နိဒါန်း
ထိုင်ဝမ်၏ ကာကွယ်ရေးမူဝါဒချမှတ်ရာတွင် အမေရိကန်နိုင်ငံ၏ သဘောထား မပြတ်သားမှုကြောင့် အကျပ်ရိုက်နေသည့် အခြေအနေတွင် ရှိနေပြီး ထိုင်ဝမ်၏ တရုတ်နိုင်ငံကို တန်ပြန်မည့် မဟာဗျူဟာနည်းလမ်းများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ထိုင်ဝမ်သည် လက်ရှိတွင် ၂၀၂၄ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသည့် ကာလတစ်ခုသို့ ဝင်ရောက်လာနေပြီး ၂၁ ရာစုနှစ်အလယ်ပိုင်းမတိုင်မီ တရုတ်နိုင်ငံမှ ကျူးကျော်လာနိုင်ဖွယ်ရှိသည့် အခြေအနေနှင့်ပတ်သက်၍ ထိုင်ဝမ်၏ နိုင်ငံရေးနယ်ပယ်များ၌ စိုးရိမ်ပူပန်လျက်ရှိကြပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲအပြောင်းအလဲများသည် စိတ်လှုပ်ရှားမှုအတိဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးကောက်ခံသမ္မတအသစ်၏ ကာကွယ်ရေးမူဝါဒချမှတ်မှုသည် ရွေးကောက်ပွဲအတွက် အလွန်အရေးပါလာနိုင်ဖွယ်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် အနိုင်ရရှိမည့် မည်သည့် သမ္မတမဆို ကာကွယ်ရေးနှင့်ပတ်သက်၍ အကျပ်အတည်းနှင့်ရင်ဆိုင်ရမည်ဖြစ်ပါသည်။ တရုတ်-ထိုင်ဝမ် ပြဿနာရပ်များ ဖြေရှင်းရာတွင် ထိုင်ဝမ်သည် စစ်ပွဲသဘောတရားအရ အရေးပါသည့် အချိန်နှင့်အင်အား ဖွဲ့စည်းမှုကဏ္ဍ၌ ကန့်သတ်ခံနေရပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်တို့အကြား မတူကွဲပြားနေသည့် ခြိမ်းခြောက်မှုဆိုင်ရာ သဘောထားအမြင်များသည် ထိုင်ဝမ်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်း ဖော်ပြထားပါသည်။
ဖြူးကောင်မဟာဗျူဟာ-Porcupine Strategy (အချိုးမညီစစ်သဘောတရားကိုအခြေခံခြင်း၊ တိုက်စစ်ထက် ခံစစ်ကိုဦးစားပေးခြင်း၊ ရန်သူ၏တိုက်ခိုက်မှုကို ခက်ခဲဟန့်တားစေခြင်း၊ ခုခံစစ်သဘောတရားအတွက် ပစ်မှတ်ထားရန်လွယ်ကူသည့် ရွှေ့ပြောင်းရန်ခက်ခဲသော လက်နက်ကြီးများထက်၊ ဖုံးကွယ်မှုနှင့် ရွှေ့ပြောင်းရလွယ်ကူသော လက်နက်စနစ်များကို အသုံးပြုခြင်း) သည် ထိုင်ဝမ်၏ ကာကွယ်ရေးပြဿနာရပ်များအတွက် လူကြိုက်အများဆုံး ဖြေရှင်းချက်တစ်ခုဖြစ်ခဲ့ပါသည်။ အဆိုပါမဟာဗျူဟာသည် ပထဝီအနေအထားကို အခြေခံ၍ ဒေသတွင်း အရေးသာမှုကို လက်ဦးမှုယူကာ အင်အားသာသည့် တရုတ်စစ်တပ်ကို တွန်းလှန်မည့်နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ထိုင်ဝမ်စစ်ဦးစီးချုပ် လီရှီမင် (Lee His-Ming)သည် ဘက်စုံခုခံကာကွယ်ရေးအယူအဆ(Overall Defense Concept-ODC)ကို ချမှတ်ခဲ့ပါသည်။ အဆိုပါအယူအဆသည် အလွန်ကောင်းမွန်သော စွမ်းဆောင်မှု များဖြင့် ရန်သူအား ချေမှုန်းဖျက်ဆီးပြီး ထိုင်ဝမ်၏ မြေပိုင်နက်အား ကာကွယ် စောင့်ရှောက်ရန်ရည်ရွယ်ပါသည်။ ထို့ပြင် ODC သည် တရုတ်ကျူးကျော်မှုတွင် ပြန်လည် ခုခံနိုင်မည့် ရေကြောင်းထိန်းချုပ်မှုနှင့် လေကြောင်းအရေးသာမှု မဟာဗျူဟာ အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ပါသည်။ ထို့ပြင် ODC သည် လေ့ကျင့်ရေး၊ ဖွဲ့စည်းပုံ၊ ကွပ်ကဲ ထိန်းချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးအစရှိသည့် ကဏ္ဍပေါင်းစုံမှ စစ်ဘက်လှုပ်ရှားမှု အားလုံး၏ မတူညီသောအယူအဆများအားလုံး ပေါင်းစည်းထားသည့် Deterrence-by-Denial မဟာဗျူဟာတစ်ခုဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံအား အချိုးညီညီဖြင့် ပြန်လည်ခုခံနိုင်မည် မဟုတ်ခြင်းကြောင့် ထိုင်ဝမ်အတွင်းရှိ လက်နက်စနစ်များနှင့် အဆောက်အအုံများသည်လည်း ကျူးကျော်မှုစကတည်းကပင် ဖျက်ဆီးခံရနိုင်ဖွယ် ရှိပါသည်။ထိုအခြေအနေတွင် ODC သည် အချိုးမညီသည့် လက်နက်စနစ်များ Asymmetric Weapons ဟု ခေါ်သည့် သေးငယ်ပြီး ရွှေ့ပြောင်းနိုင်သော လက်နက်များဖြင့် ပြန်လည်ခုခံရန်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
သို့သော် လက်နက်တစ်ခုတည်းသည်သာလျှင် စစ်ရေးသဘောသဘာဝကို အဆုံးအဖြတ်ပေးမည် မဟုတ်ဘဲ ခုခံကာကွယ်မှုတွင် အချိုးမညီသည့် ဘက်ပေါင်းစုံ နည်းလမ်းများဖြင့် ကာကွယ်ရေး Asymmetric Defense လည်း လိုအပ်ပါသည်။ ထိုင်ဝမ်အနေဖြင့် ၎င်း၏ မဟာဗျူဟာတွင် အချိုးမညီသည့် အယူအဆများ ပေါင်းထည့် လိုက်ခြင်းဖြင့် စစ်ပွဲမှအကျိုးအမြတ်များ ရရှိနိုင်ဖွယ်ရှပါသည်။ သို့သော်လည်း ထိုင်ဝမ်သည် ODC ကို ကျင့်သုံးနိုင်ရန်စဉ်းစားလျက်ရှိပြီး အချို့ကမူ စွန့်စားလွန်းသည့် မဟာဗျူဟာတစ်ရပ်အဖြစ် ယူဆကြပါသည်။ ODC ကျင့်သုံးမှုအား လုံးဝစွန့်လွှတ်ရန် အဆိုပြုနေမှုများလည်းရှိပါသည်။ သမ္မတ ဆိုင်အင်ဝမ်(Tsai Ing-wen)ကမူ အချိုးမညီသည့် ခုခံကာကွယ်မှု အယူအဆကို နိုင်ငံအတွင်းလက်ခံကျင့်သုံးရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းအနေဖြင့် အချိုးမညီသည့် စွမ်းဆောင်မှု Asymmetric Capabilities များ ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကန့်သတ်ချက်များနှင့် စစ်စည်းရုံးမှုစနစ်များကို ပြန်လည် ပြင်ဆင်ကာ စစ်ဘက်ဆိုင်ရာစီမံအုပ်ချုပ်မှုစနစ်များကို တိုးချဲ့သွားမည်ဟု ၂၀၂၀ ပြည့်နှစ် မေလ၌ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ထိုင်ဝမ်နိုင်ငံ၏ လေးနှစ်တစ်ကြိမ် ပြုလုပ်သည့် ကာကွယ်ရေးသုံးသပ်ချက် (Quadrennial Defense Review-QDR)တွင် အချိုးမညီသည့် စွမ်းဆောင်မှုများနှင့် အချိုးမညီစစ်ပွဲများအကြောင်းကို သွယ်ဝိုက်၍ ပြောကြားထားသော်လည်း အချိုး မညီသည့် မဟာဗျူဟာကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။ သို့သော် ၎င်းသည်အပြတ်အသတ်ခုခံကာကွယ်မှုနှင့် ဘက်ပေါင်းစုံဟန့်တားမှု မဟာဗျူဟာ Resolute Defense and Multi-domain Deterrence ကိုသာ ထုတ်ဖော်ပြောကြားခဲ့ပြီး လေကြောင်း အရေးသာမှု၊ ရေကြောင်းထိန်းချုပ်မှုနှင့် ကာလရှည်ကြာခုခံတိုက်ခိုက်မှု စွမ်းဆောင်ရည်ရှိမှုအစရှိသည်တို့ကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထိုင်ဝမ် အနေဖြင့် တရုတ်နိုင်ငံနှင့် အင်အားချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပင်တဂွန်မှ ပေါက်ကြားခဲ့သော ထိုင်ဝမ်စစ်ရေးအသင့်လုပ်ဆောင်မှုနှင့်ပတ်သက်သည့် စာတမ်းတစ်ခုတွင် သုံးသပ်ထားပါသည်။ အဆိုပါစာတမ်းတွင် ထိုင်ဝမ်လေကြောင်း ခုခံကာကွယ်မှုသည် တရုတ်နိုင်ငံ၏ စစ်တပ်ကို အပြီးသတ်ကာကွယ်နိုင်မည်မဟုတ်ဟု ဆိုထားပြီး၊ စစ်ပွဲဖြစ်ပွားချိန်တွင် ပိုက်နက်နယ်မြေအားလုံးကို လွှမ်းမိုးရန် မလွယ်ကူကြောင်းနှင့် အမေရိကန်နိုင်ငံပင်လျှင် တရုတ်နိုင်ငံနှင့် အချိုးကျတိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။
ထိုင်ဝမ်သည် အချိုးမညီသည့် ခုခံကာကွယ်မှု ပြန်လည်မွမ်းမံခြင်းကို တရားဝင် ပြုပြင်ပြောင်းလဲမှုမလုပ်ခဲ့ပါ။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ဒုံးလက်နက်တိုက်ခိုက်မှုဖြင့် ပြန်လည်ခုခံရန် စီစဉ်ထား ရှိသည်ဟုဆိုပါသည်။ ထိုင်ဝမ်အစိုးရသည် အမေရိကန်နိုင်ငံက တိုက်တွန်းနေသော အချိုးမညီသည့် စစ်ပွဲစနစ်ကို လက်ခံကျင့်သုံးရန် စီစဉ်ထားသော်လည်း ၎င်းစနစ်ကို လိုက်မီရေး ထိုင်ဝမ်စစ်တပ်က ပြင်ဆင်မှုများဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင် အချိုးမညီမှုနှင့် ပတ်သက်၍ မတူကွဲပြားသည့် သဘောထားများလည်းရှိနေပါသည်။ ထိုင်ဝမ် ဒေသအတွင်း ODC ကို လက်ခံကျင့်သုံးခြင်းသည် စွန့်စားမှုတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ပါဝင်ကူညီပေးမည့်အစီအစဉ်ပေါ်တွင် မူတည်လျက်ရှိနေပါသည်။ ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံ၏ ကျူးကျော်မှုကို တန်ပြန်ရန် အခြားနည်းလမ်းများလည်းရှိနေပြီး အကန့်အသတ်ဖြင့် ထိန်းချုပ်ခြင်းမှ အပြည့်အဝ ပိတ်ပင်ထိန်းချုပ်ခြင်းနှင့် ဒုံးကျည်တိုက်ခိုက်ခြင်းတို့အား စီစဉ်ထားရှိနိုင်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ကျုးကျော်မှုကို ဆန့်ကျင်ရန် သမားရိုးကျ နည်းလမ်းများ ဆက်လက်ထိန်းသိမ်းရန်လိုအပ်ပြီး အဆိုပါနည်းလမ်းများသည် စစ်ပွဲ ကာလအတွင်း တရုတ်နိုင်ငံ၏ အင်အားသာလွန်မှုကို တန်ပြန်နိုင်သည့်အပြင် လူ့စိတ်ဓာတ် မြှင့်တင်မှုနှင့် ထိုင်ဝမ်၏ ခုခံကာကွယ်မှုများကိုလည်း ပိုမိုယုံကြည်ခိုင်မာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိပြီး အကြီးမားဆုံးသောလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဟု ယူဆထားပါသည်။ သို့သော်လည်း ထိုင်ဝမ်၏ကာကွယ်ရေး အကျပ်အတည်းသည် မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရပြီး ထိုင်ဝမ်၏ ကာကွယ်ရေးကဏ္ဍတွင် အမေရိကန်နိုင်ငံက မည်မျှအထိ ပါဝင်မည်ဆိုသည့်အချက်မှာ အဓိကကျနေပါသည်။ တရုတ်နိုင်ငံ၏ ကျုးကျော်မှုတွင် ထိုင်ဝမ်သည် ODC အရ အဆုံးအစွန်ထိ တောင့်ခံနိုင်သော်လည်း ပြည်ပနိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု မည်သည့်အချိန်တွင် ရောက်ရှိမည်မှာ သေချာမှု မရှိသောကြောင့် ထိုင်ဝမ်မူဝါဒရေးဆွဲသူများအနေဖြင့် အဆိုးဆုံးသောအခြေအနေများ အားလုံးကို မျှော်မှန်း၍ ပြင်ဆင်ထားရှိသင့်သည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံသည် ပြည်ပ နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများဖြင့် ထိုင်ဝမ်၏ မဟာဗျူဟာနည်းလမ်းများကို ဖော်ဆောင်ရန် တိုက်တွန်းပြောကြားလျက်ရှိသော်လည်း မည်၍မည်မျှပါဝင်ကူညီမည် ဟူသည့် ကတိကဝတ်ပေးထားခြင်းမရှိဟု ဖော်ပြထားပါသည်။
ထိုင်ဝမ်အနေဖြင့် အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပါဝင်မည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်ရန် မျှော်မှန်းလျက်ရှိပြီး Formosan Association for Public Affairs ကဲ့သို့သော ထိုင်ဝမ်-အမေရိကန် အဖွဲ့အစည်းများက တိကျပြတ်သားသည့် မဟာဗျူဟာနည်းလမ်းများကို အဆိုပြုနေကြပါသည်။ သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို စစ်ဘက်ဆိုင်ရာ ကူညီ ထောက်ပံ့မှုများပေးအပ်သွားမည်ဟု နှုတ်အားဖြင့် ပြောကြားခဲ့သော်လည်း လက်ရှိတွင် တရုတ်-ထိုင်ဝမ်ပြဿနာရပ်များတွင် အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍသည် သေချာ ရေရာမှုမရှိသေးပါ။ ထိုင်ဝမ်အတွင်း လက်တွေ့ဆန်သည် ခုခံကာကွယ်ရေးမဟာဗျူဟာကို တိုးချဲ့နိုင်ရန် အမေရိကန်နိုင်ငံအနေဖြင့် တိကျသေချာသည့် ကူညီထောက်ပံ့မှုများပေးရန် လိုအပ်နေပါသည်။ ထိုင်ဝမ်ဒေသကာကွယ်မှုနှင့် အမျိုးသားခိုင်မာအားကောင်းမှုဆိုင်ရာ ၂၀၂၃ ခုနှစ် အက်ဥပဒေတွင် ရေလက်ကြားပြဿနာရပ်များ၌ အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်များကို စောင့်ကြည့်လေ့လာမှုဟူ၍ ကဏ္ဍတစ်ရပ်ပါရှိပါသည်။ အမေရိကန် နိုင်ငံအပါအဝင် ၎င်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိုင်ဝမ်၏ စစ်ဘက်ရေးရာတွင် အရေးပါသည့် အချိန်နှင့်အင်အား ကန့်သတ်မှုများအပေါ် သက်ရောက် နိုင်မည်ဖြစ်ပြီး လက်ရှိ ထိုင်ဝမ်၏ ကာကွယ်ရေးဆိုင်ရာ အကျပ်ရိုက်မှုများသည် ထိုင်ဝမ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်-ထိုင်ဝမ်ပြဿနာရပ်များ၌ ထိုင်ဝမ်၏ စစ်ဘက်ဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုများ၊ မဟာဗျူဟာနည်းလမ်းများကို ရေးသားဖော်ပြထားရှိပြီး အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်အပေါ် စစ်ဘက်ဆိုင်ရာထောက်ပံ့မှု သေချာမှုမရှိခြင်းကြောင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ မည်သို့ချမှတ်ရမည်ကို ဝေခွဲမရဖြစ်နေကြောင်း ထောက်ပြရေးသားထားခြင်းဖြစ်ပါသည်။ ထို့ပြင် လက်ရှိ အမေရိကန်နှင့် ထိုင်ဝမ်ပညာရှင်များက အဆိုပြုထားသည့် အချိုးမညီစစ်မဟာဗျူဟာကို အခြေခံသည့် သဘောတရားများမှ ထိုင်ဝမ်ကာကွယ်ရေးအတွက် လုံလောက်မှုမရှိဟုလည်း ဆိုနေကြပြီး သမရိုးကျနည်းလမ်းများကို မစွန့်လွှတ်သင့်ကြောင်းလည်း ထောက်ပြပြောဆိုနေကြပါသည်။ လက်ရှိလူကြိုက်များနေသည့် အချိုးမညီ စစ်သဘောတရားများကို အခြေခံသော ဖြူးကောင်မဟာဗျူဟာ-Porcupine Strategy သည် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရခြင်းက အဓိက အားနည်းချက်ဖြစ်လာသည်ကို တွေ့ရှိရပါသည်။ ထိုင်ဝမ်၏ လက်ရှိသမ္မတ ဆိုင်အင်ဝမ်သည် အနောက်ဝါဒယိမ်းပြီး ထိုင်ဝမ်လွတ်လပ်ရေးကိုသာ အားပြုလုပ်ဆောင်လျက်ရှိပါသည်။အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအား ထိန်းချုပ်ရန်၊ ထိုင်ဝမ်ကို ကူညီ ထောက်ပံ့ရန်၊ ထိုင်ဝမ်နှင့် မိတ်ဖက်ဆက်ဆံရေးကို ၎င်း၏မိတ်ဖက်နိုင်ငံများအားလုံး တက်ကြွစွာပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း ၎င်း၏ မိတ်ဖက်နိုင်ငံများမဆိုထားနှင့် အမေရိကန်နိုင်ငံသည်ပင် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအား သိမ်းပိုက်မည်ဆိုပါက မည်၍မည်မျှပါဝင်ကူညီမည်ကို တိကျသည့် ကတိကဝတ်မပြုနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။
ယခင်က တရုတ်နိုင်ငံသည် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများတွင် အင်အား သုံး၍ လုပ်ဆောင်သွားမည်မဟုတ်ဟု ပြောကြားထားသော်လည်း နောက်ပိုင်းတွင် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဟု ပြောကြားထားရာ လာမည့်ရွေးကောက်ပွဲ အလွန်ကာလတွင် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်အကြား သိသာသည့် အဖြေတစ်ခုသို့ ရောက်ရှိ လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။ စစ်လက်နက်အင်အားကြီးမားသော တရုတ် နိုင်ငံ၏ ထိုင်ဝမ်အပေါ် ပြန်လည်ပေါင်းစည်းရေးကို အင်အားသုံးဆောင်ရွက်လာပါက ထိုင်ဝမ်အနေဖြင့် စစ်မြေပြင်အဖြစ် ခုခံခဲ့လျှင် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာများ၊ နိုင်ငံစနစ်နှင့် ဓနအင်အားများ မလွဲမသွေဆုံးရှုံးရမည်ဖြစ်ကြောင်းကို ရုရှား- ယူကရိန်းပဋိပက္ခနှင့် နှိုင်းယှဉ်၍ ဖော်ထုတ်တွေ့ရှိရမည်ဖြစ်ပါသည်။
ပထဝီဝင်နိုင်ငံရေး၊ လက်တွေ့ကျသော ပထဝီဝင်အနေအထား၊ သမိုင်းကြောင်းဆိုင်ရာနှင့် စစ်အင်အားဆိုင်ရာ အချက်အလက်များအရ ထိုင်ဝမ်အနေဖြင့် ပဋိက္ခကို အဖြေရှာရန်မှာ နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းသည်သာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်ဟု တွက်ဆနိုင်ပါသည်။ သို့သော်လည်း ထိုင်ဝမ်ခေါင်းဆောင်များအနေဖြင့် ဒုတိယဇလန်စကီးများ ဖြစ်လာမည်လားဟူသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
49062623