နိဒါန်း
ဂါနာ၊ ဇမ်ဘီယာနှင့် သီရိလင်္ကာနိုင်ငံတို့၏ ကြွေးနွံနစ်ရသည့် အကြောင်းအရင်းများ၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင်ဆောင်ရွက်မှုများ၊ IMF အဖွဲ့၏ ကူညီထောက်ပံ့ ပေးမှုများ၊ ကြွေးနွံကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် အရေးပါသောကဏ္ဍရပ်၌ ရှိနေသည့် အကြောင်းအရင်းများ၊ သင်ခန်းစာယူရမည့်အချက်များ၊ အကြံပြုချက်များနှင့် ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ကမ္ဘာလုံးဆိုင်ရာ ကြွေးမြီပြဿနာသည် လက်ရှိတွင် နိုင်ငံတကာက စိုးရိမ် ပူပန်နေရသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ်တွင်လည်း ရိုက်ခတ်လျက်ရှိပါသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အစီရင်ခံစာ(United Nations Development Program Report)၏ ထုတ်ပြန်ချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၅၄ နိုင်ငံသည် ကြွေးမြီပြဿနာ များနှင့် ရင်ဆိုင်နေရပြီး အဆိုပါနိုင်ငံများအနက် ဂါနာ၊ ဇမ်ဘီယာနှင့် သီရိလင်္ကာ နိုင်ငံတို့သည် ငွေကြေးအခက်အခဲများကို အလူးအလဲခံနေရပါသည်။ သီရိလင်္ကာနိုင်ငံ အစိုးရသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် နိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကို ဝန်ခံကြေညာ ခဲ့ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund-IMF)နှင့် ကြေးမြီဖြေရှင်းရေးစနစ် ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ သဘောတူညီမှုများ မရရှိမီအချိန် အထိ ပြည်ပကြွေးမြီ ပြန်လည်ပေးချေမှုကို ယာယီရပ်တန့်မည်ဟု ပြောကြားထားပါသည်။ ဂါနာနိုင်ငံအနေဖြင့်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကြေးမြီပေးချေမှုကို ပျက်ကွက်ခဲ့ပြီး ဇမ်ဘီယာနိုင်ငံကမူ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှစတင်၍ ကြွေးမြီမပေးချေနိုင်သည့် ပြဿနာများ ရင်ဆိုင်ခဲ့ရပါသည်။
ဂါနာ၊ ဇမ်ဘီယာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း များကို မှားယွင်းစွာစီမံခန့်ခွဲမှုများကြောင့် ယခုကဲ့သို့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံအနေဖြင့် မူဝါဒချမှတ်မှုများနှင့် စီးပွားရေးစီမံခန့်ခွဲမှုများ လစ်ဟင်းခြင်း၊ မသင့်လျော်သည့်အချိန်တွင် အခွန်လျှော့ချခြင်း၊ စိုက်ပျိုးရေးမူဝါဒများ ပြောင်းလဲခြင်း၊ ကြွေးမြီအချိန်မီပေးဆပ်နေရခြင်းကြောင့် အရန်ငွေကျဆင်းခြင်း၊ ငွေကြေး လဲလှယ်မှုနှုန်းထား ပြင်ဆင်ချက်များနှောင့်နှေးခြင်းနှင့် စီးပွားရေးကျဆင်းမည့် ကပ်ဘေး လက္ခဏာရပ်များအား မျက်ကွယ်ပြုခြင်းများရှိခဲ့ပါသည်။ နိုင်ငံအတွင်း ငွေကြေးလဲလှယ်မှု ပြဿနာများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကျဆင်းခြင်းတို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများသိသိသာသာ လျော့နည်းစေခဲ့ပါသည်။
ဂါနာနိုင်ငံအနေဖြင့်လည်း ရန်ပုံငွေအလွဲသုံးစားလုပ်မှုနှင့် အခွန်ငွေဖြတ်တောက်ခြင်း၊ ထောက်ပံ့ငွေများပေးအပ်မည်ဟူသည့် လက်တွေ့မကျသည့် ရွေးကောက်ပွဲကတိကဝတ် များကြောင့် နိုင်ငံအတွင်းစီးပွားရေး ကျဆင်းနေရပါသည်။ အခွန်စနစ် ပြုပြင်ပြောင်းလဲ ရာတွင် အိမ်/ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် သွင်းကုန်လုပ်ငန်းများတွင် တန်ဖိုးဖြည့်အခွန်(VAT)နှင့် ကျန်းမာရေးအာမခံ အခွန်စည်းကြပ်ငွေ (NHIL)တို့ကို လုံးဝဖျက်သိမ်းခဲ့ပြီး နိုင်ငံတော်လျှပ်စစ်ဓာတ်အားသုံး စည်းကြပ်ငွေ၊ လူထုမီတာခအခွန်နှင့် အထူးဓာတ်ဆီအခွန်နှုန်းထားများအား လျှော့ချပေးခဲ့ပါသည်။
ဇမ်ဘီယာနိုင်ငံတွင် အစိုးရအနေဖြင့် ဘဏ္ဍာရေးကို ညီမျှအောင် ထိန်းညှိ မထားနိုင်ခြင်းက ကြွေးမြီပြဿနာကို ဖြစ်ပေါ်စေနိုင်ပါသည်။ နိုင်ငံအတွင်း အချို့ လခစားအလုပ်သမားများအပေါ် သီးခြားငွေကြေးထောက်ပံ့မှုများ ပေးအပ်ခြင်း၊ နိုင်ငံ အတွင်း ရာသီဥတုဘေးအန္တရာယ်များက စီးပွားရေးကျဆင်းရသည့် အကြောင်းများ ဖြစ်ပါသည်။ ထို့ပြင် ဂါနာ၊ ဇမ်ဘီယာနှင့် သီရိလင်္ကာနိုင်ငံတို့သည် နိုင်ငံခြားငွေကြေးဖြင့်ပြည်ပကြွေးမြီများ ပေးချေနေရခြင်း၊ ကြွေးမြီပေးဆပ်ရန်နှင့် သွင်းကုန်ပေးချေရန် အတွက် လိုအပ်သောနိုင်ငံခြားငွေရရှိရန် ပုဂ္ဂလိကချေးငွေဈေးကွက်အပေါ် မှီခိုနေရခြင်းက ကြီးမားသောပြဿနာရပ်ဖြစ်ပါသည်။ ဤသို့သော ပြဿနာရပ်များစုပေါင်း၍ အစိုးရမှ ကြွေးမြီဆပ်ရန်ပျက်ကွက်မှုများ ဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။
၎င်းသုံးနိုင်ငံ၏ ကြွေးမြီပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် IMF က ထောက်ပံ့မှုများ ပေးအပ်ရန် သဘောတူညီခဲ့ပါသည်။ သို့သော် ဂါနာနှင့် သီရိလင်္ကာနိုင်ငံတို့အနေဖြင့် IMF မှ ငွေကြေးထောက်ပံ့မှုများမရမီ ပြည်တွင်း၌ ကြွေးမြီဖြေရှင်းမှုစနစ်ပြင်ဆင်မှုများ ဦးစွာလုပ်ဆောင်ရမည်ဖြစ်ပြီး ဇမ်ဘီယာနိုင်ငံအနေဖြင့် ငွေကြေးထောက်ပံ့မှုများ တိုက်ရိုက် ရရှိနိုင်မည်ဖြစ်ပါသည်။ ဂါနာနိုင်ငံအနေဖြင့် Extended Credit Facility (ECF)အတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ၊ သီရိလင်္ကာနိုင်ငံအနေဖြင့် Extended Fund Facility (EFF)အတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနှင့် ဇမ်ဘီယာနိုင်ငံအနေဖြင့် ECF အတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံအသီးသီးထောက်ပံ့ငွေများ ရရှိခဲ့ပါသည်။ ထို့ပြင် ဝင်ငွေနည်းခြင်းနှင့် အလယ်အလတ်အဆင့်တစ်ခုတွင် ပိတ်မိနေခြင်းသည် ကမ္ဘာလုံး ဆိုင်ရာ ကြွေးမြီပြဿနာများကို ဖြစ်ပေါ်စေပါသည်။ လက်ရှိ အကြွေးနွံနစ်နေသည့် နိုင်ငံများအားလုံးသည် ထိုအခြေအနေကို ဖြေရှင်းရန်အတွက် နည်းလမ်းများရှာဖေွရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့လုံးဆိုင်ရာ ကြွေးမြီပြဿနာရပ်များတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။ ဇမ်ဘီယာနိုင်ငံ၏ ကြွေးမြီ ၁၇.၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံပေါ်တွင် ရှိနေပြီး ဂါနာနိုင်ငံအနေဖြင့် ၎င်းကြွေးမြီ၏ ၃ ရာခိုင်နှုန်း၊ သီရိလင်္ကာနိုင်ငံအနေဖြင့် ၄၅ ရာခိုင်နှုန်း အသီးသီးရှိနေပါသည်။ တရုတ်အစိုးရသည် ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)မှတစ်ဆင့် ကမ္ဘာ့ငွေကြေးချေးငှားသူအဖြစ် လုပ်ဆောင်လျက်ရှိပြီး ၎င်းကြွေးမြီလုပ်ငန်းများမှ အဓိကဝင်ငွေများ ရရှိလျက်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုနိုင်ငံများ၏ ကြွေးမြီ များကိုဖြေရှင်းရန် နည်းစနစ်အား ပြုပြင်ပေးခြင်းထက် ၎င်း၏ ကြွေးမြီများပြန်လည် ရရှိရန်နှင့် သက်တမ်းတိုးပေးသည့် နည်းလမ်းများကိုသာ ဆောင်ရွက်နေသည်ဟု ဆိုပါသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဇမ်ဘီယာနိုင်ငံ၏ နည်းလမ်းကို သင်ခန်းစာ ယူသင့်ပါသည်။ တရုတ် Export-Import Bank နှင့် သဘောတူစာချုပ် ချုပ်ဆို ရာတွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်းကို လျှော့ချရန် သဘာတူညီခဲ့ကြပါသည်။ ၂၀၃၇ ခုနှစ်အထိ အနည်းဆုံးအတိုးနှုန်း ၁ ရာခိုင်နှုန်း ကိုသာ ပေးအပ်ရမည်ဖြစ်ပြီး ၎င်း၏ ကြွေးမြီအမေရိကန်ဒေါ်လာ ၆.၃ ဘီလီယံကို ၂၀၄၃ ခုနှစ်အထိ အချိန်တိုးမြှင့်ပေးရန် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (ကာလအားဖြင့် ၁၂ နှစ်ခန့် ပိုမိုအချိန် တိုးမြှင့်ပေးခဲ့ခြင်းဖြစ်)
သီရိလင်္ကာနိုင်ငံသမ္မတ Ranil Wickremesinghe သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ၎င်းခရီးစဉ် အတွင်းတွင် ကြွေးမြီအမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် IMF မှ ဒုတိယအကြိမ်ရန်ပုံငွေ ခွဲတမ်းရရှိမှုကို ထောက်ကူပေးနိုင်ခဲ့ပါသည်။ ကြွေးမြီပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း သီရိလင်္ကာနိုင်ငံ၏ ကြွေးမြီဖြေရှင်းသည့်စနစ်ကို ပြင်ဆင်ရန် အချိန်ရရှိမည်ဖြစ်ပြီး ထိုလုပ်ဆောင်ချက်များက IMF ၏ အကူအညီဖြင့် ငွေကြေးချေးငှားသူနှင့် ညှိနှိုင်းမှုများဆောင်ရွက်ရန် ကြိုးပမ်းနေသည့် ဂါနာနိုင်ငံအတွက် အားတက်ဖွယ်ဖြစ်ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကြွေးမြီဖြေရှင်းခြင်းစနစ် မလုပ်ဆောင်နိုင်မီ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အကြီးမားဆုံးသောဆုံးရှုံးမှုများဖြစ်စေပါသည်။ ဂါနာ၊ ဇမ်ဘီယာနှင့် သီရိလင်္ကာနိုင်ငံတို့ကို သင်ခန်းစာ ယူ၍ ကြွေးမြီပေးအပ်ရန် ပျက်ကွက်ခြင်းမရှိမီ IMF ၏ ဦးစွာအကူအညီကိုယူသင့်သည်ဟု ဆိုပါသည်။ သို့သော် နိုင်ငံများအနေဖြင့် စီးပွားရေးမူဝါဒများကို ကြွေးမြီများပေးချေရန်တွင်သာ အလေးထားပြီး မညီမျှသည့် ဘဏ္ဍာရေးစနစ်အတွက် ရုန်းကန်နေရသည့်အတွက် အကြွေးနွံတွင် နစ်နေရခြင်းဖြစ်ပါသည်။ IMF ၏ မူဝါဒများအောင်မြင်ရန်အတွက်လည်း အခြားသော ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပြီး ကြွေးနွံနစ်နေသည့် နိုင်ငံများအား ကောင်းမွန်သည့် အနာဂတ်စီးပွားရေးလမ်းကြောင်းတည်ဆောက်ပေးနိုင်ရန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဂါနာ၊ ဇမ်ဘီယာနှင့် သီရိလင်္ကာနိုင်ငံတို့၏ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒအမှားများ၊ တရုတ်နိုင်ငံနှင့် ပတ်သက်နေမှုများကို ထောက်ပြ ထားပြီး IMF ၏ ဝင်ရောက်ကူညီပေးနေမှုများကို ဖော်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့် နိုင်ငံခြားသို့ ပေးဆပ်ရမည့် ကြွေးမြီသည် တိုင်းပြည်၏ ပို့ကုန်တန်ဖိုးနှင့် တူညီလာပြီး တိုင်းပြည်အသားတင် ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်း ဖြစ်လာပါက ကြွေးဖိစီးခြင်း (Debt Distress)ဖြစ်ပေါ်လာသည်ဟု သတ်မှတ်ကြပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကြွေးမြီထောင်ချောက်ဖန်တီးရန် မူဝါဒမရှိဟု မကြာခဏကာကွယ်ပြောဆိုနေသော်လည်း ကမ္ဘာပေါ်တွင် ဘဏ္ဍာရေးအခြေအနေအဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ထိုသုံးနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြွေးများနှင့် ပတ်သက်ဆက်နွှယ်နေပါသည်။ သို့သော် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံနှင့် ဘဏ္ဍာရေးအရ ပတ်သက်ဆက်နွှယ်နေသည့် နိုင်ငံ များစွာရှိသော်လည်း ထိုသုံးနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးအကျပ်အတည်း ကြုံတွေ့ နေရခြင်းမှာ ၎င်းနိုင်ငံများကိုယ်၌ကပင် စီးပွားရေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အလွဲ များနှင့် အကျင့်ပျက်ခြစားမှုများကို မထိန်းသိမ်းနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုနိုင်ပါသည်။
သို့သော်လည်း တရုတ်နိုင်ငံနိုင်ငံနှင့်သာမက မည်သည့်နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများလက်ခံဆောင်ရွက်သည်ဖြစ်စေ ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ပြန်လည်ပေးဆပ်ရမည့်ပမာဏများကို အသေအချာစိစစ်တွက်ချက်ပြီးမှသာ စီးပွားရေး ဆိုင်ရာ စာချုပ်များချုပ်ဆိုသင့်ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်မည့် ရလာဒ်များကို ဖော်ဆောင်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
148111023
[1]။ Dilmini Hasintha Abeyrathne.“ A Tale of 3 Nations: Debt Restructuring in Ghana, Zambia, and Sri Lanka”. The Diplomat. November 4, 2023 [https:// thediplomat.com/ 2023/11/ a-tale-of-3-nations-debt-restructuring-in-ghana-zambia-and-sri-lanka/]