နိဒါန်း
လက်ရှိ တိုးတက်နေသည့် အင်တာနက်ခေတ်တွင် လူမှုကွန်ရက်များ၊ ဆိုရှယ် မီဒီယာများ အသုံးပြုမှုတွင်ကျယ်လာသည့်အလျောက် တစ်ဖက်တွင် နိုင်ငံ၏ လုံခြုံရေး၊ လူမှုအဖွဲ့အစည်း၊ လူသားအကျိုးစီးပွားကို စိန်ခေါ်မှုများရှိလျက်ရှိပါသည်။ စင်ကာပူ နိုင်ငံသည် ယခင် ၁၉၀၀ ပြည့်နှစ်ကျော် ကာလကတည်းက လူသားအကျိုးစီးပွားကို အနှောင့်အယှက်ပေးမှုအား တားဆီးကာကွယ်ခြင်းဆိုင်ရာဥပဒေကို ချမှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အွန်လိုင်းသတင်းအတု/သတင်းအမှားများ ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေများအား ချမှတ်ခဲ့ပါသည်။ ယခုအခါထိုကိစ္စရပ်များကို အထူးတားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence-AI)ကို အများဆုံး အသုံးပြုလာသည့် ယနေ့အင်တာနက်ခေတ်သည် လုပ်ကြံသတင်းအတုနှင့် သတင်းအမှားဖြင့် လူ့အဖွဲ့အစည်းများကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပါသည်။ သတင်းလိမ်လည်မှု၊ ပုံအတုနှင့် ဗီဒီယိုအမှားများ ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိမှုသည် လူ့ပတ်ဝန်းကျင်၊ သို့မဟုတ် နိုင်ငံများအကြားတွင် အထင်အမြင်လွဲမှားမှု၊ စိတ်ဓာတ်ပျက်ပြားမှုများ ဖြစ်ပွားစေသကဲ့သို့ အကြမ်းဖက်မှုများကို လှုံ့ဆော်ပေးနိုင်ပါသည်။ အမေရိကန်နိုင်ငံ၏စုံစမ်းစစ်ဆေးမှုများအရ ရုရှားနိုင်ငံ၊ အီရန်နိုင်ငံနှင့် အခြားနိုင်ငံတို့အနေဖြင့် သတင်း အတုများကိုအသုံးပြု၍ ၎င်း၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဟားမတ်စ်အဖွဲ့ အနေဖြင့် ဂါဇာမြို့အနီးရှိ အစ္စရေးမြို့များကို အငိုက်ဖမ်းတိုက်ခိုက်ရာတွင် သတင်း လိမ်လည်မှုနှင့် သတင်းအမှားကို အသုံးပြုခဲ့ပြီး လက်ရှိအချိန်ထိ အစ္စရေးနိုင်ငံ၏ တန်ပြန်ထိုးစစ်ဆင်မှုများကို အယုံအကြည်မဲ့စေသည့် သတင်းအမှားထုတ်လွှင့်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။
စင်ကာပူနိုင်ငံအနေဖြင့် အဆိုပါအန္တရာယ်များသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတိကြီးစွာ ကိုင်တွယ်လုပ်ဆောင်ခဲ့ပါသည်။ စင်ကာပူနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်တွင် နိုင်ငံအတွင်း လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြား သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပါသည်။ ထို့နောက် စင်ကာပူအစိုးရသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်၍ လူမျိုးရေးနှင့် ဘာသာရေးသဟဇာတဖြစ်မှုကို ထိန်းညှိနိုင်ရန် စီမံချက်များ စတင်ချမှတ်ခဲ့ပါသည်။ အွန်လိုင်းစာတိုဝန်ဆောင်မှုလုပ်ငန်း များနှင့် ဆိုရှယ်မီဒီယာများတွင်ကျယ်စွာ အသုံးပြုလာမှုသည် တာဝန်မဲ့သည့် ပြောဆိုချက်များ၊ ထင်မြင်သုံးသပ်ချက်များ အတားအဆီးမဲ့ပေါ်ပေါက်လာပြီး ထိန်းချုပ်ရန် ခက်ခဲခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိပါက ထိလွယ်ရှလွယ် ကိစ္စရပ်များတွင် မှားယွင်းသည့် လှုံ့ဆော်မှုများဖြစ်ပေါ်လာစေပြီး လူမှုရေးကွဲပြားမှု များနှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ထို့ကြောင့် စင်ကာပူအစိုးရသည် နိုင်ငံ၏ ၂၀၁၉ ခုနှစ် ဥပဒေကြပ်မတ်ရေးနှင့် ဥပဒေပြဋ္ဌာန်းမှု သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းများတွင် အွန်လိုင်းသတင်းအတု/သတင်းအမှားများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာဥပဒေ(Protection from Online Falsehoods and Manipulation Act - POFMA)ကို ပြဋ္ဌာန်းခဲ့ပါသည်။
အဆိုပါ သတင်းအမှားများဥပဒေအရ အစိုးရအနေဖြင့် အွန်လိုင်းသတင်းအမှား များကို ဖြုတ်ချနိုင်ခြင်း၊ မူရင်းသတင်း(သတင်းအမှန်)အား ထုတ်ပြန်ဖြေရှင်းခြင်း အပါအဝင် ပြစ်ဒဏ်ပေးမှုများကို လုပ်ဆောင်နိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်ကာလတွင် ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ပိုးအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်းရေးသားထားသည့် သတင်းအမှားနှင့် ၎င်းသတင်းပိုင်ရှင်များအား စင်ကာပူ အစိုးရအနေဖြင့် POFMA ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ ဖမ်းဆီးပြစ်ဒဏ်ချမှတ်သည့် ဖြစ်စဉ် ၆၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ POFMA ဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပြစ်ဒဏ် ပေးမှုများသည် စင်ကာပူနိုင်ငံ၏ ပြည်သူလူထုအကြား သတင်းအမှားနှင့် သတင်းအမှန် များကို ခွဲခြားသိမြင်စေနိုင်ပြီး ဟောင်ကောင်၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံတို့ထက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ကာ ပြည်သူများ၏ အသက်များကိုလည်း ကာကွယ်နိုင်ခဲ့ပါသည်။
စင်ကာပူနိုင်ငံအစိုးရအနေဖြင့် သတင်းအမှားထိန်းချုပ်ရန်အတွက် POFMA ဥပဒေအပြင် အခြားဥပဒေအဟောင်းများကိုလည်း အသုံးပြုခဲ့ပါသည်။ ဥပမာအားဖြင့်၂၀၂၀ ပြည့်နှစ်၊ မေလတွင် Facebook လူမှုကွန်ရက်ပေါ်၌ အစိုးရလုပ်ဆောင်မှုနှင့် ပတ်သက်၍ သတင်းအမှားများ ဖြန့်ချိသည့် ကားအငှားသမားတစ်ဦးအား (ပြည်သူ့ အကျိုးနှင့်စိတ်အနှောင့်အယှက်ဖြစ်စေမှု) ၁၉၀၆ ခုနှစ် Miscellaneous Offences ဥပဒေအရ ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံအနေဖြင့် အခြားအန္တရာယ်များသည့် သတင်းအတု/သတင်းအမှားများမှ ဖြစ်လာနိုင်သည့် ဒီဂျစ်တယ် ခြိမ်းခြောက်မှုမှလည်း ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကာကွယ်ရေးဥပဒေ(တန်ပြန်ရေးအစီအမံ)အရ အစိုးရအနေဖြင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုဟု သံသယရှိသည့် အွန်လိုင်းအကြောင်းအရာများအား ဖြုတ်ချခွင့်၊ ပိတ်ပင်ခွင့်ရှိပါသည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံ၏ သဘောထားရပ်တည်ချက်များအပေါ် တိုက်ခိုက်လာသည့် မလေးရှားနိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုများကို ထောက်ပြဖော်ထုတ်နိုင်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စင်ကာပူနိုင်ငံ၏ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ အွန်လိုင်းလုံခြုံရေးဥပဒေ (Infocomm Media Development Authority's Online Safety Code)သည် စတင် အသက်ဝင်လာခဲ့ပါသည်။ အဆိုပါ ဥပဒေသည် ဆိုရှယ်မီဒီယာအသုံးပြုမှုတွင် ပိုမို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ရည်ရွယ်ထားပြီး အစိုးရအနေဖြင့် အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းအရာအား ဖြုတ်ချခွင့်နှင့် အသက်မပြည့်သေးသည့် အသုံးပြုသူများ အတွက် ကာကွယ်ပေးမှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် ၎င်းဥပဒေသည်ဆိုရှယ်မီဒီယာကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိမိကိုယ်ကို အဆုံးစီရင်မှုများ၊ အရွယ် အရောက်သေးသော ကလေးများအပေါ် လိင်အမြတ်ထုတ်မှုနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ကာကွယ်ပေးနိုင်မည်ဟုဆိုသည်။ ရန်လိုသည့် သတင်းအချက်အလက် လှုံ့ဆော်မှုများသည် နိုင်ငံရေးကိစ္စရပ်များတွင် ပြည်သူလူထုကို လမ်းမှားရောက်စေခြင်း၊ သို့မဟုတ် လူမျိုးရေးနှင့် ဘာသာရေးအပါအဝင် အငြင်းပွားဖွယ်ပြဿနာများတွင် သဘောထားကွဲလွဲမှုများဖြစ်အောင် လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းသတင်းအမှားလှုံ့ဆော်မှုများကို စစ်ဆေး ထိန်းချုပ်မှုများမပြုလုပ်ပါက နိုင်ငံ၏ အမျိုးသား လုံခြုံရေးကိုပါ ခြိမ်းခြောက်လာစေနိုင်ပါသည်။ ထို့ကြောင့် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့် လူထုသဘောထားအမြင်ကို လွှမ်းမိုးရန် ကြိုးပမ်းနေမှုများမှ မိမိနိုင်ငံကို ကာကွယ်နိုင်ရန် အရေးကြီးလျက်ရှိပါသည်။ မိမိအစိုးရနှင့် ၎င်း၏ မူဝါဒများအပေါ် ယုံကြည်မှုထားရှိခြင်းသည် လူ့အဖွဲ့အစည်း ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် အရေးပါလျက်ရှိပြီး စင်ကာပူနိုင်ငံသည် အွန်လိုင်း သတင်းအတု/သတင်းအမှားများ အန္တရာယ်မှ ကာကွယ်ရန် အထူးသတိထား ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ကမ္ဘာ့နိုင်ငံများ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့်သတင်းအတု/သတင်းအမှားများ၏ အန္တရာယ်ကို ထောက်ပြထားပြီး စင်ကာပူနိုင်ငံ အနေဖြင့် ဆိုရှယ်မီဒီယာများနှင့် သတင်းအတု/သတင်းအမှားများကို စည်းမျဉ်းဥပဒေများ ထိရောက်စွာချမှတ်၍ ကာကွယ်လျက်ရှိကြောင်း ထုတ်ဖော်ရေးသားထားခြင်းဖြစ်ပါသည်။ စင်ကာနိုင်ငံ၏ မီဒီယာလွတ်လပ်မှုညွှန်းကိန်းသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အနက် ၁၃၉ နိုင်ငံတွင် ရှိနေပြီး အချို့လူ့အခွင့်အရေးအဖွဲ့များကလည်း စင်ကာပူနိုင်ငံ၏ မီဒီယာအခန်းကဏ္ဍနှင့်ပတ်သက်၍ လွတ်လပ်မှုမရှိကြောင်း ဝေဖန်ပြောကြားလျက် ရှိပါသည်။[2] သို့သော်လည်း စင်ကာပူနိုင်ငံအနေဖြင့် နိုင်ငံအတွင်း မလိုလားအပ်သည့် ပြဿနာများ၊ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ဆူပူမှုများ၊ နိုင်ငံရေးနှင့်ပတ်သက်၍ လမ်းမှားရောက်မှုများ ဖြစ်စေ နိုင်သည့် မီဒီယာနှင့် ဆိုရှယ်မီဒီယာအန္တရာယ်များကို ဥပဒေများ ထိရောက်စွာပြဋ္ဌာန်း၍ ထိန်းသိမ်းကာကွယ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
အင်တာနက်နှင့် ဆိုရှယ်မီဒီယာများသည် လူထုအကြား အကောင်းဆုံးသော ဆက်သွယ်ရေး၊ အသိပညာ ဗဟုသုတရှာမှီးရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အလွန်ထိရောက်သည့် ပလက်ဖောင်း တစ်ခုဖြစ်သော်လည်း တစ်ဖက်တွင် သတင်းအတု/သတင်းအမှားဖြန့်ဝေခြင်း၊ အရေးကြီး အချက်အလက်များ ကျိုးပေါက်ခြင်း၊ လူထု၏ အတွေးအမြင်ကို လိုရာပုံသွင်းနိုင်ခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများရှိနေပြီး နိုင်ငံ တစ်ခု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဟူသော အချက်ကို နိုင်ငံများအားလုံးက လက်ခံအသိအမှတ်ပြုထားပြီးဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကို ခေတ်စနစ်နှင့်အညီ ထိရောက်စွာကာကွယ်နိုင်ရန်အတွက် မဟာဗျူဟာများ၊ နည်းလမ်းများဖော်ဆောင်နိုင်ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
150111423
[1]။ Ben Chester Cheong.“ Singapore has recognized the real danger of disinformation”. Nikkei Asia. November 9, 2023 [https://asia.nikkei.com/.../Singapore-has-recognized-the...]
[2]။ Kayla Wong.“ S'pore's press freedom ranking jumps from 160 to 139”. Mothership. May 4, 2022 [https://mothership.sg/.../singapore-press-freedom.../]