နိဒါန်း
တရုတ်နိုင်ငံသည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ လတ်တလောဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးအား ထိခိုက်မှု မရှိစေရန် မြန်မာအစိုးရနှင့် စစ်တပ်မှတာဝန်ရှိသူများအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းမှုနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ရှမ်းပြည်နယ်မြောက်ပိုင်း၌ လတ်တလောဖြစ်ပွားနေသည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ထိုးစစ်ဆင်မှုများကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် မြန်မာစစ်တပ်မှ တာဝန်ရှိသူများအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံမှ တိုက်တွန်းခဲ့ပါသည်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ၎င်းထိုးစစ်ကြောင့် တရုတ်-မြန်မာ စီးပွားရေးကုန်သွယ်မှုလမ်းကြောင်း ပြတ်တောက်ခဲ့ရပြီး အရပ်သားထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အချို့မှာ တရုတ်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခံခဲ့ကြပါသည်။ နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိရန် မျှော်လင့်ကြောင်းနှင့် ဒေသတွင်းလက်နက်ကိုင်များနှင့် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်နိုင်ရန် ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့ပါသည်။
၃။ တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအား ထိန်းသိမ်းရန်၊ တရုတ်နယ်စပ်တွင် နေသူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အာမခံချက်ပေးရန်နှင့် နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများ၏လုံခြုံရေးကို ကာကွယ်မှုများပြုလုပ်ပေးနိုင်ရန်အတွက် မြန်မာ နိုင်ငံအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် တိုက်တွန်းခြင်းဖြစ်သည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင် KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ မြန်မာ့နယ်မြေမှ ပစ်ခတ်လိုက်သော အမြောက်ကျည်ဆန်သည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့၍ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ခြင်း[2]ကြောင့် Mr.Nong Rong က ဤသို့ တိုက်တွန်းရခြင်းဖြစ်သည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြန်မာစစ်အစိုးရနှင့် မဟာမိတ်တပ်များအား ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြသည်။ MNDAA ၏အဆိုအရ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်သည် အရှိန်အဟုန် မြင့်လျက်ရှိပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ချင်းရွှေဟော်မြို့အပါအဝင် မြန်မာ အစိုးရ၏ စစ်အခြေစိုက်စခန်း ၁၀၆ ခုနှင့် မြို့ ၄ မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရှမ်းပြည်နယ်အနီး တရုတ်-ကချင်ပြည်နယ် နယ်စပ်ရှိ နမ့်ခမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကာ ချင်းရွှေဟော်မြို့ အနောက်ဘက်သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိသော ကွမ်းလုံမြို့ကိုလည်း သိမ်းပိုက်ထားနိုင်သည်ဟု ဆိုပါသည်။ MNDAA အဖွဲ့သည် ဇွန်လတွင် တရုတ် နိုင်ငံ၏ ထောက်ပံ့မှုဖြင့့် တည်ဆောက်ထားသည့် ကွမ်းလုံတံတားသစ်ကိုလည်း သိမ်းပိုက် ထားပါသည်။
မြန်မာစစ်တပ်ခေါင်းဆောင်က ညီနောင်မဟာမိတ်သုံးဖွဲ့အား တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု နိုဝင်ဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏ ထိုးစစ်အဟုန်မှာ ရပ်တန့်သွားခြင်းမရှိခဲ့ပါ။ ဤကဲ့သို့ ထိုးစစ်ဆင်မှုများသည် တရုတ်အာဏာပိုင်များ၏ သံတမန်ဆက်ဆံရေးကို စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့က ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ပြီးချိန်မှ စ၍ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ ရပ်တန့်ခဲ့ပြီး တရုတ်-မြန်မာ တရားဝင်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သည့် ရွှေလီ-မူဆယ် နယ်စပ်ဂိတ်ကိုလည်း ပိတ်ပစ်ခဲ့ရပါသည်။ ၎င်းတိုက်ပွဲများကြောင့် မြန်မာနိုင်ငံရှိကားလမ်းနှင့် မီးရထားလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ China-Myanmar Economic Corridor (CMEC) စီမံကိန်းကို အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့ပါသည်။ United States Institute of Peace (USIP)အဖွဲ့မှ Jason Tower က ၎င်း၏ X (ယခင် Twitter) ဆိုရှယ်မီဒီယာတွင် ဖော်ပြချက်အရ MNDAA သည် CMEC စီမံကိန်းများထဲမှတစ်ခုဖြစ်သည့် လင်ဆန်း-ချင်းရွှေဟော်-ကွမ်းလုံ နယ်စပ် ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အတွင်း ပါဝင်သည့် မြန်မာနိုင်ငံမှ ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့ နှစ်မြို့ကို ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ထိုးစစ်ဆင်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက မည်သို့ တုံ့ပြန်မည်ကို သိရှိရခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သမိုင်းအစဉ်အဆက် ဆက်ဆံမှုရှိခဲ့သည့်အပြင် မြန်မာစစ်အစိုးရနှင့်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာထိန်းချိန်မှစ၍ သံတမန်ဆက်ဆံရေးပိုမိုတိုးမြင့်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ယခုနယ်စပ်တွင် ဖြစ်ပွား နေသည့် ပဋိပက္ခများအား ဖြေရှင်းရာတွင် ယခင်နည်းလမ်းဟောင်းများအတိုင်း ချဉ်းကပ်နေပါသည်။ တရုတ်နိုင်ငံတာဝန်ရှိသူများသည် ၎င်းတို့၏ အဓိကမဟာဗျူဟာမြောက် အကျိုးစီးပွားအောင်မြင်ရေးကို ရှေးရှု၍ တင်းမာမှုများလျှော့ချရန်နှင့် နယ်စပ်တစ်လျှောက် တည်ငြိမ်ရေးကို စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းခြင်းဖြစ်ပါသည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong မြန်မာနိုင်ငံသို့ သွားရောက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း သည်လည်း ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် တွန်းအားပေးရန်သာ ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအရေးအား အချိန်ကြာမြင့်စွာ လေ့လာစောင့်ကြည့်ခဲ့သူ ဆွီဒင် ဂျာနယ်လစ် Bertil Lintner က ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ဒေသတွင်း ဩဇာလွှမ်းမိုးမှုအပြောင်းအလဲများဖြစ်ပေါ်နေသော်လည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အဓိကရည်မှန်းချက်များမှာ ပြောင်းလဲခြင်းမရှိကြောင်း၊ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အဖိုးတန်သဘာဝ သယံဇာတအရင်းအမြစ်များကို အသုံးချနိုင်ရန်နှင့် အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာမြောက် ဝင်/ထွက်ခွင့်ရနိုင်မည့့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအပေါ် ထိန်းချုပ်ထားမှုအား လုံခြုံမှု ရှိစေရန် ဖြစ်ကြောင်း၊ ဤရည်မှန်းချက်များ အောင်မြင်စေရန် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သမိုင်းအစဉ်အဆက် ဆက်ဆံရေး ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် အင်အားကြီးမား၍ ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာရေးသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက်မဟုတ်သည်ကို သတိပြု နိုင်ရန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွား ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် မြန်မာ-တရုတ် စီးပွားရေး ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်ခဲ့ရပြီး တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ထိခိုက်စေခဲ့ပါသည်။ ယခုအခါ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နှင့် သိန္နီမြို့များကို ပိတ်ဆို့ထားပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ ချင်းရွှေဟော်နှင့် မူဆယ်နယ်စပ်မြို့များအထိ ဆက်သွယ်ဖောက်လုပ်ထားသော နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် အချက်အချာကျသည့် အဝေးပြေး လမ်းမကြီးများ၏ ဗျူဟာမြောက်လမ်းဆုံများကို ပိတ်ဆို့ထားသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် ထိုတိုက်ခိုက်မှုသည် သာမန်အမြင်ဖြင့် ရှုမြင်ပါက တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆိုးရွားစွာသက်ရောက်မှုရှိပြီး China-Myanmar Economic Corridor (CMEC) စီမံကိန်းများကို များစွာထိခိုက်စေမည်ဟု ယူဆနိုင်ပါသည်။
သို့သော်လည်း ထည့်သွင်းစဉ်းစားနိုင်သည့် အချက်တစ်ချက်မှာ ယခုကဲ့သို့ နှစ်ရှည်လများပြင်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ၊ ကင်းထောက်ခြင်းများ အပါအဝင် ကြီးမားသည့် ထိုးစစ်တစ်ခုဆင်နွှဲရန် ပြင်ဆင်နေသည့်ကိစ္စရပ်ကို တရုတ် နိုင်ငံ၏ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများမှ ကြိုတင်သိရှိထားခြင်း မရှိဟူသည့်အချက်မှာ များစွာမေးခွန်းထုတ်ဖွယ်ရာပင် ဖြစ်ပါသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏မဟာဗျူဟာ အကျိုး စီးပွားများ ဖော်ဆောင်ရာတွင် အသာစီးရစေရန် ၎င်းတို့ကိုင်ထားသည့် နိုင်ဖဲအား ထုတ်ပြခြင်းလည်း ဖြစ်နိုင်သကဲ့သို့၊ ရုရှားနှင့်နီးကပ်လာသော မြန်မာနိုင်ငံအား သင်ခန်းစာပေးနိုင်ရန်နှင့် မြန်မာစစ်တပ်၏ တိုက်စွမ်းအားနှင့် ခံနိုင်ရည်ကို စမ်းသပ်ချက်တစ်ခုအဖြစ်လည်း ရှုမြင်နိုင်ပါသည်။
ထို့ကြောင့် ယခုမြောက်ပိုင်းသုံးဖွဲ့၏ တိုက်ခိုက်မှုအား တရုတ်အစိုးရ၏ တုံ့ပြန် လာမှုကို လေ့လာရာတွင်လည်း ၎င်းတို့အား ထုတ်ဖော်ရှုတ်ချခြင်းမရှိဘဲ ယခင် အသုံးပြုနေကျနည်းလမ်းဟောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးရေးနှင့် အပစ်အခတ်ရပ်စဲရေး ကိုသာ ရှေ့တန်းတင်ထားပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များကို အသုံးချ၍ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် မဟာဗျူဟာဖြင့်သာ မြန်မာနိုင်ငံကို ကျင့်သုံးဆက်ဆံလျက်ရှိပြီး ၂၀၁၁-၂၀၁၅ ခုနှစ် အရပ်သားအစိုးရလက်ထက်က မြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ပြီးနောက် တရုတ်နယ်စပ်ရှိ သောင်းကျန်းသူများ တစ်ကျော့ပြန်ထကြွလာခြင်းကို ထင်ရှားစွာ မြင်တွေ့ ခဲ့ရပြီး ဖြစ်သည်။
ယခုအခါတွင် တရုတ်နိုင်ငံရှိ ဝါဒဖြန့်ချိရေးဆိုင်ရာ ရဲတပ်ဖွဲ့ဟု အမည်တပ် ထားသည့် Twitter အကောင့်တချို့တွင်လည်း MNDAA(ကိုးကန့်)သည် တရုတ်လူမျိုး ဖြစ်ပြီး Qing မင်းဆက်လက်ထက်တွင် အင်္ဂလိပ်တို့၏ နယ်မြေခွဲခြားမှုကြောင့်မြန်မာနိုင်ငံသို့ ပါသွားရခြင်းဖြစ်ကြောင်း၊ ယခုအခါ MNDAA သည် ၎င်းတို့၏ဒေသကို မြန်မာစစ်အစိုးရလက်မှ ပြန်လည်တိုက်ယူနေခြင်းဖြစ်ကြောင်း[3] ရေးသားဖော်ပြလာကြ သည်ကို တွေ့ရှိရသည်။ ထိုဝါဒဖြန့်အကောင့်များသည် တရုတ်အစိုးရမှ ဆောင်ရွက် နေခြင်းလော၊ မြောက်ပိုင်းသုံးဖွဲ့မှ ဆောင်ရွက်နေခြင်းလောဟူသည်မှာ မှန်းဆရန် ခက်ခဲသော်လည်း ကိုးကန့်လူမျိုးနှင့် ကိုးကန့်ပိုင်နယ်မြေသည် သမိုင်းကြောင်းအရ တရုတ်နိုင်ငံပိုင်ဖြစ်သည်ဟူသော အယူအဆတစ်ရပ်ကို ထုတ်ဖော်ဆွဲတင်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။
သမိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်တချို့အရ တရုတ်နိုင်ငံသည် ကိုးကန့် ဒေသကို ဗြိတိသျှအိန္ဒိယလက်သို့ ၁၈၉၇ ခုနှစ်တွင် သဘောတူညီချက်ဖြင့် ပထမဆုံး လွှဲပြောင်းပေးခဲ့ရပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် ကိုးကန့်ကို မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။ သို့သော်လည်း ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်-မြန်မာ နယ်ခြား အချုပ်အခြာအာဏာပိုင်ဆိုင်မှု သဘောတူညီချက်ရေးဆွဲရာတွင် ကိုးကန့်ဒေသအား မည်သည့်နိုင်ငံဘက်ကိုမျှ ထည့်သွင်း ရေးဆွဲထားခြင်းမရှိခဲ့ဘဲ ၁၈၉၇ ခုနှစ်မှ ယခုအချိန်အထိ ကိုးကန့်သည် တရုတ်နောက်ခံရှိ တိုင်းရင်းသားများ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည်ဟူသော ဖော်ပြချက်များကိုလည်း တွေ့ရှိနေရသည်။[4] ထို့ကြောင့် ယခု ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်မီးများသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများ၊ တရုတ်နိုင်ငံနှင့်သာမက ယူနန်ပြည်နယ်နှင့်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ စီးပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွားများဆက်စပ်လျက်ရှိနေခြင်းကြောင့် ယခု ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများသည် ရေရှည်ဖြေရှင်းရမည့် ပြဿနာရပ်များ ဖြစ်လာမည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
149111323
[1]။ Sebastian Strangio,“Chinese Official Calls on Myanmar Junta to Cooperate on Border Stability”. The Diplomat. 7 November 2023, [/https://thediplomat.com/.../chinese-official-calls-on.../]
[2]။ Peter Morris,“ Myanmar junta artillery attack fatally lands on China”. Asia Times. 7 November 2023, [/https:// asiatimes.com/ 2023/ 11/ myanmar-junta-artillery-attack-fatally-lands-on-china/]
[3]။ Zhao DaShuai,“A 16 year old female soldier of the MNDAA”. X. 7 November 2023, [/https:// twitter. com/ zhao_dashuai/status/1721828519314112887?s=19/
[4]။ Xue Li,“Can China Untangle the Kokang Knot in Myanmar?”. The Diplomat. 20 May 2015, [/https:// https://thediplomat.com/.../can-china-untangle-the.../]