Monday, September 25, 2023

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ သံတမန်ရေးအယူအဆ ပြောင်းလဲလာမှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အနေဖြင့် လက်ရှိတွင် ရင်ဆိုင်နေရသည့် သံတမန် ရေးရာအခက်အခဲများနှင့် သံတမန်ရေးရာထိုးစစ်မှ ပြောင်းလဲလာသည့် အမျိုးသားရေး ဆိုင်ရာ လုံခြုံရေးခံစစ်အကြောင်းကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် လိုလားလျက်ရှိသော်လည်း တရုတ်နိုင်ငံအနေဖြင့် တိကျသည့် ပြန်ကြားချက်မရှိသေးသော်လည်း စက်တင်ဘာလ ၄ ရက်နေ့၌ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန “Ministry of State Security (MSS)’’ က အမေရိကန်နိုင်ငံ သမ္မတနှင့် တရုတ်နိုင်ငံသမ္မတတို့ တွေ့ဆုံနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ ဆောင်းပါး တစ်ပုဒ်ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်ချက်၌ သမ္မတ ၂ ဦးတို့အကြား တွေ့ဆုံဆွေးနွေးမှု အထမြောက်စေရန် အမေရိကန်နိုင်ငံအနေဖြင့် ရိုးသားပွင့်လင်းမှုရှိရန် လိုအပ်သည်ဟု MSS က ပြောကြားခဲ့ပါသည်။ ယေဘုယျအားဖြင့် အစိုးရအေဂျင်စီတစ်ခုမှ သံတမန်ရေးရာကိစ္စများနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ခြင်းသည် သာမန်ဖြစ်သော်လည်း MSS ကဲ့သို့သော လုံခြုံရေးအေဂျင်စီတစ်ခုအနေဖြင့် အရေးကြီးသည့် ပြည်ပနိုင်ငံအကြီးအကဲနှင့် တွေ့ဆုံမှုအား ဝင်ရောက်စွက်ဖက်၍ သံတမန်ရေးရာတွင် ပါဝင်ပတ်သက်မှုသည် ထူးခြားမှုရှိနေပါသည်။
၃။ လက်အောက်ရှိ MSS မှ တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ သဘောတူညီချက်မပါဘဲ တရုတ်နိုင်ငံ၏ အရေးပါသည့် နိုင်ငံတကာ ဆက်ဆံရေးကိစ္စရပ်များ လူသိရှင်ကြား မှတ်ချက်ပေးခြင်းမျိုး လုပ်ဆောင်ဝံ့မည် မဟုတ်ပါ။ ထို့ကြောင့် ဤလုပ်ဆောင်ချက်သည် သမ္မတ ရှီကျင့်ဖျင်မှ ၎င်းယုံကြည် စိတ်ချရသည့် MSS အကြီးအကဲ Chen Yixin ကို ညွှန်ကြားခဲ့ခြင်း ဖြစ်နိုင်ပါသည်။ သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ဤကဲ့သို့ သံတမန်ရေးရာကိစ္စရပ်များတွင် အမျိုးသား လုံခြုံရေးအဖွဲ့ကို ထည့်သွင်းလာခြင်းသည် ၎င်း၏နိုင်ငံခြားရေးမူဝါဒအား အမျိုးသား လုံခြုံရေးကို ဦးစားပေး၍ ဆောင်ရွက်လာခြင်းဖြစ်နိုင်ပါသည်။ သမ္မတ ရှီကျင့်ဖျင် အတွက် အမျိုးသားလုံခြုံရေးဆိုသည်မှာ ၎င်း၏အာဏာကို လုံခြုံအောင်ထိန်းသိမ်း ထားနိုင်ရန်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား အတွက် တရုတ်ကွန်မြူနစ်ပါတီ၏ လုံခြုံရေးသည် အဓိကဖြစ်ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် နိုင်ငံတကာဆက်ဆံရေးကို လုံခြုံရေးသတိဖြင့် လုပ်ဆောင် လာနေပါသည်။ တရုတ်စီးပွားရေးသမားများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များကို ပစ်မှတ်ထားသည့် စျေးကွက်လွတ်လပ်မှုအား ကန့်သတ်သည့် မူဝါဒများကို ချမှတ်ခဲ့ခြင်းကြောင့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုအပေါ် သက်ရောက်မှုများ ဖြစ်စေခဲ့ပါသည်။ ဥပမာအားဖြင့် သမ္မတ ရှီကျင့်ဖျင် သည် ဒေသတွင်း၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် တရုတ်နိုင်ငံသားများအား လုံခြုံရေး အရ စောင့်ကြည့်မှုပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ သူလျှိုမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူများအနေဖြင့် မလုံခြုံမှုကို ခံစားခဲ့ရကြောင်း ဖော်ပြ ထားပါသည်။
အမျိုးသားလုံခြုံရေးအတွက် အဓိကလိုအပ်ချက်မှာ ကာကွယ်ရေးနည်းလမ်း ဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အနေဖြင့် အမျိုးသားလုံခြုံရေး မူဘောင်အတွင်း သံတမန်ရေးကို ထည့်သွင်းခြင်းသည် နိုင်ငံခြားရေးမူဝါဒကို ထိုးစစ်မှ ခံစစ်အနေအထားသို့ ပြောင်းလဲလာခြင်းဖြစ်သည်ဟု ယူဆရပါသည်။ လက်ရှိ သံတမန် ဆက်ဆံရေးသည် တရုတ်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် က စိုးရိမ်လျက်ရှိပြီး တရုတ်နိုင်ငံအတွင်း “ရောင်စုံ တော်လှန်ရေး” (Colour Revolution)[2] ဖြစ်ပွားမလာစေရန် တားဆီးလျက်ရှိပါသည်။ စက်တင်ဘာလက ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတသည် ရုရှားနိုင်ငံနှင့် ဒေသတွင်း အခြား အဖွဲ့ဝင်နိုင်ငံများကို အင်အားကြီးနိုင်ငံများ၏ “ရောင်စုံ တော်လှန်ရေး” သွေးထိုး လှုံ့ဆော်မှုကို တားဆီးရန်အတွက် အချင်းချင်းကူညီကြရန် တောင်းဆိုခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖျင် သည် တရုတ်နိုင်ငံ၏ စီးပွားရေးပြဿနာများအတွက် အမေရိကန် နိုင်ငံကို အပြစ်တင်လျက်ရှိပြီး အဆိုပါပြဿနာများကြောင့် ၎င်း၏ ခေါင်းဆောင်မှုကို မထိခိုက်စေရန်နှင့် ၎င်း၏အာဏာပိုမိုအားကောင်းစေရန် အမျိုးသားရေးဝါဒကို ပြန်လည်လှုံ့ဆော်အသုံးချလာကြောင်း ဖော်ပြထားပါသည်။
ယခုအချိန်တွင် သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ အာဏာကို စုစည်းရန်၊ “ရောင်စုံတော်လှန်ရေး”ကို ကာကွယ်ရန်နှင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံ များ၏ ကြိုးကိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးပြိုလဲမှုတို့ကို ရင်ဆိုင်ဖြေရှင်း နေရပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများအား ဖိနှိပ်ချုပ်ချယ်မှု များနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ရန်လိုမှုများသည် ကွဲပြားခြားနားသည်ဟု ထင်ရ သော်လည်း ဆက်စပ်လျက်ရှိပါသည်။ အလားတူပင် အင်အားကြီးနိုင်ငံများအကြား ယှဉ်ပြိုင်ရာ၌ အနောက်နိုင်ငံများ၏ အတွေးအခေါ်များ၊ သတင်းအချက်အလက်များနှင့် အမေရိကန်နိုင်ငံ၏ ငွေကြေးများ တရုတ်နိုင်ငံအတွင်း စိမ့်ဝင်မှုကို ဟန့်တားခြင်း များသည် အမေရိကန်နိုင်ငံအား အနိုင်ရရန်လုပ်ဆောင်ခြင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ ယခုအချိန်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် ပြည်ပအရေးကိစ္စများထက် ပြည်တွင်းရေးအား ပို၍အလေးထားလျက်ရှိသည်ကို ၎င်း၏ မကြာသေးမီက လုပ်ဆောင် ခဲ့သည့် သံတမန်ရေးရာကိစ္စရပ်များတွင် တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် သမ္မတ ရှီကျင့်ဖျင် သည် အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် G-20 ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် Li Qiang အား စေလွှတ်၍ ၎င်းသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရေဘေးသင့်ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့ပြင် စက်တင်ဘာလ ၁၂ ရက်နေ့က ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ခြင်းမရှိဘဲ ၎င်းအစား ဒုတိယဝန်ကြီးချုပ် Zhang Guoqing ကို ကိုယ်စားစေလွှတ်ခဲ့ပါသည်။ ယခုနှစ် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် APEC ထိပ်သီး အစည်းအဝေးသို့ တက်ရောက်၍ အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်နှင့် တွေ့ဆုံမည့် အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် ၎င်း၏ သံတမန် ရေးရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသည်။ အမေရိကန်နိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဩစတြေးလျနှင့် မွန်ဂိုလီးယား နိုင်ငံတို့အပါအဝင် အင်ဒို-ပစိဖိတ် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းမှုအားကောင်း လာခြင်းသည် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့် ထိန်းချုပ်ရေး မဟာဗျူဟာတစ်ခု အလုပ်ဖြစ်လာသည်ကို ပြသနေပါသည်။ တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ် စံပြုမြေပုံသစ်ထုတ်ပြန်ခြင်းသည်လည်း ဒေသတွင်း အာဆီယံနိုင်ငံများနှင့် ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်စေခဲ့ပြီး အီတလီနိုင်ငံကလည်း တရုတ်နိုင်ငံ၏ နိုင်ငံတကာစီမံကိန်းဖြစ်သည့် Belt and Road Initiative (BRI) သဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ပြင် G-20 ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ကို ချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးလမ်းကြောင်း သစ်ကို စတင်ခဲ့မှုသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို စိန်ခေါ်မှု ဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ သံတမန်ရေးအရ ရုရှားနိုင်ငံအပေါ် ထောက်ခံမှုပြုလုပ်ခဲ့သော်လည်း ၎င်းမျှော်လင့်ထားသည့် ရလဒ်များနှင့် ကွဲလွဲခဲ့ပါသည်။ တရုတ်နိုင်ငံသည် BRICS အဖွဲ့ချဲ့ထွင်မှုတွင် အောင်မြင်မှုရရှိခဲ့သော်လည်း ကမ္ဘာ့ တောင်ဘက်ခြမ်းရှိနိုင်ငံများ၏ သံတမန်ရေးရာ ဦးဆောင်မှုကို အိန္ဒိယနိုင်ငံက လွှမ်းမိုး ထားပါသည်။ ထို့ကြောင့် သမ္မတ ရှီကျင့်ဖျင် သည် သံတမန်ရေးရာ အခက်အခဲများနှင့် ရင်ဆိုင်နေခြင်းကြောင့် ၎င်း၏သံတမန်ရေးထိုးစစ်သည် အရာရောက်ခြင်းမရှိသည့်အတွက် ၎င်း၏ပြည်တွင်း ရပ်တည်ချက်များကို ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ သို့သော်လည်း သမ္မတ ရှီကျင့်ဖျင် သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် များကို စွန့်လွှတ်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ၎င်းသည် မဟာဗျူဟာမြောက်ထိုးနှက်မှုကို ပိုမို အားကောင်းစေရန် မော်စီတုံး ၏ နည်းဗျူဟာဖြစ်သော ထိုးမည့်ဆင်နောက်တစ်လှမ်းဆုတ်သည့် မဟာဗျူဟာကို အသုံးချခြင်းဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့ခြင်း မဟာဗျူဟာသည် တရုတ်နိုင်ငံ၏ အချိန်မတန်သေးမီ အင်အားထုတ်ပြခဲ့မှု၊ ဒေသတွင်း ဩဇာအာဏာ တည်ဆောက်မှုတွင် အထက်စီးဆန်လာမှုနှင့် အမေရိကန်နိုင်ငံနှင့် ၎င်း၏မဟာမိတ် နိုင်ငံများ၏ အင်အားဖြန့်ကြက် အုပ်စုဖွဲ့လာမှုများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုအခြေအနေကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့၏ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လာမှုများက ထင်ရှားလာစေပါသည်။ ထိုကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာတွင် ထိရောက်မှုရှိသော အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏Colour Revolution ဖြစ်လာမည့်အရေးအား အထူးစိုးရိမ်လျက်ရှိနေပါသည်။
အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံပတ်ဝန်းကျင်ရှိနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နေချိန် ပြည်တွင်းတွင် ဝန်ကြီးအချို့အပါအဝင် ထိပ်တန်းပါတီဝင်များ၏ အဂတိလိုက်စားမှုသတင်းများလည်း ပေါ်ထွက်လာသည့် အတွက် သမ္မတ ရှီကျင့်ဖျင် အနေဖြင့် တရုတ်နိုင်ငံပြည်တွင်းရေးကို ပြည်ပအရေးထက် ဦးစားပေးဆောင်ရွက်ရမည့် အခြေအနေဖြစ်ပါသည်။ ဤအခြေအနေအား တုံ့ပြန်နိုင်ရန် အတွက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒတွင် အမျိုးသားလုံခြုံရေးကို ပိုမိုထည့်သွင်း အာရုံစိုက်လာပြီး နိုင်ငံတကာဆက်ဆံရေးတွင် လုံခြုံရေးသတိဖြင့် ချဉ်းကပ်လုပ်ဆောင်လာနေခြင်းဖြစ်ပါသည်။ ယခု တရုတ်နိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုအတော်များများသည် အချိန်မတိုင်မီ ကြောင်လက်သည်းထုတ်ပြခဲ့သည့် Timing လွဲချော်မှုကြောင့်ဖြစ်သည်ဟု သုံးသပ်နိုင်ပြီး၊ ယခုပြည်တွင်းရေးကို ကျစ်လျစ်အောင် ပိုမိုအာရုံစိုက်လာခြင်းသည် အခြေအနေမှန်ကို ဆဝါးနိုင်မှုအဖြစ် ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
115092623
[1]။ Jianli Yang,“Xi Jinping’s Diplomacy Is Shifting from Offense to Defense”. The Diplomat. 18September 2023 [/https://thediplomat.com/.../xi-jinpings.../]-accessed on 20 September 2023.

[2]။ Colour Revolution ဆိုသည်မှာ ယခင် ဆိုဗီယက် လက်အောက်ခံ နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်အပါအဝင် မြန်မာနိုင်ငံတွင် ကြုံတွေခဲ့ရသည့် ပြည်သူများ ဆူပူအုံကြွမှုမျိုးကို ဆိုလိုပါသည်။ ထိုသို့ ဆူပူအုံကြွရန် အင်တာနက်နှင့် ဆိုရှယ်မီဒီယာများအား အဓိကဆက်သွယ်လှုံ့ဆော်ရေးလမ်းကြောင်းအဖြစ် အသုံးပြုပြီးကြိုးကိုင်သူများမှ အစိုးရတစ်ရပ်အားဖြုတ်ချရန်၊ သို့မဟုတ် အစိုးရတစ်ရပ်အား တင်မြှောက်ရန်အတွက် မဟာဗျူဟာတစ်ရပ် အနေဖြင့် အသုံးချသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။