နိဒါန်း
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်ရာတွင် အဖွဲ့ဝင်ဖြစ်သည့် အိမ်နီးချင်းထိုင်းနိုင်ငံက ကြားဝင်လုပ်ဆောင်ရန် တိုက်တွန်းရေးသားထားသည့် အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်သင့်ကြောင်း ဆောင်းပါးရှင်က အချက် ၃ ချက်ဖြင့် တင်ပြထားပါသည်။ ပထမအချက်အနေဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပထဝီအနေအထားနှင့် သမိုင်းကြောင်းအရနီးစပ်ခြင်းကြောင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ရှိနေသည့်အပြင် တပ်မတော်၊ NUG ၊ မြန်မာပြည်သူများနှင့်အခြားသော အတိုက်အခံအဖွဲ့အစည်းများအကြား အရေး ပါသော ကြားဝင်ဆောင်ရွက်မှုမျိုးလုပ်ဆောင်နိုင်သည်ဟု ဆိုသည်။ ထို့ပြင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် ယခင်နှင့်ယခုလက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြ/ထမ်းဆောင်နေကြသော တပ်မတော် ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးရင်းနှီးဆက်ဆံမှုများ ရှိနေသည့်အပြင် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံအာဏာသိမ်းမှုကိုလည်း မြန်မာ့တပ်မတော်က ထောက်ခံအားပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်မှာ ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြားတွင် စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှု ပမာဏများစွာရှိနေပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နယ်နိမိတ် အရှည်ဆုံးထိစပ်နေသည့် အိမ်နီးချင်းဖြစ်သကဲ့သို့ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခြင်းကြောင့်ဟု ဆိုပါသည်။ ထိုင်း-မြန်မာစီးပွားဆက်ဆံရေးတွင် အကျိုးအမြတ်ရှိနေသည့် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက်လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးက အရေးပါနေကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံက ချမှတ်ထားသော သံခင်းတမန်ခင်းဆိုင်ရာနှင့် မဟာဗျူဟာများကို ပုံဖော်ကျင့်သုံးရာတွင် ကြားနေနိုင်ငံ အဖြစ် ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းရှိပါသည်။ ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရယူမည်ဆိုပါက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ပိုမိုတက်ကြွသည့်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေး နိုင်စွမ်းမှာ အရေးပါသည်မှန်သော်လည်း ထိုင်းတစ်နိုင်ငံတည်း Unilateral လုပ်ဆောင် နေခြင်းမှာမူ အလုပ်ဖြစ်မည်မဟုတ်ဟုဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုသည် မြန်မာ့တပ်မတော်အတွက် အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သော်လည်း အခြားသောအတိုက်အခံအဖွဲ့များအတွက် အကျိုးဖြစ်ထွန်းမှု အားနည်းခဲ့သည်ဟုဆိုသည်။ မြန်မာ နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်ထိတွေ့ဆက်ဆံနေမှုကို အကြောင်းပြုပြီး ကျန်အာဆီယံ အဖွဲ့ဝင် ၈ နိုင်ငံ၏ ဖိအားပေးမှုလျော့ကျစေရန် ထိုင်းနိုင်ငံအား အသုံးချလာနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအရေးကို ဖြေရှင်းရာတွင် အာဆီယံစတင်ထူထောင်စဉ်က ချမှတ်ထားသည့် အခြေခံမူကြီးများအပေါ် ရပ်တည်လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ လက်ရှိအင်ဒိုနီးရှား နိုင်ငံက ကျင့်သုံးလျက်ရှိသည့် ပါဝင်ပတ်သက်သူများအကြား ထိတွေ့ဆက်ဆံဆွေးနွေးနေသည့် ကြားခံသံခင်းတမန်ခင်း(Shuttle Diplomacy)နှင့် ထိုင်းနိုင်ငံက ကျင့်သုံး နေသည့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးဆိုင်ရာ အားသာချက်များအပေါ် အခြေခံထိတွေ့ ဆက်ဆံသည့် သံခင်းတမန်ခင်းနှစ်ခုမှာ အပြန်အလှန်အမှီသဟဲ ဖြစ်နေသင့်ကြောင်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံက ကျင့်သုံးလျက်ရှိသည့် လက်ဦးမှုရယူဆောင်ရွက်တတ်သော သံခင်း တမန်ခင်းနှင့် ငြိမ်းချမ်းရေးရရှိစေရေးကို ရှေးရှုဆောင်ရွက်သော သံခင်းတမန်ခင်း (Proactive and Pro-Peace Diplomacy) တို့ အရ မကြာမီတာဝန်ယူတော့မည့် ထိုင်းအစိုးရသစ်အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ဒေသရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန် ဒုက္ခသည်စခန်းများ တည်ဆောက်ပေးကာ တရုတ်နှင့် အမေရိကန်နိုင်ငံတို့မှ အကူအညီနှင့် အာဆီယံအဖွဲ့၏ အထောက်အပံ့များ ရယူ သင့်သည်ဟု ဆိုသည်။ ထိုင်း-မြန်မာ ဆက်ဆံရေးအား ရေရှည်တည်တံ့အောင် ဆက်လက် ဆောင်ရွက်ပြီး အခြားအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်လာနိုင်ရေးကိုလည်း ကြိုးပမ်း သင့်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာ-ထိုင်းနယ်စပ်လုံခြုံရေးတို့ကို ရှေးရှု၍ NUG အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအား ပစ်ခတ်မှုရပ်စဲရေးကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားသင့်ပါသည်။ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသား များ၏ လွတ်လပ်မှုအခွင့်အရေးများအတွက် စည်းရုံးပြောဆို၍ အာမခံချက်ပေးသင့်ပြီး အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အစိုးရသစ်တစ်ရပ်ပြန်လည်ထူထောင်နိုင်ရေးကို ဆုပေးဒဏ်ပေးစနစ်ကျင့်သုံး၍ လုပ်ဆောင်သွားသင့်သည်ဟု ဆိုပါသည်။ ဤစနစ်သည် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်မှီခိုမှုကို ဖြစ်ပေါ်စေမည့် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ပြီး ထိတွေ့ဆက်ဆံမှုရှိနေသော ထိုင်းနိုင်ငံအနေဖြင့် လုံလောက်သည့် အကြောင်းပြချက်များရှိသော်လည်း အဆိုပါလုပ်ဆောင်ချက်များသည် NUG အဖွဲ့အား အကျိုးဖြစ်ထွန်းမှု အားနည်းသောကြောင့် ထိုင်းတစ်နိုင်ငံတည်းသဘောဖြင့် မြန်မာနိုင်ငံအား ဆက်ဆံခြင်းမပြုရန် ဆောင်းပါးတွင် တိုက်တွန်းထားခြင်းဖြစ်ပါသည်။ လက်တွေ့တွင်မူ နိုင်ငံတိုင်းသည်အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်သည့်အတွက် ၎င်းတို့၏ နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာ မူဝါဒကို လွတ်လပ်စွာ ချမှတ်ဆောင်ရွက်ခွင့်ရှိပြီး အခြားသောနိုင်ငံများကို Bilateral သဘောဖြင့် လွတ်လပ်စွာ ချဉ်းကပ်ဆက်ဆံပိုင်ခွင့်ရှိနေပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံအရေးကိစ္စတွင် ၎င်းတို့မျှော်မှန်းထားသည့် ရလာဒ်များမှ သွေဖည်လာသည့် ဘက်မှသဘောထားများကို ထင်ဟပ်ထားသည့် ဆောင်းပါးဟုလည်း ဆိုနိုင်ပါသည်။
သို့သော်လည်း သမိုင်းကြောင်းကို ပြန်ကြည့်ပါက ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဆက်ဆံရေးအဆင်မပြေသည့် ကာလများလည်း ရှိသကဲ့သို့ သမိုင်းကြောင်းအစဉ်အဆက်အရ အစိုးရအား ဆန့်ကျင်နေသော ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် များ၏ လွတ်မြောက်နယ်မြေတစ်ခုဖြစ်ခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်းတို့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်မည်သာဖြစ်ပြီး လိုအပ်လျှင် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆက်ဆံမည်သာဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံရေးသဘောတရားများတွင် အကျိုးစီးပွားများ တူညီသည့်ရာခိုင်နှုန်းများပါက ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများပြီး အကျိုးစီးပွားများ ထိပ်တိုက်တွေ့ပါက ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းနည်းမည်သာဖြစ်ပါသည်။ ထိုအချက်အား သတိမူနိုင်လျှင် မည်သည့်နိုင်ငံနှင့် ဆက်ဆံရေးတွင်မဆို အကောင်းဆုံး ချဉ်းကပ်ဆောင်ရွက်နိုင်မည့် သံတမန်ရေးသဘောတရားများကို ဖော်ထုတ်ရရှိနိုင်မည်သာ ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
101090623
[1]။ Brian Wong, Tidarat Yingcharoen,“Why Thailand Should Mediate the Crisis in Myanmar”. The Diplomat. 30 August 2023 [https://thediplomat.com/.../why-thailand.../]-accessed on 31 August 2023.