Tuesday, August 1, 2023

အာဆီယံ၏ EV Ecosystem ဖော်ဆောင်နေမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အာဆီယံဒေသတွင်းနိုင်ငံများတွင် လျှပ်စစ်ကားများ(Electric Vehicle-EV) တိုးမြှင့်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ သိသင့်သည်များကို သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
ကမ္ဘာ့နိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် လျှပ်စစ်ကားများ (Electric Vehicle-EV)တိုးမြှင့်အသုံးပြုရန် ဆွဲဆောင်နေမှုကြောင့် EV များ၏ ရေပန်းစားမှုသည်တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် EV ထုတ်လုပ်မှု ကဏ္ဍကို ဦးဆောင်နေပြီး ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားကာလ၌ EV ထုတ်လုပ်မှု၏ ၄၄ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်သည့်အပြင် ၂၀၂၂ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းသော Lithium-Ion ဘက်ထရီများကိုလည်း တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့ပါသည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကွင်းဆက် (Supply Chain) ကွဲပြားခြားနားမှုများက အာဆီယံနိုင်ငံများအတွက် EV ကဏ္ဍနှင့်ပတ်သက်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပေါ်ပေါက်လာစေခဲ့ပါသည်။ ယခုအခါ အာဆီယံနိုင်ငံများတွင် EV ထုတ်လုပ်မှု အောင်မြင်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ်များရှိနေကြောင်း ဖော်ပြထား ပါသည်။
ဒေသတွင်းရှိ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး နီကယ်သတ္ထုသိုက်ကို ပိုင်ဆိုင်ထားသည့်အပြင် EV ဘက်ထရီများအတွက် လိုအပ်သည့် သွပ်နှင့် ကြေးနီကိုလည်း အဓိကထုတ်လုပ်နေသည့် နိုင်ငံဖြစ်ပါသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ နီကယ်ပေါကြွယ်ဝမှု သည်လည်း ဘက်ထရီထုတ်လုပ်မှုအတွက် အထောက်အကူဖြစ်စေပြီး လက်ရှိတွင် VinFast ကုမ္ပဏီသည် ဘက်ထရီထုတ်လုပ်မှုကို ဦးဆောင်နေပါသည်။ ထို့ပြင် ဒေသတွင်းရှိ အကြီးမားဆုံး EV ထုတ်လုပ်သူနှင့် ဈေးကွက်ကို ပိုင်ဆိုင်ထားသည့် ထိုင်းနိုင်ငံသည် ၎င်းနိုင်ငံတွင် EV ထုတ်လုပ်မှုများလာရောက်လုပ်ဆောင်ရန် ဆွဲဆောင်မှုများ ပြုလုပ်လျက် ရှိပြီး အဆိုပါ မဟာဗျူဟာကြောင့် သွင်းကုန်ခွန်နည်းပါးသွားစေနိုင်သကဲ့သို့ ပြည်တွင်းထုတ် EV များတွင် ဈေးသက်သာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ်တွင် အာဆီယံခေါင်းဆောင်များသည် ဒေသတွင်း၌ EV ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး“EV Ecosystem”ကို ရည်ရွယ်ထားသည့် ကြေညာချက်တစ်ရပ်အားထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီအစဉ်က ASEAN Economic Community ကို အကောင်အထည်ဖော်ခြင်းအတွက် အထောက်အကူဖြစ်စေပြီး အဆိုပါ ကြေညာချက်တွင် အဓိကမဟာဗျူဟာနှစ်ရပ်ဖြစ်သည့် ဒေသတွင်းမှထုတ်လုပ်သော EV များ၏ အရည်အသွေးကောင်းမွန်စေရေးနှင့် ဒေသတွင်းရှိပြည်သူများ၏ လုပ်ငန်းပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေးကို အလေးပေးဖော်ပြထားပါသည်။ အဆိုပါလုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ များ၏ ဘက်ထရီနှင့် EV ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ကောင်းမွန်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်စေရန်၊ နည်းပညာဖလှယ်နိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားများ ပိုမိုထွက်ပေါ် လာနိုင်ရန်အတွက်ရည်ရွယ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းက ဒေသတွင်း EV ထုတ်လုပ်မှု အတွက် အကျိုးအမြတ်များကို ခိုင်မာလာစေနိုင်ကြောင်း ဖော်ပြထားပါသည်။
“EV Ecosystem” ကို အကောင်အထည်ဖော်ခြင်းအတွက် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရနိုင်ပြီး အရေးကြီးဆုံးအချက်မှာ အာဆီယံဒေသတွင်းနိုင်ငံများသည်EV ထုတ်လုပ်မှုအတွက် အရေးပါသည့် ဓာတ်သတ္ထုများ ထောက်ပံ့ပေးနိုင်သော်လည်း ၎င်းနိုင်ငံများ၏ EV ဈေးကွက်သည် ဖွံ့ဖြိုးစအဆင့်တွင်ပင် ရှိနေသေးပါသည်။ ဒေသတွင်းတွင် လူဦးရေ ၆၆၄ သန်းရှိသည့်အပြင် လူလတ်တန်းစားအရေအတွက် တိုးပွားလာသော်လည်း EV အသုံးပြုနိုင်မှုဦးရေမှာ နည်းပါးနေပါသေးသည်။ အကြောင်းမှာ အင်ဂျင်ကားများထက် EV ၏ တန်ဖိုးသည် ပိုမိုများပြားနေပြီး လူလတ်တန်းစားများနှင့် ဝင်ငွေနည်းပါးသူများ အနေဖြင့် EV အား အသုံးမပြုနိုင်သည်ကို ပြသနေပါသည်။ EV ကားများ၏ အကွာအဝေး အလိုက် သွားလာနိုင်မှုနှင့် အားသွင်းအဆောက်အအုံများ ရှားပါးခြင်းကလည်း EV အသုံးပြုမှုလျော့နည်းစေခြင်း၏ နောက်ထပ်ပြဿနာရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ EV ထုတ်လုပ်မှုနှင့်ပတ်သက်သည့် အကြီးမားဆုံး အကျပ် အတည်းမှာ EV များအတွက် ဒေသတွင်းစံနှုန်းများ ဖော်ဆောင်နိုင်ရန်ဖြစ်ပါသည်။ အဆိုပါစံနှုန်းဖော်ဆောင်ရာတွင် ASEAN-Wide Mutual Recognition Arrangement -MRA ကိုလည်း တည်ဆောက်ပြုပြင်ဖို့ လိုအပ်နေပြီး ထိုကဲ့သို့လုပ်ဆောင်ရန်အတွက် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်းနှင့် “EV Ecosystem” အကောင်အထည်ဖော်မှုအတွက် အားနည်းချက်များကိုဖြစ်စေနိုင်ပါသည်။ အာဆီယံနိုင်ငံများအနေဖြင့် “EV Ecosystem” အကောင်အထည်ဖော်မှုကို ဦးစားပေးဆောင်ရွက်သင့်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံခြင်းများ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ချမှတ်ပေးခြင်းနှင့် အားသွင်းအဆောက်အအုံများ တည်ဆောက် ပေးခြင်းက EV ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ရုံသာမက ဒေသတွင်း အသုံးပြုမှုကို မြင့်တက်လာစေနိုင်သည်ဟု ဆိုသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌ အထက်တွင် ဖော်ပြထားသည့်အချက်အလက်များကို တိုးမြှင့်ဖော်ဆောင်ရန်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ဒေသတွင်း EV ပဏာမခြေလှမ်းများကို စတင်နိုင်ရန်အတွက် အာဆီယံနိုင်ငံများ၏ အစိုးရများအနေဖြင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကြံဉာဏ်ဝေမျှခြင်း စင်္ကြံတစ်ခုကို ဖန်တီးနိုင်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းက အပြန်အလှန်အသိအမှတ်ပြုမှုအစီအစဉ်(Mutual Recognition Arrangement -MRA) ဖော်ဆောင်မှုလောက်မခက်ခဲသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် ယုံကြည်မှု တည်ဆောက်ခြင်းများ၊ အကြံဉာဏ်သစ်များကို ဖော်ဆောင်နိုင်ပြီး ထိုမှတစ်ဆင့် အနာဂတ် MRA ညှိနှိုင်းဖော်ဆောင်မှုများကို အရှိန်မြှင့်တင်နိုင်ပါသည်။ လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရန်နှင့် EV နည်းပညာတိုးတက်မှုများ လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ဒေသတွင်းတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့်လေ့ကျင့်ရေး(Technical and Vocational Education and Training-TVET)ကို ဖော်ဆောင်ရန် အကြံပြုထားပါသည်။ EV လုပ်ငန်းအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အရည်အချင်းများ ဖော်ထုတ်ပြုစုပျိုးထောင်ရန် ပုဂ္ဂလိကအခန်းကဏ္ဍလည်း လိုအပ်သည့် အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမှာလည်း အရေးကြီးပါသည်။ အာဆီယံသည် ကမ္ဘာ့ EV ထုတ်လုပ်မှုကဏ္ဍတွင် အခရာဖြစ်လာနိုင်သည့် အလားအလာရှိနေပြီး အောင်မြင်မှုရရှိစေရန်အတွက် ၎င်းတို့ လက်လှမ်းမီနိုင်သည့် အခွင့်အလမ်းများကို ရယူနိုင်ရန်နှင့် လက်ရှိစွမ်းဆောင်ရည်များအား ယုတ်လျော့စေသည့် မက်လုံးပေးဆွဲဆောင်မှုများကို ရှောင်ရှားနိုင်ရန် အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အရှေ့တောင်အာရှဒေသသည် EV ဈေးကွက်ကို ဦးဆောင် နိုင်သည့် အလားအလာရှိနေသော်လည်း ထုတ်လုပ်မှုနှင့် သက်ဆိုင်သည့် ဒေသတွင်း မူဝါဒရေးဆွဲဖော်ဆောင်ခြင်း အခက်အခဲများ ရှိနေသေးကြောင်း ထောက်ပြ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင် ကမ္ဘာ့နိုင်ငံများသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများတွင်ပါ အာရုံစိုက်လုပ်ဆောင်လာကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာဗွန် လျှော့ချရေးအတွက် လောင်စာဆီကားများအစား EV များကို စတင်မိတ်ဆက် အသုံးပြု လာကြပါသည်။ သို့ရာတွင် EV များ၏ တန်ဖိုးသည် လောင်စာဆီသုံး ယာဉ်များထက် များပြားနေခြင်း၊ ခရီးသွားလာနိုင်သည့်အကွာအဝေး အကန့်အသတ် ရှိနေခြင်းနှင့် အားသွင်းရန်လိုအပ်သည့်အခက်အခဲများကြောင့် တွင်ကျယ်စွာ အသုံးမပြု နိုင်သေးသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် EV ထုတ်လုပ်မှုအတွက် အရင်းအမြစ်များ ပေါကြွယ်ဝသည့် အာဆီယံနိုင်ငံများတွင် အဆိုပါယာဉ်များကို ဒေသတွင်း တွင်ကျယ်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ဈေးနှုန်းမြင့်မားမှုကို လျှော့ချလာနိုင်မည့်အပြင် ဈေးကွက် အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာနိုင်သည်ဟု ယူဆရပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးသာမက လူနေမှုအဆင့်အတန်းနှင့် နည်းပညာအဆင့်အတန်းမြင့်မားခြင်းများကလည်း အရေးပါသည့် အခန်းကဏ္ဍက ပါဝင် နေပါသည်။ ကမ္ဘာ့ EV ထုတ်လုပ်မှုတွင် အဓိကအဖွဲ့အစည်း ဖြစ်လာနိုင်သော အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း EV များကို ပြည်ပမှတင်သွင်း အသုံးပြုခြင်းထက် နိုင်ငံအတွင်း EV နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းထုတ်ကုန်တစ်ခုကို ရွေးချယ်၍ ထုတ်လုပ်နိုင်ရန်၊ ဦးဆောင်ကဏ္ဍတွင်ပါဝင်နိုင်ရန် ဆောင်ရွက်သင့်ပြီး အနာဂတ်ကာလအတွက် ကြိုတင်မျှော်တွေးထား နိုင်ခြင်းသည် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

76080223