နိဒါန်း
တရုတ်နိုင်ငံသည်
နိုင်ငံတကာလုံခြုံရေးကို လွှမ်းမိုးထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့်
အနေဖြင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(Global Security
Initiative-GSI)ကို ဖော်ဆောင်လျက်ရှိပြီး ပင်လယ်ကွေ့နိုင်ငံများတွင်
တရုတ်နိုင်ငံအနေဖြင့် GSI အစီအမံအောက်မှ
လုံခြုံရေးစနစ်တစ်ရပ်ဖော်ဆောင်နေမှုအား သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်
၂၀၂၂
ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့်
တရုတ်-ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီ(China-Gulf
Cooperation Council -GCC)တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (Xi
Jinping)၏ ဆော်ဒီအာရေဗျနိုင်ငံသို့ ချစ်ကြည်ရေး လာရောက်ခြင်းသည်
တရုတ်-အာရပ်နိုင်ငံများအကြား ချစ်ကြည်ရေးကောင်းမွန် လာမည့်
ရှေးပြေးနိမိတ်တစ်ခုဖြစ်ခဲ့ပါသည်။ ပင်လယ်ကွေ့နိုင်ငံများအား ဒေသတွင်း
တည်ငြိမ်အေးချမ်းရေးအတွက် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(Global
Security Initiative- GSI)တွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး
တရုတ်နိုင်ငံအနေဖြင့် GCC နိုင်ငံများအား လုံခြုံရေးဆိုင်ရာ
ထောက်ပံ့မှုများပေးသွားမည့်အပြင် ဒေသတွင်း
ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ပြဿနာရပ်များကို အဖြေရှာနိုင်ရန်နှင့်
ပင်လယ်ကွေ့ နိုင်ငံများအကြား လုံခြုံရေးတည်ဆောက်နိုင်ရန်အတွက်
ထောက်ကူပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စရပ်ကို
ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ နိုင်ငံများအကြား
ကာလရှည်ကြာကိုင်စွဲလာခဲ့သည့် ဝင်ရောက်မစွက်ဖက်ရေးမူကို သွေဖည်လာခြင်း
ရှိ/မရှိနှင့် GSI သည် ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေးတည်ဆောက်မှုနှင့်
အမေရိကန်-ပင်လယ်ကွေ့နိုင်ငံများအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို
သက်ရောက်မှုရှိ/မရှိအား မေးခွန်းထုတ်စရာတစ်ခုဖြစ်လာကြောင်း ဖော်ပြ
ထားပါသည်။
တရုတ်သမ္မတ
ရှီကျင့်ဖျင် သည် GSI အစီအမံကို ၂၀၂၂ ခုနှစ်၊
ဧပြီလတွင်ကျင်းပပြုလုပ်ခဲ့သည့် အာရှ Boao နှစ်ပတ်လည်ညီလာခံ၌
တရားဝင်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ GSI အစီအမံတွင်
တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် လုံခြုံရေးဆိုင်ရာ သဘောထားများ
ကျယ်ပြန့်စွာပါဝင်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင်လည်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် GSI အစီအမံနှင့် ပတ်သက်သည့်
အယူအဆစာတမ်းတစ်စောင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းစာတမ်းတွင် ကတိကဝတ် ၆
ရပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဦးစားပေးလုပ်ဆာင်သွားမည့် နယ်မြေ
ဒေသများအား ထည့်သွင်းဖော်ပြထားပါသည်။ တရုတ်နိုင်ငံသည် GSI အစီအမံကို တရုတ်
နိုင်ငံ၏ နိုင်ငံတကာမူဝါဒအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ်
လုပ်ဆောင်ရန် ရည်ရွယ်ထားရပါသည်။ တရုတ်နိုင်ငံ၏
လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အမေရိကန် နိုင်ငံ၏ လုပ်ငန်းစဉ်များမှာ
လုံးဝကွဲလွဲလျက်ရှိရာ နှစ်နိုင်ငံအကြား အားပြိုင်သည့်
မူဝါဒဆိုင်ရာကိစ္စရပ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရေးသားထားပါသည်။
တရုတ်နိုင်ငံသည်
အနောက်အုပ်စုဝင်နိုင်ငံများ ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ
ဦးစီးဆောင်ရွက်မှုစနစ်(Global Governance)(အထူးသဖြင့် အာရှနှင့်
အာရှလုံခြုံရေး ကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့်
အမေရိကန်နိုင်ငံ၏အခန်းကဏ္ဍကို)စိန်ခေါ်နိုင်ရန်အတွက် GSI ကို
ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါသည်။ သို့သော် တရုတ်နိုင်ငံ၏ GSI တွင် ပါဝင်သည့်
ကတိကဝတ်များသည် ၎င်းနိုင်ငံ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒသာ
ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒ ၅ ချက်ကို အခြေခံကာ
စီစဉ်ပေါင်းစု ထားပါသည်။ GSI ၏ သဘောတရားရေးစာတမ်းတွင်
ဦးစားပေးလုပ်ဆောင်သွားမည့် လုပ်ငန်း ၂၀ ခု၊
အဓိကပူးပေါင်းဆောင်ရွက်သွားမည့်နေရာ ၅ နေရာနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး
တိုးတက်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အရေးကြီးပြဿနာများအတွက်
လုပ်ငန်း ဆောင်တာများကို ဖော်ပြထားရှိပါသည်။ ချက်ချင်းဆိုသလိုပင် GSI သည်
အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများ၏ မူဝါဒများနှင့်
သံတမန်ရေးရာလှုပ်ရှားမှုများတွင် အရေးပါ လာခဲ့ပါသည်။
ပင်လယ်ကွေ့နိုင်ငံများသည် GSI အစီအမံကို တရုတ်-ပင်လယ်ကွေ့နိုင်ငံ
မဟာဗျူဟာမြောက် ဆက်ဆံရေးထက် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးရှုထောင့်မှ
ကြည့်၍ လက်ခံခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏
လက်ရှိစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများကို ကြည့်ခြင်း
အားဖြင့် GSI သည် မကြာခင်တွင်
ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများအားလုံး၏ထောက်ခံမှုကို ရရှိမည်မှာ
သေချာသကဲ့သို့ရှိနေပါသည်။ ထို့ပြင် ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံ များသည်
ရပ်ဝန်းနှင့် လမ်းကြောင်းအစီအစဉ်(Belt and Road Initiative - BRI)
ကဲ့သိုပင် GSI အား နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွားရေး
မြှင့်တင်နိုင်မည့် အခွင့်အလမ်းဟု မြင်လာနိုင်ပါသည်။ တရုတ်နိုင်ငံက
ထုတ်ပြန်ခဲ့သည့် GSI သဘောတရားရေးစာတမ်းသည် တရုတ်နိုင်ငံအား နိုင်ငံတကာ၏
လုံခြုံရေးအတွက် အာမခံချက်များပေးကာ ထောက်ပံ့နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်
ပုံဖော်ထားပါသည်။ ၎င်းစာတမ်းတွင် အရှေ့အလယ်ပိုင်းဒေသများ အတွက်
ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အပြန်အလှန်လေးစားခြင်း၊ တရားမျှတမှုကို
လက်ကိုင်ထားခြင်း၊ စုပေါင်းလုံခြုံရေးကို မြှင့်တင်ခြင်း၊
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး" ဟူသော
တရုတ်နိုင်ငံ၏ အယူဝါဒ ၅ ချက်ကိုမူတည်ကာ လုံခြုံရေးမူဘောင်အသစ်
ချမှတ်သွားရန် စီစဉ်ထားပါသည်။ တရုတ်နိုင်ငံသည် GSI အစီအမံမှတစ်ဆင့်
ပင်လယ်ကွေ့နိုင်ငံများကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင် သွားမည်ဟု
ပြောကြားထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံနှင့်
ပင်လယ်ကွေ့နိုင်ငံများအကြား မိတ်ဖက်ဆက်ဆံရေးသည် ပြီးခဲ့သည့်
ဆယ်စုနှစ်ကာလများအတွင်းတွင် ပိုမိုကောင်းမွန်လာခဲ့ပြီး ၎င်းတို့အကြား
စွမ်းအင်၊ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာ၊
ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍရပ်များတွင်
တိုးတက်ကောင်းမွန်လာခဲ့ပါသည်။ ထို့ပြင် ပင်လယ်ကွေ့ နိုင်ငံများသည်
တရုတ်နိုင်ငံ၏ BRI စီမံကိန်းနှင့် အနောက်ဘက် နယ်ချဲ့ရေးအတွက်
အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ တရုတ်-ပင်လယ်ကွေ့
စီးပွားရေးပူးပေါင်းမှုသည် နှစ်နိုင်ငံအကြား
အပြန်အလှန်စွမ်းအင်အရင်းအမြစ်သုံးစွဲရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးနှင့်
သယ်ယူပို့ဆောင်ရေးတို့အား အပြန်အလှန်ထောက်ပံ့ပေးနေသော
လမ်းကြောင်းများဖြစ်ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့်
ပိုမိုတိုးတက်ကောင်းမွန်၍ အပြုသဘောဆောင်သော ခရီးသွားလုပ်ငန်းနှင့်
ဒီဂျစ်တယ် စီးပွားရေးလောကသို့ ဦးတည်လျက်ရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏
GSI အစီအမံသည် ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုနှင့်
ကြွယ်ဝချမ်းသာမှုတို့ကို ကိုယ်စားပြုလျက်ရှိရာ တရုတ်နိုင်ငံ၏
လွှမ်းမိုးမှုအားကောင်းလာမှုသည် ဒေသတွင်း လုံခြုံရေးဆိုင်ရာအဆောက်အဦအပေါ်
သက်ရောက်မှုရှိနိုင်ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည်
ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေးနှင့်ပတ်သက်၍ လက်နက်များ
တင်ပို့ရောင်းချခြင်း၊ စစ်ဘက်ဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း၊
အကြမ်းဖက်မှုများ တိုက်ဖျက်ပေးခြင်း၊ ရေကြောင်းလုံခြုံရေးနှင့် ဆိုက်ဘာ
လုံခြုံရေးများအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင်
ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များချုပ်ဆိုခြင်း၊
လုံခြုံရေးအရာရှိများ၊ ၀န်ထမ်းများနှင့် သုတေသီ များအား
သင်တန်းပို့ချခြင်းများနှင့် တရုတ်တပ်မတော်မှဦးစီးသည့် စစ်တက္ကသိုလ်များ၊
ကျောင်းများဖွင့်လှစ်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံသည်
အရှေ့အလယ်ပိုင်းဒေသများကို လွှမ်းမိုးခြင်းဖြင့်
နိုင်ငံတကာလုံခြုံရေးဆိုင်ရာကိစ္စများကို ချယ်လှယ်လိုသော ရည်ရွယ်ချက်ရှိရာ
ယခုပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းသည် ၎င်း၏
မဟာဗျူဟာအတွက် အရေးပါလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၂
ခုနှစ်၊ ဒီဇင်ဘာလက သွားရောက်ခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ဆော်ဒီအာရေဗျ
ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ပင်လယ်ကွေ့နိုင်ငံများဆိုင်ရာမူဝါဒများ
ပြောင်းလဲသွားသည်ကို ပြသနေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာတစ်၀န်း
ဩဇာချဲ့ထွင်လာမှုသည် လုံခြုံရေးနှင့် စီးပွားရေးကိစ္စများကို
၀င်ရောက်စွက်ဖက်ရန် အကြောင်းဖန်လာခဲ့ပါသည်။ ပင်လယ်ကွေ့
နိုင်ငံများအနေဖြင့်လည်း စစ်ဘေးသင့်နေသည့် ဒေသအား စွန့်ပစ် ခဲ့သော
အမေရိကန်နိုင်ငံကို စိတ်ပျက်လျက်ရှိနေချိန်ဖြစ်ပါသည်။ ထိုကြောင့်
ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုဖြင့်
သံတမန်ရေးရာဆက်ဆံရေး ပြန်လည် တည်ထောင်ရန် သဘောတူခဲ့ကြပါသည်။
ထိုသဘောတူညီမှုကြောင့် ဒေသတွင်း တရုတ် နိုင်ငံ၏
လွှမ်းမိုးမှုပိုမိုအားကောင်းလာခဲ့ပြီး အစ္စရေးနှင့်
အမေရိကန်နိုင်ငံဦးဆောင်သော အီရန် နိုင်ငံ၏ နျူကလီးယား
တိုက်ဖျက်ရေးလုပ်ငန်းများလည်း အခက်အခဲများနှင့် ရင်ဆိုင် ခဲ့ရပါသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယီ(Wang Yi)သည် အီရန်-ဆောဒီအာရေဗျ
ဆက်ဆံရေး တည်ထောင်မှုသည် အရှေ့အလယ်ပိုင်းဒေသများ၏ ငြိမ်းချမ်းရေးအတွက်
ကြိုးစားအားထုတ်မှုနှင့် GSI ကို အောင်မြင်စွာ အကောင်အထည်ဖော်လိုသော
အားစိုက်မှုကြောင့်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်-အမေရိကန်
အားပြိုင်မှုသည် ကမ္ဘာ့မူဝါဒများကို ဦးဆောင် ချမှတ်နိုင်ရေးအတွက်
ကြိုးပမ်းနေကြခြင်းဖြစ်ပြီး နိုင်ငံတကာဇာတ်ခုံပေါ်တွင် အင်အားတောင့်တင်းရန်
လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားနှင့်
စံနှုန်း အတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များကို ချမှတ်ရန်နှင့်
အမေရိကန်နိုင်ငံ၏ ဘက်ပေါင်းစုံကမ္ဘာတည်ဆောက်ရေးကို
ဆန့်ကျင်နိုင်ရန်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ဒေသတွင်း လုံခြုံရေးစနစ်တစ်ရပ်
တည်ဆောက်ရန်အတွက် အရေးပါသော ကဏ္ဍ တစ်ခုတွင် ပါဝင်နိုင်ရန်
ပင်လယ်ကွေ့နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု ထင်ရ သော်လည်း
လက်တွေ့တွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ နေရာတွင် အစားထိုး နိုင်ရန်
လုပ်ဆောင်ခြင်းဖြစ်ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် လက်ရှိအချိန်ထိ
ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ ဖြည့်ဆည်းပေးသူအဖြစ်
တည်ရှိ နေဆဲဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ပင်လယ်ကွေ့ဒေသတွင်
လုံခြုံရေးဆိုင်ရာ လက်နက်ပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာနည်းပညာနှင့်
အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ရှိသော်လည်း အမေရိကန်နိုင်ငံနေရာတွင်
လုံးဝအစားထိုးနိုင်မည့်ကိစ္စမှာ မဖြစ်နိုင်သေးကြောင်း ရေးသားထားပါသည်။
တရုတ်နိုင်ငံအနေဖြင့်
ဒေသတွင်းလုံခြုံရေးစနစ်တစ်ရပ်ကို ဖော်ဆောင်ရာတွင်
လိုအပ်ချက်များရှိနေခဲ့ပါက ဒေသတွင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက်
သဘောတူညီမှုများ ရရှိရန်အတွက် ပထဝီနိုင်ငံရေးကို
ပြောင်းလဲအသုံးပြုနိုင်ပါသည်။ တရုတ်နိုင်ငံအနေဖြင့်
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံကို အမွမ်းတင်ပြောကြားနေသော်လည်း ဒေသတွင်း
နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ GSI မူဘောင်အောက်မှ ပူးတွဲလုပ်ဆောင်ရန်
ဆန္ဒ ရှိ/မရှိသည်လည်း အဓိကကျပါသည်။ အမေရိကန်အနေဖြင့် ပင်လယ်ကွေ့ဒေသ၌
၎င်း၏တပ်များ တပ်ဆုတ်သွားမည်ဆိုလျင်တောင်မှ တရုတ်နိုင်ငံအနေဖြင့်
အမေရိကန်နိုင်ငံ၏ လုံခြုံရေးတည်ဆောက်ထားမှုများတွင် အစားထိုးနိုင်ရန်
လိုအပ်ချက်များစွာ ရှိနေပါသေးသည်။ ယခုလက်ရှိ အချိန်တွင် တရုတ်နိုင်ငံသည်
ပင်လယ်ကွေ့ဒေသအား လွှမ်းမိုးနိုင်သည့် ဒေသတွင်းစစ်ဘက်ဆိုင်ရာ စွမ်းရည်များ
(အထူးသဖြင့် လေတပ်အကာအကွယ်) မရှိသေးပါ။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့်
BRI မူဘောင်အောက်ရှိလုပ်ငန်းစဉ်များနှင့်
ဒေသတွင်းမတည်ငြိမ်မှုများပေါ်မူတည်၍ ရေရှည်တွင် အားသာချက်များ
ရှိလာနိုင်သည်ဟု ဖော်ပြထားပါသည်။
သုံးသပ်ချက်
တရုတ်နိုင်ငံ၏
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံသည် ပင်လယ်ကွေ့ဒေသအတွင်း
အသင့်အတင့်လက်ခံသည့် အခြေအနေတွင်ရှိသော်လည်း
အမေရိကန်နိုင်ငံနှင့်နှိုင်းယှဉ်ပါက လိုက်မီရန်သို့မဟုတ်
အပြည့်အဝအစားထိုးနိုင်ရန် လိုအပ်ချက်များရှိနေပါသေးပြီး
တစ်ချို့ပင်လယ်ကွေ့နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏အကျိုးအစီးပွားအတွက်
အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံနှင့် ထိန်းညှိနိုင်ရန်
ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင်
ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(Global Development
Initiative-GDI)၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ
လုံခြုံရေးအဆိုပြုချက်(Global Security Initiative-GSI)နှင့် ၂၀၂၃
ခုနှစ်တွင် ကမ္ဘာ
ဆိုင်ရာယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေးအဆိုပြုချက်(Global Civilization
Initiative-GCI)တို့အား ထုတ်ပြန်၍ အကောင်အထည်ဖော်နေခြင်းသည်
အမေရိကန်ဦးဆောင်သည့်လစ်ဘရယ်ကမ္ဘာအား အစားထိုးဝင်ရောက်နိုင်ရန်
ဗြောင်ကြိုးစားအားထုတ်လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ
ကမ္ဘာ့နိုင်ငံရေးသည် စစ်အေးပုံစံသစ်သို့ ရောက်ရှိနေပြီဟု
ကောက်ချက်ချနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
210523