသည်။ ထိုပြောင်းလဲနေသော သီအိုရီများ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ အတွေ့အကြုံများကို မိမိနိုင်ငံနှင့်ချိန်ထိုးသုံးသပ်နေရန် လိုအပ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ စစ်ဘက်ဦးဆောင်မှုရယူသောအုပ်ချုပ်ရေးမှ အရပ်ဘက်ဦးဆောင်မှုယူသော အုပ်ချုပ်ရေးသို့ပြောင်းလဲနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသီအိုရီများ၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပြောင်းလဲပုံများနှင့် အခြားအသွင် ကူးပြောင်းပြီးနိုင်ငံများ၏ အတွေ့အကြုံများကို သိရှိနားလည်သဘော ပေါက်ရန် လိုအပ်လာပါသည်။ သို့ဖြစ်၍ စစ်ဘက်ကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေကြသော တပ်မတော်သားများအနေဖြင့် ကမ္ဘာ့စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးသီအိုရီများအကြောင်း နှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံများအကြောင်းကို အတိုင်းအတာတစ်ခုအထိ သိရှိနားလည်သဘောပေါက်ထား ရန်လိုအပ်သဖြင့် ဤဆောင်းပါး ကိုရေးသားလိုက်ရပါသည်။
ကျွန်တော်တို့နိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအကြောင်းပြောကြပြီ ဆိုလျင် စစ်ဘက်သည် အရပ်ဘက်ဦးဆောင်မှု အောက်တွင်ရှိရမည်၊ တနည်း “Professional” ဖြစ်ရမည်ဆိုသည်ကို အသားပေးပြောဆိုလေ့ရှိကြသည်။ စစ်အေးကာလအတွင်း ပေါ်ထွက်ခဲ့သည့် အနောက်လူမှုအဖွဲ့အစည်း အထူးသဖြင့် အမေရိကန်နိုင်ငံကို အခြေပြုထားသည့် Samuel P. Huntington ၏အယူအဆဖြစ်သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အတွက် ပထမဦးဆုံး ဂန္တဝင်မြောက် သီအိုရီဟုဆိုနိုင်ပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် Huntington ၏အယူအဆ အာနည်းချက်များကို ထောက်ပြလာသည့် စစ်ဘက်-အရက်ဘက်ဆက်ဆံရေး သီအိုရီ များစွာရှိပါသည်။ သဘာဝကျသော သီအိုရီတစ်ခုမှာ Samuel E. Finer ၏ အယူအဆဖြစ်သည်။ သူက Huntington ၏ Professional ကျသည့် စစ်တပ်သည် နိုင်ငံရေးမှ ဝေးဝေးနေလိမ့်မည်ဆိုသည့် အယူအဆကိုတွန်းလှန်သည်။
သူ၏ အယူအဆက ရှင်းသည်။ ၂၀ ရာစုအစ က ဂျာမဏီ၊ ဂျပန် စသည့် စစ်တပ်များသည် Professional ကျလွန်းလှသော်လည်း မည့်သည့်အတွက်ကြောင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သနည်းဆိုသည့် မေးခွန်းနှင့် Huntington ၏ “Professionalism” အယူအဆကို ရိုက်ချိုးလိုက်သည်။ ၎င်း၏ယူဆမှာ နိုင်ငံရေးတွင် စစ်ဘက်၏ ပါဝင်မှုသည် လူမှုအဖွဲ့အစည်း၏ “Political Culture” အနိမ့်အမြင့်ပေါ်တွင် မူတည်(အခြေခံ) နေသည်ဟုဆိုသည်။ “နိုင်ငံရေး ယဉ်ကျေးမှု” ဟု ဝိဂြိုလ်ပြုချင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများ၏နိုင်ငံရေးယဉ်ကျေးမှု နိမ့်လျင် နိမ့်သလောက် စစ်ဘက်၏ နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှု မြင့်သည်ဟု ဆိုပါသည်။ တစ်နည်းနိုင်ငံရေး ယဉ်ကျေးမှုရေချိန် မြင့်လျင်မြင့်သလောက် စစ်ဘက်မှ နိုင်ငံရေးတွင်ပါဝင်ပတ်သက်ရန် မလွယ်ကူပါ။ နိုင်ငံရေးယဉ်ကျေးမှု အနိမ့်အမြင့်ကို အခြေခံအားဖြင့် ထိုလူမှုအဖွဲ့အစည်း၏ နိုင်ငံရေးရင့်ကျက်မှု၊ ပြည်တွင်း တည်ငြိမ်မှု နှင့် စစ်ပွဲများ၊ ပဋိပက္ခများဖြင့်တိုင်းတာသည်။ မတည်ငြိမ်မှုများနှင့် အရပ်ဘက်မှ နိုင်ငံရေးအားပြိုင်မှု ပဋိပက္ခများကြောင့် အရပ်ဘက်က စစ်ဘက်အပေါ်မှာ မှီခိုလာရပုံကိုထောက်ပြသည်။ အရပ်ဘက်၏ စစ်ဘက်အပေါ် လွှမ်းမိုးရန်ကြိုးစားခဲ့မှုများသည် စစ်ဘက်ကို နိုင်ငံရေးထဲ ဆွဲခေါ်သည့်ပုံစံဖြစ်ခဲ့သည်များကို ထောက်ပြသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျင် Huntington နောက်ပိုင်း ထွက်ပေါ်လာသည့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအယူအဆများသည် များစွာ လက်တွေ့ကျလာသော်လည်း ကမ္ဘာကိုဦးဆောင်နေသည့် အမေရိကန်နိုင်ငံ၏ မူဝါဒသဘောထားများကို အထောက်အပံ့ မပေး၍သာ ငုပ်လျှိုးနေခြင်းဖြစ်ပါသည်။
Huntington နောက်ပိုင်း ထွက်ပေါ်ခဲ့သည့် သီအိုရီအများစုသည် စစ်ဘက်အရပ်ဘက် ကွဲထွက်ခြင်း “separation” ထက် ပေါင်းစည်းခြင်း “integration” ကို ယိမ်းခဲ့သည်က များပါသည်။ Charles Moskos ၏ Institution/Occupation “I/O model”၊ Morris Janowitz ရဲ့ “Convergence” သဘောတရား၊ John M. Gates ရဲ့ “golden age of isolation…never existed” ဟူသည့် အဆို၊ Maury Feld ၏ အမေရိကန် စစ်ဘက်နှင့် အရပ်ဘက်ကို တန်းတူပြုခဲ့မှု၊ Douglas L. Bland ရဲ့ “The Theory of Shared Responsibilities”၊ Rebecca L. Schiff ရဲ့ “Concordence Theory” အားလုံးဟာ ကွဲထွက်ခြင်းထက် ပေါင်းစည်းခြင်းဘက်ကို ယိမ်းခဲ့ကြတာဖြစ်ပါသည်။ အမှန်ဆိုရပါမူ Huntington သည်ပင် “fusion” or “ integration” ဆိုသည့် အယူအဆကိုပြောဆိုခဲ့ပါသေးသည်။ ထို့ကြောင့်လည်း နောက်ပိုင်းသီအိုရီများသည် Huntington ၏ဂန္တဝင်သီအိုရီထဲမှ အလုံးစုံသွေဖည်သွားခြင်းမရှိသေး ဟုလည်း ဆိုကြသည်။ ဟန်တင်တန်အနေဖြင့် အရပ်ဘက်ထိန်းချုပ်မှု Civilian control ဆိုရာတွင်လည်း ဓမ္မဓိဌာန်မကျသောအရပ်ဘက်ထိန်းချုပ်မှု Subjective civilian control နှင့် ဓမ္မဓိဌာန်ကျသောအရပ်ဘက်ထိန်းချုပ်မှု Objective civilian control ဟူ၍ ခွဲပြခဲ့သေးသည်။ စစ်ဘက်၏ဖြစ်တည်မှုနှင့် သဘောသဘာဝကို အသိအမှတ်ပြုရန်၊ ၎င်း၏ command and control ကိုမစွက်ဖက်ဖို့ ပြောခဲ့သည်။ ကျွန်တော်တို့နိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသဘောတရား သီအိုရီများကို ကိုယ်လိုချင်သည့် အပိုင်းကိုသာ ဖြတ်ယူပြောဆိုကြပြီး၊ များစွာခေတ်နောက်ကျနေသည်ကိုတွေ့ရပါသည်။ နောက်ပိုင်း သီအိုရီတော်တော်များများသည် စစ်ဘက်နှင့် အရပ်ဘက် ကဏ္ဍများတွင် ပါဝါအာဏာနှင့် တာဝန်ယူမှုကို မျှဝေဆောင်ရွက်ကြရန် (Power & Responsibility Sharing) အသားပေးလာကြပါသည်။
Marcus Mietzner က ပညာရှင် တစ်ချိုုု့ရဲ့အယူအဆကိုပေါင်းစပ်ပြီး စစ်ဘက်က နိုင်ငံရေးတွင် အဘယ့်ကြောင့် ပါဝင်ပါတ်သက်ရသနည်းဆိုသည့်အချက်ကို (သမိုင်းကြောင်းဆိုင်ရာ ပတ်သက်မှု၊ အရပ်ဘက် အဖွဲ့အစည်းရဲ့ အရည်အသွေးနဲ့ ခေါင်းဆောင်မှု၊ ပြင်ပ ပရောဂ နဲ့ စစ်ဘက်အဖွဲ့အစည်းရဲ့ အရွေ့ တွေပေါ်မူတည်ပြီး) ကဏ္ဍ လေးခု ခွဲထုတ်ပြခဲ့ပါသည်။ သူ၏ သုံးသပ်ချက်မှာ အရှေ့တောင်အာရှနိုင်ငံများကို ဗဟိုပြုထားသည်။ သမိုင်းကြောင်းဆိုင်ရာ ပတ်သက်ဆက်နွယ်မှုကြောင့်ဆိုသည့် အယူအဆမှာ အင်ဒိုနီးရှားနိုင်ငံ၏ စစ်ဘက်အခန်းကဏ္ဍကို လျော့ချနိုင်ခဲ့ခြင်းက ကန့်သတ်လိုက်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကျွန်တော်တို့ နိုင်ငံလိုကဲ့သို့ပင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကနေစပြီး သမ္မတ ဆူဟာတို Suharto အလွန် ကာလအထိ နိုင်ငံရေးတွင် စစ်ဘက် ပါဝင်ပတ်သက်မှု ကြီးကြီးမားမားရှိနေခဲ့သည်။ သို့သော်လည်း သမ္မတ Yudhoyono ကာလမှစတင်ပြီး စစ်ဘက်အခန်းကဏ္ဍကို သိသိသာသာ လျော့ချနိုင်ခဲ့ပါသည်။ စီးပွားရေးကောင်းလျင် စစ်ဘက်ကဏ္ဍကို လျော့ချနိုင်သည် ဆိုသည့်အယူအဆမှာလည်း ၂၀၀၆ ခုနှစ်မှာတင် Per capita GDP US$ 3,116 ရှိခဲ့သည့် ထိုင်းနိုင်ငံ၏ မကြာသေးခင်ကဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများကြောင့် အရာမထင်ဖြစ်ခဲ့ရပြန်သည်။ စစ်ဘက်၏ အခန်းကဏ္ဍကို လျော့ချနိုင်ခဲ့သော အင်ဒိုနီးရှား နိုင်ငံ၏ Per capita GDP သည် ၂၀၀၉ ခုနှစ်တွင်ပင် US$ 2,349 လောက်သာရှိပါသေးသောကြောင့်ဖြစ်ပါသည်။
ပြင်ပ ပရောဂကြောင့်ဆိုရာမှာလည်း အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံကို အနောက်နိုင်ငံများမှချမှတ်ထားသော Sanction လောက်ကလွဲ၍ တခြားနိုင်ငံများတွင် ပြောပလောက်အောင် သက်ရောက်မှုမရှိခဲ့ပါ။ အမေရိကန်၏ မူဝါဒသည်လည်း အရှေ့တောင်အာရှနိုင်ငံများ တရုတ်နိုင်ငံ၏ရင်ခွင်ထဲသို့ ရောက်သွားမည် စိုးရိမ်သည့်အတွက် နှင့်၊ counter-terrorism အတွက် အရှေ့တောင်အာရှ၏ စစ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ ၎င်းနိုင်ငံများ၏ စစ်တပ်များနိုင်ငံရေးမှ ထွက်ခွာသွားရန် ဆိုသည်ထက် ပို၍အရေးကြီးနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။
၎င်းအချက်များကြာင့်ပင်လျင် စစ်ဘက်အဖွဲ့အစည်းများ နိုင်ငံရေးမှ ထွက်ခွာသွားဖို့ ၊ လျော့ချဖို့ ဆိုတာသည် အရပ်ဘက်အဖွဲ့အစည်းများ၏ Leadership နှင့် Capacity ဘယ်လောက်ရှိသနည်းဆိုသည့် အချက်ပေါ်တွင် အဓိကတတည်မှီနေသည်ကို တွေ့လာရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်ဘက်၏အခန်းကဏ္ဍကို လျော့ချရန်ကိစ္စကို စစ်ဘက်ကသာ ဦးဆောင်ပြီးဆောင်ရွက်လာခဲ့ရာ ယနေ့အရပ်ဘက်မှဦးဆောင်နေသည့် ယနေ့ကာလအခြေအနေကို တွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ တပ်မတော်အပေါ်တွင် နိုင်ငံရေးမှထွက်ခွာရန်၊ ဥပဒေပြုရေးကဏ္ဍမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိုထုတ်ပယ်ရန် ဖိအားအမျိုးမျိုးပေးနေကြသော်လည်း လက်တွေ့တွင် ၎င်းတို့၏ ဦးဆောင်မှုကို တပ်မတော်နှင့်ပြည်သူမှ လက်ခံယုံကြည်လာရန် (တစ်နည်း) မိမိ၏ အရည်အသွေးကို မြှင့်တင်ရန်ပျက်ကွက်လျက်ရှိပါသည်။
ဤတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဖြတ်သန်းခဲ့ပုံ တစ်စိတ်တစ်ပိုင်းကို ထုတ်နှုတ်ပြလိုပါသည်။ အင်ဒိုနီးရှားသမ္မတ Yodhoyono သည် စစ်သားဟောင်း တစ်ဦးဖြစ်သည်နှင့်အညီ မိမိ၏ဦးဆောင်မှုကို လက်ခံယုံကြည်လာစေရန် စစ်ဘက်ကို လိမ်မာပါးနပ်စွာစည်းရုံး နိုင်ခဲ့ပါသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်လိုအပ်ချက်များကို စစ်ဘက်မှ မတောင်းဆိုရဘဲ ဖြည့်ဆည်းပေးခဲ့သည်။ တရားမဝင်ဖြစ်နေသော အသုံးစရိတ်များကိုလျော့ချ ပိတ်ဆို့ပြီး တရားဝင် အသုံးစရိတ်များဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ၎င်းလက်ထက်တွင် အင်ဒိုနီးရှားတပ်မတော်ကို ခေတ်မီလက်နက်များ တပ်ဆင်ပေးနိုင်ခဲ့သည်။ အဓိအချက်မှာ ပြည်တွင်းပဋိပက္ခ အတော်များများကို ဦးဆောင်ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထင်ရှားသည်မှာ အာချေးပဋိပက္ခ Ache conflict ပဲဖြစ်ပါသည်။ ပြည်တွင်းရေးတည်ငြိမ်မှု Internal Stability ကို တည်ဆောက်နိုင်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်လည်း အရပ်ဘက်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ အလိုလို မြင့်တက်လာခဲ့ရသည်။ နောက်တစ်ခုနာမည်ကြီးသည်မှာ ၎င်းအတိုက်အခံများပေါ်တွင်ထားရှိသည့် Yodhoyono ၏သဘောထားဖြစ်ပါသည်။ အတိုက်အခံများအပေါ်တွင် နှိမ်ချဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖယ်ထုတ်ခြင်းများကို ရှောင်ရှားနိုင်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းအတွင်း ဂိုဏ်းဂဏ္ဍကွဲပြားမှုများ၊ ပဋိပက္ခများကိုရှောင်ရှားနိုင်ခဲ့သည်။ ဤအတွက်ကြောင့်လည်း ထိုင်းနိုင်ငံတွင် သမ္မတ Thaksin ၊ ဖိလစ်ပိုင်မှ Arroyo တို့ ကြုံခဲ့ရသည့် အရပ်ဘက်အဖွဲ့ အစည်းအတွင်းမှ ပဋိပက္ခများကို ရှောင်နိုင်ခဲ့ပြီး ဒီမိုကရက်တစ်အလေ့အကျင့်ကို တည်ဆောက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါသည်။ အရပ်ဖက် အဖွဲ့အစည်းအတွင်းမှ မညီညွှတ်မှုများသည် စစ်ဘက်၏ အခန်းကဏ္ဍကို အလိုလိုမြင့်တက်စေကြောင်း Yudhayono က ကောင်းကောင်းကြီး သဘောပေါက်သည်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်တွင် အရပ်ဘက်နိုင်ငံရေးအကွဲအပြဲများကြောင့် တပ်မတော်မှဝင်ရောက်ထိန်းသိမ်းခဲ့ရသည့် သာဓကရှိပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် စစ်ဘက်ကို နိုင်ငံရေးမှ ထွက်သွားပါလို့ ပါးစပ်ပြောမျှ (lip service) မလုပ်ခဲ့ဘဲ၊ အရပ်ဘက်အဖွဲ့အစည်းကိုသာ တင်းပြည့်ကျပ်ပြည့် ခိုင်ခိုင်မာမာ ဖြစ်အောင်တည်ဆောက်ခဲ့ပါသည်။ တနည်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေး အတွက် လိုအပ်သော အင်စတီကျူးရှင်းများ (Soft and Hard Infrastructure) များကို တည်တည်ငြိမ်ငြိမ် တည်ဆောက်နိုင်ခဲ့ပါသည်။ စစ်ဘက်နှင့်အရပ်ဘက် အပြန်အလှန် အသိအမှတ်ပြုပြီး၊ ပါဝါနှင့် လုပ်ငန်းတာဝန်ခွဲဝေကာ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
ဤနေရာတွင် မြန်မာနိုင်ငံတွင် တစ်စိတ်တစ်ပိုင်းသာယူဆပြောဆိုနေကြသည့် Huntington ၏ သီအိုရီကို ပျက်ပြားစေခဲ့သောအချက်မှာ အင်ဒိုနီးရှား စစ်ဘက်သည် Professional ဖြစ်လာသည့်အတွက်ကြောင့် နိုင်ငံရေးပါဝင်ပါတ်သက်မှုကို လျော့ချနိုင်ခဲ့သည်ဟု မဆိုနိုင်ခြင်းဖြစ်သည်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏ ကြည်းတပ်မှ လက်နက်များ၏ ၆၂ ရာခိုင်နှုန်း၊ ရေတပ်မှ ၁၇ ရာခိုင်နှုန်းသော သင်္ဘောများနှင့် လေတပ်မှ ၃၁ ရာခိုင်နှုန်းသော လေယာဉ်များသာ အမှန်တကယ် အသုံးပြုနိုင်ပါသည်ဟု ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ တရားဝင် ကြေညာခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် အင်ဒိုနီးရှားစစ်တပ်သည် ဒေါင်ဒေါင်မြည် Professional မဖြစ်သေးဘဲ အရှေ့တောင် အာရှ စစ်တပ်များနည်းတူ သူမသာ ကိုယ်မသာ အခြေအနေတွင်သာ ရှိသေးသည်ဟု ဆိုနိုင်ပါသည်။ အင်ဒိုနီးရှားတပ်မတော်၏ Military Doctraine နှင့် Internal Structure များသည်လည်း ထူးထူးခြားခြားပြောင်းလဲခဲ့သည့်အချက် မတွေ့ရပါ။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ Democracy အပြောင်းအလဲသည် စစ်ဘက်နှင့် အရပ်ဘက်နားလည်မှုတည်ဆောက်နိုင်ခြင်း၊ အရပ်ဘက်မှ ၎င်း၏ Leadership နှင့် Capacity ကိုမြှင့်တင်နိုင်ခဲ့ခြင်းကြောင့်သာလျင် အောင်မြင်ခဲ့သည်ဆိုတာ တွေ့ရမည်ဖြစ်ပါသည်။
ဤအခြေအနေများနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ် သုံးသပ်ကြည့်လျင် ကွဲပြားခြားနားသည်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲကို စစ်ဘက်မှဦးဆောင် ပြောင်းလဲ ပေးခဲ့ပြီး အရပ်ဘက်အနေဖြင့် ယခုအချိန်ထိ ၎င်း၏ ခေါင်းဆောင်မှုနှင့်စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ရန် သတိမမူမိသေးကြောင်းတွေ့ရပါသည်။ နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ် ရင့်ကျက်မှုပေါ်မူတည်ပြီး စစ်ဘက်၏ နိုင်ငံရေးအခန်းကဏ္ဍကို လျော့ချသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်တွင်း၊ပြည်ပ မီဒီယာများနှင့် တွေ့ဆုံတိုင်းတွင် တရားဝင်ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ခဲ့ရသို့ မြန်မာနိုင်ငံ၏အရပ်ဘက်အစိုးရသစ်သည် ၎င်း၏ ခေါင်းဆောင်မှုနဲ့ အရည်အသွေးကို မည်သို့မည်ပုံ တည်ဆောက်မည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းသည့် အချက်ဖြစ်ပါသည်။ အင်ဒိုနီးရှား သမ္မတ Yodhoyono ကိုင်တွယ်ခဲ့ပုံကို သုံးသပ်ကြည့်မည်ဆိုလျင်-
(၁) စစ်ဘက်ကို နိုင်ငံရေးမှဝေးဝေးနေရန်၊ ထွက်သွားရန်ချည်းပြောနေသော လေလုံးပစ်ခြင်း (lip service) ပုံစံမလုပ်ဘဲ ကိုယ်တိုင်ဖြည့်ဆည်းရမည့် ကိစ္စများဖြစ်သည့် Internal Stability နှင့် Good governance ကိုတည်ဆောက်သွားပါသည်။ စစ်ဘက်နှင့် မတင်းမာသောဆက်ဆံရေးပုံစံကို ပညာသားပါပါ တည်ဆောက်သည်။ “Burma’s Armed Forces: Power Without Glory” ရေးသားခဲ့သူ Andrew Selth က မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသည် Federalism ဆိုသည်ကိုသာ လေပစ်နေပြီး နိုင်ငံ၏ ရေရှည် တည်ငြိမ်ရေး အတွက် ဘာလုပ်မည်နည်း ဆိုသည် မသိရသေးပါလို့ သူ၏ဆောင်းပါးတစ်ပုဒ်တွင် မှတ်ချက်ပေးသွားခဲ့ဘူးသည်ကို တွေ့ရပါသည်။ သတိထားစရာအချက် ဖြစ်ပါသည်။
(၂) စစ်ဘက်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ခြင်းဖြင့် စစ်ဘက်၏ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ပါသည်။
(၃) အရပ်ဘက်အဖွဲ့အစည်းများ အတွင်းတွင်လည်း ဒီမိုကရက်တစ် အလေ့အကျင့်ကို တည်ဆောက်သွားပါသည်။ တနည်း ဂိုဏ်းကဏ္ဍတိုက်ပွဲများနှင့် အပြန်အလှန် ဖယ်ထုတ်ခြင်းများကို ရှောင်ကြဉ်သွားပါသည်။
(၄) မလိုအပ်သည့် မဖြစ်သင့်သည့်နေရာများတွင် အာဏာပါဝါကို ဇွတ်အတင်းမတည်ဆောက်ခဲ့ပါ။ ဥပမာ ကာကွယ်ရေးဝန်ကြီးဌာနလို လုံခြုံရေးနှင့် ပတ်သက်သော အဓိကနေရာများမှာ ရှိသင့်သည့်သူများ၏ လက်ထဲတွင်သာရှိစေခဲ့ပါသည်။ ထို့ကြောင့်လည်း ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးနှင့် ဒရိုင်ဘာပဲ အရပ်သားရှိသည်ဟု စကားနာထိုးခြင်းခံခဲ့ရသည်။ ကျွမ်းကျင်သူများလက်ထဲတွင်သာ လုပ်ပိုင်ခွင့်ရှိစေပြီး မလိုလားအပ်သော အားပြိုင်မှုများကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ထူးခြားမှုမှာ Yodhoyono ၏ Democratic Party သည် စစ်ဘက်မှ အတွေ့အကြုံနှင့် ပညာပြည့်ဝသော ပင်စင်စားများအတွက် ထိရောက်သောနိုင်ငံရေးယာဉ် Effective Political Vehicle သဖွယ်ဖြစ်စေခဲ့ပါသည်။
ဤအချက်များမှာ အင်ဒိုနီးရှားနိုင်ငံရေးဖြစ်စဉ်၏ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတည်ဆောက်ခဲ့ပုံ အစိတ်အပိုင်းတစ်ချို့ ဖြစ်ပါသည်။ Professionalism နှင့် Civilian Control ဆိုသည့် အပေါ်တွင် ကျွန်တော်တို့၏ တစ်ဝက်တစ်ပြတ် အယူအဆအမှားများနှင့် ပြောင်းလဲလျက်ရှိသော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး သီအိုရီများအကြောင်းကို နမူနာယူနိုင်ဖွယ်ရှိသည့် နိုင်ငံနှင့် ချိန်ထိုးကြည့် ခြင်းပဲဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ထပ်တူပြုဖို့ (လုံးဝ) မလိုအပ်သည့်တိုင် အတုယူစရာ၊ သင်္ခန်းစာ ယူစရာများနဲ့ ပြည့်နှက်နေပါသည်။ တိုတိုနှင့် ရှင်းရှင်းပြောနိုင်သည့်အချက်မှာ အရပ်ဘက် နှင့် စစ်ဘက် အပြန်အလှန် လွှမ်းမိုးဖို့၊ ချုပ်ကိုင်ဖို့ ကြိုးစားသည့် အယူအဆများသည် ရာစုနှစ် တစ်ခုစာလောက် နောက်ကျသွားပြီ ဟုပြောနိုင်ပါသည်။ Responsibility sharing လုပ်ရန်ပြောဆိုနေကြသည့် ခေတ်အခါသို့ရောက်နေပြီဖြစ်သည်။ ကောင်းကွက်များကို ထုတ်နှုတ်ယူနိုင်လျင် မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော သင်္ခန်းစာများလည်းဖြစ်ပါသည်။ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးအခင်းအကျင်းသစ်အတွက် မိမိတပ်မတော်သားများအနေဖြင့် ကြိုတင်မျှော်တွေးထားနိုင်ဖွယ်ရာ အထောက်အကူတစ်ခု ဖြစ်ပါစေကြောင်း တင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.