နိဒါန်း
တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် အမေရိကန်နိုင်ငံအား ၎င်းတို့၏ အင်အား ကြီးထွားမှုကို ဟန့်တားနေသော ရန်သူနိုင်ငံအဖြစ် ပုံဖော်လာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါးကြာမြင့်နေပြီဖြစ်သောကြောင့် ၎င်း၏ ရန်လိုသော နိုင်ငံခြားရေးမူဝါဒကို ပျော့ပျောင်းအောင် ဆောင်ရွက်ရန်မှာ အခက်အခဲများစွာရှိနေသည့်အချက်များအား သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တရုတ်-အမေရိကန်ဆက်ဆံရေး တင်းမာနေမှုများကြောင့် မကြာသေးမီက ကျင်းပခဲ့သော Shangri-La Dialogue အပေါ် အများစုမှ စိတ်ဝင်တစားဖြင့် လေ့လာ စောင့်ကြည့်ခဲ့ကြပြီး အဆိုပါ Dialogue သည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ငြင်းခုံရာ နေရာတစ်ခုဖြစ်လာခဲ့ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှုသည် ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းအပေါ် များစွာသက်ရောက်မှုရှိသည့်အတွက် ဒေသတွင်းနိုင်ငံများ အနေဖြင့်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ Shangri-La Dialogue ၌ တရုတ် အရာရှိကြီးများပြောကြားခဲ့သည့် ပြောကြားမှုများသည် သံခင်းတမန်ခင်းရှုထောင့်မှ ကြည့်မည် ဆိုပါက မဖြစ်သင့်သောကိစ္စရပ်တစ်ခုဖြစ်သည်ဟုဆိုသည်။ ဥပမာအားဖြင့် ဒုတိယဗိုလ်ချုပ်ကြီး Jing Jianfeng က အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်၌ ၎င်း၏ ဩဇာလွှမ်းမိုးမှု မကျဆင်း စေရန် အကျပ်ကိုင်ခြင်း၊ စွဲဆောင်စည်းရုံးခြင်းများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် အာရှဒေသတွင် NATO အဖွဲ့နှင့် အလားသဏ္ဌာန်တူသော အဖွဲ့တစ်ခုဖွဲ့စည်းရန်နှင့် ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေမှု အပေါ် ကန့်ကွက်သည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်-အမေရိကန်ဆက်ဆံရေးသာ ဆက်လက်တင်းမာလာပါက တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်း၌ ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ပိုမိုဖော်ဆောင်လာ နိုင်ပါသည်။သာဓကအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်စစ်အခြေစိုက်စခန်း အသစ်များ ဆောက်လုပ်နေမှုကို တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်တွင် လုပ်ကိုင်နေသော ဖိလစ်ပိုင်အလုပ်သမားများအပေါ် သွယ်ဝိုက်သောနည်းအားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်လာမှု၊ တရုတ်-အမေရိကန် ဆက်သွယ်ရေးဖြတ်တောက်နေမှုတို့ကြောင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်လာနိုင်မှုအပေါ် ဒေသတွင်းနိုင်ငံများမှ စိုးရိမ်နေပါသည်။ ထို့ပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီတို့မှ အမေရိကန်နိုင်ငံနှင့် အဆက်အသွယ်ဖြတ်နေသည့် လက်ရှိ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲလာနိုင်မည့်ရာခိုင်နှုန်းနည်းသောကြောင့် အနာဂတ်တွင်လည်း တရုတ်-အမေရိကန်ဆက်ဆံရေး တင်းမာမှုလျှော့ချနိုင်မည့် အလားအလာမရှိသေးကြောင်း ဖော်ပြ ထားပါသည်။
တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအား ရန်သူနိုင်ငံအဖြစ် ပုံဖော်ထားရှိမှုသည် ကာလကြာမြင့်နေပြီဖြစ်သည့်အပြင် တရုတ်လူမျိုးများအနေဖြင့်လည်း အမေရိကန်နိုင်ငံအား ရန်သူနိုင်ငံအဖြစ် လက်ခံထားရှိမှု၊ တစ်နည်းအားဖြင့် တရုတ်ကွန်မြူနစ် ပါတီမှ ပြည်သူများအား လူမျိုးရေးကိုအခြေခံသည့် အမျိုးသားနိုင်ငံရေးဝါဒ(Ethno-Nationalism)ကို သွတ်သွင်းထားနေမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ရန်လိုသော နိုင်ငံခြားရေးမူဝါဒကို လျှော့ချရန်မဖြစ်နိုင်သေးသည့် အခြေအနေတွင်ရှိပါသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ လူမျိုးစုကို အခြေခံသော အမျိုးသားနိုင်ငံရေးဝါဒကို သွတ်သွင်းနေခြင်းသည် တရုတ်နိုင်ငံတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဩဇာအာဏာ ဆက်လက်လွှမ်းမိုးနိုင်စေရန်ကို ရည်ရွယ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတွင်လည်း မငြိမ်မသက်မှုများ(ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲသက်ရောက်မှုများ၊ လူငယ်များအလုပ်လက်မဲ့နှုန်း မြင့်တက်နေမှုများ၊ အိမ်ခြံမြေဈေးကွက် မတည်ငြိမ်မှုများ၊ တရုတ်နည်းပညာကုမ္ပဏီတချို့ကို နှိပ်ကွပ်နေမှုများ) ဖြစ်ပွားနေသောကြောင့် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပြည်သူများ ၎င်းတို့အပေါ် ဆက်လက်ထောက်ခံလာစေရန် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့နေမှု များကို မီးမောင်းထိုးပြ၍ အသုံးချနေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် တရုတ် နိုင်ငံ၏ ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ပျော့ပျောင်းအောင် ဆောင်ရွက်ရန်မှာ မဖြစ်နိုင် သေးကြောင်း ဖော်ပြထားပါသည်။
လက်ရှိအချိန်၌ တရုတ်နိုင်ငံ၏ လူမျိုးစုကိုအခြေခံသည့် အမျိုးသားရေးဝါဒ ကျင့်သုံးနေမှုသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေသော်လည်း အဆိုပါဝါဒ ကျင့်သုံးမှုသည် အသွားနှစ်ဖက်ပါသည့် ဓားတစ်လက်ကို အသုံးပြုနေခြင်းနှင့် တူညီပြီး ထိန်းချုပ်ရန်မှာ အလွန်ပင်ခက်ခဲပါသည်။ တရုတ်နိုင်ငံ၏ အဆိုပါဝါဒကျင့်သုံးမှု အောင်မြင်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံရှိ အင်တာနက်အသုံးပြုသူများ၏ အမေရိကန်နိုင်ငံအပေါ်တုံ့ပြန်မှုများကို ကြည့်မည်ဆိုပါက တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံရှိ အင်တာနက်အသုံးပြုသူများသည် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု များ၏ တရုတ်နိုင်ငံအပေါ် အဆိုးမြင်သည့်သဘောထားများကို တုံ့ပြန်သောအားဖြင့် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများအား “အနောက်အုပ်စု၏ နယ်ချဲ့ဝါဒ”၊ “လူမျိုးရေး ဝါဒ”၊ “တရုတ်ဆန့်ကျင့်ရေးဝါဒ”ဆိုသည့် စကားစုများကို အသုံးပြု၍ အင်တာနက် စာမျက်နှာများတွင် တုံ့ပြန်လေ့ရှိကြပါသည်။ ထို့ပြင် ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန် ကဲ့သို့သော နိုင်ငံများတွင် ကျောင်းတက်နေသည့် တရုတ်ကျောင်းသားများသည်ပင် ထိုင်ဝမ်၊ ဟောင်ကောင်ကဲ့သို့သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောဆိုပါက ပါမောက္ခများ၊ ကထိကများနှင့်ပါ ငြင်းခုံပြောဆိုလေ့ရှိပါသည်။ လက်ရှိအချိန်၌ တရုတ်နှင့် အမေရိကန် နိုင်ငံတို့၏ ဆက်ဆံရေးတင်းမာမှု မြင့်တက်နေခြင်းကိုလျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်း၏ အရေးကြီးမှုကို နှစ်ဖက်စလုံးမှ သိရှိသော်လည်း သေချာရေရာမှု မရှိ သေးဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ၎င်း၏ ဩဇာလွှမ်းမိုးမှု ဆက်လက်တည်ရှိစေရန် လူမျိုးရေးကိုအခြေခံသော အမျိုးသားရေး ဝါဒ(Ethno-Nationalism) သွတ်သွင်းလာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါ ဝါဒကြောင့် တရုတ်ပြည်သူများက အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အင်အား ကြီးထွားမှုကို ပိတ်ပင်တားမြစ်နေသည့် ရန်သူနိုင်ငံအဖြစ်မှတ်ယူလာမှု၊ တစ်နည်းအားဖြင့် တရုတ်နိုင်ငံ၏လူမျိုးရေးကို အခြေခံသောအမျိုးသားရေးဝါဒ ဖော်ဆောင်မှုကဏ္ဍ အောင်မြင် နေမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရန်လိုသောနိုင်ငံခြားရေးမူဝါဒ (Aggressive Foreign Policy)ကို ပျော့ပျောင်းအောင်ဆောင်ရွက်ရန်မှာ အလွန်ခက်ခဲကြောင်း တရုတ်နိုင်ငံအား အပြစ်တင်သည့်ပုံစံဖြင့် သုံးသပ်ရေးသားထားခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံအား လူမျိုးရေးကို အခြေခံသော အမျိုးသားရေးဝါဒ(Ethno-Nationalism)ကျင့်သုံးမှုသည် အသွားနှစ်ဖက်ပါသည့် ဓားတစ်လက်ကို အသုံးပြုခြင်းနှင့် တူညီသောကြောင့် အလွန်အန္တရာယ်များပြီး ထိန်းချုပ်ရန်လည်း ခက်ခဲသည်ဟု ဆိုထားသည်ကို တွေ့ရသော်လည်း အမေရိကန်နိုင်ငံဘက်ကို ပြန်ကြည့်ပါက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ရန်လိုသောသဘောထားဖြင့် ကျင့်သုံး နေပြီး ၎င်းနိုင်ငံ၏ ပြိုင်ဘက်နိုင်ငံအဖြစ် သတ်မှတ်ထားခြင်း၊ အမေရိကန်နိုင်ငံသား ၅၂ ရာခိုင်နှုန်းက တရုတ်နိုင်ငံအား ပြိုင်ဘက်အဖြစ်သတ်မှတ်ပြီး ၃၈ ရာခိုင်နှုန်းကလည်း ရန်သူအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ အတွင်း ဖြစ်ပွားနေသည့် တရုတ်ဆန့်ကျင်ရေးအယူအဆများ၊ တရုတ်နိုင်ငံအား အာဏာရှင်နိုင်ငံအဖြစ်စွပ်စွဲ၍ ပုတ်ခတ်မှုများ၊ စီးပွားရေးနည်းပညာအရ ပိတ်ဆို့မှုများ မှာလည်း ပြန်လည်မေးခွန်းထုတ်ဖွယ်ရာကိစ္စရပ်များဖြစ်သည်ဟု ယူဆပါသည်။
အယူဝါဒသဘောတရား(Ideology)တစ်ခု ပြုစုပျိုးထောင်ခြင်းသည်အမျိုးသားနိုင်ငံတစ်ခု တည်ဆောက်ရာတွင် မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်ပြီး နှစ်ရှည်စီမံကိန်းချမှတ်၍ အချိန်ယူ ဆောင်ရွက်ရသောကဏ္ဍတစ်ခုဖြစ်ပါသည်။ ထိုအယူဝါဒဆိုင်ရာ သဘောတရား များကို ပညာဖြင့် ထိန်းကျောင်းပေးနိုင်ရန်လိုအပ်ပြီး အစွန်းရောက်သွားပါကလည်း လူ့အဖွဲ့အစည်းတစ်ခုအနေဖြင့် ထိန်းသိမ်းရခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင် ရပြီး ပြောင်းလွယ်ပြင်လွယ်ဆောင်ရွက်ရန် ခက်ခဲသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အင်အားကြီး နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒတည်ဆောက်ထားသည့် Ideology အထိုင်များကိုလေ့လာသိရှိထားခြင်းသည် မိမိနိုင်ငံနှင့် ချိန်ထိုးသုံးသပ်နိုင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဖော်ဆောင်ရာတွင် အားသာချက်များဖြစ်စေပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
46062123