Monday, May 15, 2023

ထိုင်းနိုင်ငံတွင် မည်သည့်ပါတီမှအနိုင်ရသည်ဖြစ်စေ နိုင်ငံခြားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းနေခြင်း

 


နိဒါန်း

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲတွင် မည်သည့်ပါတီမှအနိုင်ရသည်ဖြစ်စေ၊ မည်သည့်အစိုးရတက်လာသည်ဖြစ်စေ နိုင်ငံ၏ပုံရိပ်ပြန်လည်ကောင်းမွန် လာစေရန်အတွက် နိုင်ငံခြားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေ‌ကြောင်း တိုက်တွန်းရေးသားထားသည့် ဆောင်းပါးကို သုံးသပ်ဖော်ပြ သွားမည်ဖြစ်ပါသည်။
ဖော်ပြချက်
ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကို လာမည့် မေလ ၁၄ ရက်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၇၀ ထက်မနည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံရေးပါတီများ မဲဆွယ်ရာတွင် ဘဏ္ဍာရေး အရင်းအမြစ်များအပေါ် သက်ရောက်နိုင်သည့်ကိစ္စရပ်များ(Pocket-Book Issue) ဖြစ်သည့် အနည်းဆုံးလုပ်ခလစာနှုန်းထားများ တိုးမြှင့်နိုင်ရေး၊ နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို များ၏ လူမှုအခွင့်အရေးဆိုင်ရာများ မြှင့်တင်ပေးရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲရေးနှင့် SMEs လုပ်ငန်းများကို မြှင့်တင်ဖော်ဆောင်နိုင်ရေး တို့ကိုသာ အလေးပေးဆောင်ရွက်နေသည်ကို တွေ့ရှိရသော်လည်း နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍အလေးပေးပြောကြားနေသည့် နိုင်ငံရေးပါတီအနည်းငယ်သာရှိကြောင်း ဖော်ပြထား ပါသည်။
Move Forward မှ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းဖြစ်သူ Pita Limjaroenrat က ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း တည်ငြိမ်မှုမရှိခြင်းကြောင့် နိုင်ငံများသည် စံနှုန်းအခြေပြု ဘက်ရွေးချယ်ခြင်းထက် ၎င်းတို့နှင့်သက်ဆိုင်ရာ အကျိုးစီးပွားနှင့်စံနှုန်းများကိုသာ ရွေးချယ်နေသည်ဟု ပြောကြားခဲ့ပါသည်။ Pheu Thai ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖော်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ၎င်း၏နိုင်ငံခြားရေးမူဝါဒတွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံကို ယှဉ်ပြိုင်နိုင်ရန်အတွက် EU နှင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို ဖော်ဆောင်နိုင်ရန် စည်းရုံးမှုပြုလုပ်ခြင်း၊ နယူးဇီလန် နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဖိတ်ခေါ်ခြင်းနှင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတွင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများအတွက် ဈေးကွက်ဖော်ဆောင်ခြင်း များကို အလေးထားဆောင်ရွက်သွားရန် ဖော်ပြထားပါသည်။ သို့သော်လည်း အထက်တွင် ဖော်ပြထားသည့် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းနှစ်ဦး၏ သဘောထားများတွင် ထိုင်းနိုင်ငံခြားရေး မူဝါဒများနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမျိုးမရှိသေးဟု ရေးသား ထားပါသည်။
ထိုင်းနိုင်ငံတွင် စစ်ဘက်မှအာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၁၄ ခုနှစ်၊ မေလမှ စတင်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် နိုင်ငံ၏ အကျိုးစီးပွားကို မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းထက် ၂၀၁၉ ခုနှစ်အထိ အုပ်ချုပ် ခဲ့သည့် စစ်အစိုးရ၏ပုံရိပ်ကို ကာကွယ်ရန်အတွက်သာ အဓိကအရင်းအမြစ်များကို အသုံးပြုခဲ့သည်ဟု ဆိုပါသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-o-cha တာဝန်ထမ်းဆောင် ခဲ့သည့် လွန်ခဲ့သော ၈ နှစ်တာကာလအတွင်း၌ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ထိုင်းနိုင်ငံအနေဖြင့် သံတမန်ရေးရာအမှားအယွင်းများကို များစွာပြုလုပ်ခဲ့ပြီး အဆိုပါ အမှားအယွင်းများအနက်မှ အထင်ရှားဆုံးသည် အိမ်နီးချင်းဖြစ်သည့် မြန်မာ နိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးကိစ္စရပ်များနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံ အတွင်းမှ ထွက်ပြေးတိမ်းရှောင်ပြီး ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အခြေချ နေထိုင်နေသူများ များပြားနေပါသည်။ ထိုအရေးနှင့်ပတ်သက်၍ ရပ်တန့်နိုင်ရန် ကုလသမဂ္ဂမှ ထိုင်းအစိုးရ၊ အထူးသဖြင့် မြန်မာစစ်အစိုးရနှင့်ကာလရှည်ကြာ ရင်းနှီးသောဆက်ဆံရေး ရှိသည့် ထိုင်းစစ်တပ်ကို ကူညီပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ထိုင်းစစ်တပ် ဘက်မှ မျှော်မှန်းထားသလောက် ကူညီပေးခဲ့ခြင်းမရှိဟု ဖော်ပြထားပါသည်။
ဆက်လက်၍ ထိုင်းစစ်တပ်အနေဖြင့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးခြင်းမရှိသည့်အပြင် ထိုင်း-မြန်မာ နယ်စပ်တွင် တပ်ဖြန့်ချထားမှုများပြုလုပ်ပြီး မြန်မာ့တပ်မတော်အတွက် လိုအပ်သည့် အကူအညီများကို ထောက်ပံ့ပို့ဆောင်ပေးနေသည်ဟု ဝေဖန်ပြောကြားမှုများရှိခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအရေးတွင် ထိုင်းစစ်တပ်မှ ပါဝင်ဆောင်ရွက်မှုမရှိဟု ထိုင်းနိုင်ငံဘက်မှ ပြန်လည်ငြင်းဆိုခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ထိုင်းလေပိုင်နက် အတွင်း မြန်မာ့တပ်မတော်၏ တိုက်လေယာဉ်တစ်စင်း ရောက်ရှိခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဝန်ကြီးချုပ်မှ အဆိုပါဖြစ်စဉ်သည် ပြဿနာတစ်ရပ်မဟုတ်ကြောင်း ပြောကြားခဲ့သည်ကိုကြည့်ခြင်းဖြင့် ထိုင်းနိုင်ငံသည် ၎င်း၏ပိုင်နက်အတွင်းရှိ မြန်မာ့ တပ်မတော်၏ လုပ်ဆောင်ချက်များကိုပင် မျက်ကွယ်ပြုနေသည်ဟု ဆိုထားပါသည်။ ထို့ပြင် ထိုင်းစစ်တပ်သည် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ဒုက္ခသည်များနှင့် သတင်းထောက် အချို့ကို ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်နေကြောင်းလည်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ လတ်တလောနိုင်ငံခြားရေးမူဝါဒ အမှားအယွင်း များသည် ဒေသတွင်းကိစ္စရပ်များသာမကဘဲ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်စစ်တပ်က လုပ်ကြံ သတ်ဖြတ်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ၎င်းကိုကြိုတင်အသိပေးခဲ့သည် ဟူသည့် အခြေအမြစ်မရှိသည့် ပြောကြားမှုများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အချက်အလက်မှားယွင်းဖော်ပြမိသည်ဟု ပြန်လည်ထုတ်ပြန် ခဲ့ရပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ UNGA မှ ရုရှားနိုင်ငံအပေါ် ရှုတ်ချမှုပြုလုပ်ရန် မဲခွဲဆုံးဖြတ်သည့် အခါတွင်လည်း မဲမပေးဘဲနေခဲ့ပါသည်။ ထို့နောက် ရုရှားနိုင်ငံသမ္မတပူတင်က ထိုင်းနိုင်ငံတွင် ကျင်းပသည့် Asia Pacific Economic Cooperation (APEC) အစည်းအဝေးကိုတက်မည်ဟု လေသံပစ်ခဲ့သော်လည်း တက်ရောက် လာမှုမရှိခဲ့ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် မကြာသေးမီကပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ထိုင်းနိုင်ငံ၏ ထူးခြားသည့် ရွေးကောက်ပွဲစနစ်ကြောင့် မည်သည့်ပါတီက အစိုးရအသစ်ဖွဲ့စည်းနိုင်မည် ဆိုသည့်အချက်ကို မခန့်မှန်းနိုင်သေးပါ။ သို့သော်လည်း နောက်ထပ်ပေါ်ပေါက်လာမည့် အစိုးရသစ်သည် လက်ရှိအစိုးရ၏ ဖရိုဖရဲဖြစ်နေသည့် နိုင်ငံခြားရေးမူဝါဒများကို ဆက်ခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ပြင်ဆင်ခြင်းသည် နောက်ထပ်တာဝန်ယူ ဆောင်ရွက်ရမည့် ဝန်ကြီးချုပ်အသစ်အတွက် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့လက်ရှိကျင့်သုံးနေသည့်အတိုင်း နိုင်ငံရေးအခင်းအကျင်းများတွင် ဆက်လက်ဆောင်ရွက်နေပါက နိုင်ငံရေးအသိုက်အဝန်းတွင် ထိုင်းနိုင်ငံ၏ သံတမန်ရေး ဂုဏ်သိက္ခာအား ပြန်လည်ထိန်းသိမ်းနိုင်မည်မဟုတ်ဟု ရေးသားထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ထိုင်းနိုင်ငံ၏ အစိုးရသစ်တက်လာပါက အမေရိကန်နိုင်ငံနှင့်အနောက်အုပ်စုဘက်ယိမ်းသည့် နိုင်ငံခြားရေးမူဝါဒဘက်သို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေး အားနည်းချက်များကို ထောက်ပြကြိုတင်နှပ်ကြောင်းပေး ရေးသားထားသည်ကို ရှင်းလင်းစွာမြင်နိုင်ပါသည်။ ထို့ပြင် ဆောင်းပါးတွင် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် လုပ်ဆောင်ချက် များကို ဝေဖန်ရေးသားဖော်ပြထားပြီး အနောက်အုပ်စုဘက်မှ ထွက်ပေါ်လာသည့် အာဘော်စစ်စစ်ဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးအင်အားတောင့်တင်းပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အားလျော်စွာ အနောက်အုပ်စုအင်အားကြီးနိုင်ငံများဘက်မှ ၎င်းတို့အလိုကျ အစိုးရတစ်ရပ်တင်မြှောက်နိုင်ရေးနှင့် ၎င်းတို့နိုင်ငံများကို အားသာချက်ရှိစေမည့် မူဝါဒများ ချမှတ်လာစေရန် ဆောင်ရွက်နေမည်သာဖြစ်ပါသည်။ ဤသို့ဆိုလျင် လက်ရှိအပြီးမသတ်သေးသည့် ရွေးကောက်ပွဲအခြေအနေတွင် မဲအများဆုံးရရှိနေသည်ဟုဆိုသော Move Forward Party ၏ နောက်တွင်ရှိနေသည့် ပြည်ပနိုင်ငံရေးအင်အားစုကို မှန်းဆနိုင်ပြီဖြစ်ပါသည်။
ထိုင်းနိုင်ငံသည် မည်သည့်အစိုးရတက်သည်ဖြစ်စေ ၎င်းတို့နိုင်ငံအကျိုးစီးပွား အတွက် လေယူရာယိမ်းသော သံခင်းတမန်ခင်း (Bamboo Diplomacy) ဖြင့်သာ ဆောင်ရွက်လေ့ရှိပြီး အနောက် နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့် အဆင်ပြေအောင်ဆက်ဆံ၍ နိုင်ငံအတွက် စစ်ရေး၊ စီးပွားရေး အကူအညီအထောက်အပံ့များရရှိနိုင်ရန် ဆောင်ရွက်နေသလို အင်အားကြီး တရုတ်နိုင်ငံနှင့်လည်း စစ်ရေး၊ စီးပွားရေးအရ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်နေသည်သာဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို ခန့်မှန်းရန်မှာ မဖြစ်နိုင်သေးသော်လည်း ပြည်ပအင်အားစုကြီးတစ်ခု၏ အပြည့်အဝထိန်းချုပ်ခြင်းခံရသည့် အစိုးရတစ်ရပ်တက်လာပြီး လက်တွေ့နှင့်ကင်းကွာသည့် မူဝါဒများချမှတ်လာမည်ဆိုပါက ထိုင်းနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုကို ရိုက်ခတ်လာနိုင်သည်ဟု ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
19051623