နိဒါန်း
ဆောင်းပါးတွင် အိန္ဒိယနိုင်ငံက မြန်မာ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအနေဖြင့် Track 1.5 Diplomacy ကို နည်းလမ်းတစ်ခုအနေဖြင့် ပေါင်းစပ်အသုံးပြုသင့်ကြောင်း၊ ယခု အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် စေ့စပ်ညှိနှိုင်းမှုများတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများလျှော့ချရန်နှင့် ပဋိပက္ခဖြစ်ပွား နေသည့်နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့မှု အရှိန်မြှင့်တင်ရန်ဆိုသည့် အလွတ်သဘော သဘောတူညီချက်များထားရှိခဲ့ကြောင်း စသည့်အချက်များကို ရေးသားထားပါသည်။
ဖော်ပြချက်
အိန္ဒိယနိုင်ငံသည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့်အစည်းအဝေးနှင့် အလားတူ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Track 1.5 Diplomacy အသုံးပြု၍ ကျင်းပသည့် အစည်းအဝေးကို ဧပြီလနောက်ဆုံးသီတင်းပတ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံမှအရာရှိများ၊ သုတေသနအဖွဲ့များ၊ မြန်မာနိုင်ငံစစ်အစိုးရ ဘက်မှ အလယ်အလတ်အဆင့်ရှိ ကိုယ်စားလှယ် အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံ(ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား)အပြင် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။ ယခုတစ်ကြိမ်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဂျပန်နိုင်ငံကို တက်ရောက်ရန် အသိပေးမှုနောက်ကျခဲ့သည့်အတွက် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံက မြန်မာစစ်အစိုးရနှင့် အာဆီယံဒေသတွင်းနိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် အထောက်အပံ့ ပေးနိုင်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးရန် သဘောတူညီခဲ့ပါသည်။ အစည်းအဝေးကို တက်ရောက်ခဲ့ကြသည့်နိုင်ငံများက အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ အရေးကို ဖြေရှင်းရာတွင် Track 1.5 Diplomacy ကို ပေါင်းစပ်အသုံးပြုပြီး ဖြေရှင်း သင့်သည်ဟု ထောက်ခံပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့်နိုင်ငံများက အနာဂတ်တွင် ဆက်လက်ကျင်းပမည့် အစည်းအဝေးများ၌ အိမ်နီးချင်းနိုင်ငံများ၏ သဘောထားအမြင်များ ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟုလည်း မှတ်ချက်ပြုခဲ့ကြပါသည်။ အာဆီယံသည် မြန်မာနိုင်ငံအရေးဖြေရှင်းရာတွင် အိမ်နီးချင်းနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဟု အိန္ဒိယနိုင်ငံဘက်မှ ဝေဖန်ပြောကြားခဲ့ပါသည်။ လက်ရှိ အချိန်တွင် Track 1.5 စေ့စပ်ညှိနှိုင်းမှုသည် Unofficial ဖြစ်နေသေးသည့်တိုင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းအရေးကိစ္စများ စေ့စပ်ညှိနှိုင်းမှုအတွက် ခိုင်မာသည့်အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပြီး၊ Track 1.5 အသုံးပြု၍ စေ့စပ်ညှိနှိုင်းမှုများ အထမမြောက်ခဲ့လျှင် ပေါ်ပေါက်လာနိုင်သည့် အကျိုးဆက်များကို အနည်းဆုံးဖြစ်စေရန်နှင့် ရှောင်ရှားနိုင်ရန်အတွက် အစည်းအဝေးကို အရာရှိငယ်များနှင့် အလယ်အလတ်အဆင့် ကိုယ်စားပြုသူများဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ အစည်းအဝေးတွင် ပါဝင်သော ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံအစိုးရများထံ ပြန်လည်အစီရင်ခံရမည် ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် လာအိုနိုင်ငံတွင် ကျင်းပမည့် Track 1.5 တွေ့ဆုံပွဲ အတွက် ပြင်ဆင်ရမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် လာအိုနိုင်ငံသည် တရုတ်နိုင်ငံ၏ မူဝါဒနှင့်အလွန်နီးစပ်သည်ဟု အထင်ခံ နေရပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသံတမန်ရေးရာကိစ္စရပ်များတွင် ပိုမိုပါဝင် လာနေကြောင်း ဖော်ပြထားပါသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ် အပါအဝင် အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများသည် မြန်မာစစ်အစိုးရ နှင့် နိုင်ငံတကာထိတွေ့ဆက်ဆံမှု ခပ်စိပ်စိပ် ဖြစ်လာသည်ကို ပြသနေပါသည်။ ဘန်ကီးမွန်းအပြင် ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မြန်မာအစိုးရခေါင်းဆောင်နှင့် တွေ့ဆုံ ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုနှင့် သဘောတူညီချက်များက လာမည့် မေလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးအပါအဝင် အာဆီယံ၏ သံတမန်ရေးဦးဆောင်မှုကဏ္ဍမှာ မေးခွန်းထုတ် ဖွယ်ရာဖြစ်လာပြီး အာဆီယံအပေါ် ယုံကြည်ကိုးစားမှု ထိခိုက်စေနိုင်သည်ဟု ဝေဖန်မှုများ ရှိလာနေပါသည်။ Track 1.5 ကို ပုံဖော်သည့်နေရာတွင် အဓိကဦးဆောင်မှုပြုပေးခဲ့သည့် ထိုင်းနိုင်ငံကိုလည်း စင်ကာပူနိုင်ငံကဲ့သို့သော အခြားအာဆီယံနိုင်ငံများက ဝေဖန်မှုများ ရှိနေကြောင်း ဖော်ပြထားပါသည်။
ဘန်ကီမွန်း၏ ခရီးစဉ်တွင်လည်း မြန်မာနိုင်ငံရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်မည့် အခြေအနေရောက်မှသာ ရွေးကောက်ပွဲ ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့ပြီး၊ လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲကျင်းပလျှင် အကြမ်းဖက်မှုနှင့် သဘောထားကွဲလွဲမှုများသာ တိုးပွားမည်ဖြစ်သည်ဟုဆိုပါသည်။ ထိုရွေးကောက်ပွဲရလဒ်သည်လည်း မြန်မာ ပြည်သူများနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ၏ အသိအမှတ်ပြုခံရမည်မဟုတ်ဟု အကြံပြုခဲ့ပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အင်အားသုံးဖြေရှင်းမှုများ လျှော့ချရန်နှင့် အပြုသဘောဆောင်သည့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် အလေးပေး ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားထားချက်များအရ ယခုမြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများတွင် ကျင်းပခဲ့သည့် Track 1.5 တွေ့ဆုံပွဲများသည် အလွန် ထိရောက်မှုရှိနေပြီး အနောက်အုပ်စုနှင့် နီးစပ်သည့် အာဆီယံနိုင်ငံများနှင့် NUG အဖွဲ့ဘက်မှ မကျေနပ်သည့် အမြင်များကို ထင်ဟပ်ပြထားသည်ကို တွေ့ရှိ ရပါသည်။ ယခုအခါ မြန်မာနိုင်ငံအရေးဖြေရှင်းဆောင်ရွက်မှုကို အာဆီယံအဖွဲ့အား ဗဟိုပြုနေရာမှ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို ဗဟိုပြုခြင်းသို့ ပြောင်းလဲလာခြင်းသည် လက်တွေ့ကျပြီး ထိရောက်မှုရှိနေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၌ မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက တိုက်ရိုက်သက်ရောက်မှု ခံစားရမည့် နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ခြင်းကြောင့် ၎င်းတို့၏ Track 1.5 တွေ့ဆုံပွဲများကို ဦးဆောင်သည့် အကြောင်းပြချက်နှင့် စိုးရိမ်ပူပန်မှုမှာလည်းခိုင်လုံသည့် အကြောင်းပြချက်များဖြစ်နေသည်ကို တွေ့ရှိရပါသည်။
ယခုအချိန်၌ NUG အဖွဲ့နှင့် အနောက်အုပ်စုဘက်မှတင်ပြနေသည့် နည်းလမ်းမှာ လာအိုနိုင်ငံသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မပြောင်းလဲသေးခင်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံ၏မူဝါဒကို ပြောင်းလဲ၍ မရစေရန်ဆောင်ရွက်ခြင်း၊ အလှည့်ကျဥက္ကဋ္ဌ ပြောင်းသော်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို မပြောင်းလဲဘဲ အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ကိုယ်စားလှယ်ရုံးမှသာ ဆက်လက် ဆောင်ရွက်ခြင်းနည်းလမ်းများကို စဉ်းစားနေကြကြောင်း သုံးသပ်ရပါသည်။
Myanmar Aspect
10050223