Tuesday, May 23, 2023

အာဆီယံနိုင်ငံများနှင့်ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ယဉ်ကျေးမှုဆိုင်ရာသံခင်းတမန်ခင်းအသုံးပြုလာသော အိန္ဒိယနိုင်ငံ အောင်မြင်နိုင်မလား

 


နိဒါန်း

အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ယဉ်ကျေးမှု ဆိုင်ရာသံခင်းတမန်ခင်း(Cultural Diplomacy)ကို အသုံးပြု၍ ဆောင်ရွက်နေသော်လည်း ဆက်ဆံရေးတိုးမြှင့်ရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် Cultural Diplomacy ကို မည်သို့မည်ပုံ အသုံးပြုနေကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် အခြေချနေထိုင်ကြသော အိန္ဒိယလူမျိုးစုများ(India Diaspora) များ မည်သို့အရေးပါလာကြောင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် မည်သည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်
အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာသံခင်းတမန်ခင်းအသုံးပြု၍ အိန္ဒိယ-အာဆီယံ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှုတွင် ကဏ္ဍ ၂ ခုပါရှိနေပါသည်။ ပထမကဏ္ဍ၌ အိန္ဒိယ နိုင်ငံသည် အာဆီယံနှင့်ဆက်ဆံရေးအား တိုးမြှင့်ဆောင်ရွက်နိုင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင်ရှိသော ရှေးဟောင်းစေတီပုထိုးများ၊ ဘုရားများနှင့် ကျောင်းများကို ပြန်လည် ပြင်ဆင်မွမ်းမံပေး၍ ၎င်း၏ ပါဝါအပျော့(Soft Power)ကို မြှင့်တင်လျက်ရှိပါသည်။ ထိုကဲ့သို့ ပြန်လည်ပြင်ဆင်မွမ်းမံပေးမှုကို ဘုရားကျောင်းသံခင်းတမန်ခင်း (Temple Diplomacy) ဟုလည်းခေါ်ဆိုကြပါသည်။ အိန္ဒိယနိုင်ငံသည် “Temple Diplomacy” အား ၁၉၉၂ ခုနှစ်တွင်စတင်အသုံးပြုခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနှင့် လာအိုနိုင်ငံတို့တွင်ရှိသော ထင်ရှားကျော်ကြားသည့် ရှေးဟောင်းစေတီပုထိုးများ၊ ဘုရားများနှင့် ကျောင်းများကို ပြန်လည်ပြင်ဆင်မွမ်းမံပေးခဲ့ပါသည်။ ထိုကဲ့သို့ ပြင်ဆင် မွမ်းမံပေးမှုသည် အဆိုပါနိုင်ငံများ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပေးခြင်းလည်း ဖြစ်သောကြောင့် အိန္ဒိယနိုင်ငံ၏ အာဆီယံဆက်ဆံရေးတိုးမြှင့်မှုကို များစွာအထောက်အကူ ပြုသည့်အပြင် အိန္ဒိယနိုင်ငံ၏ ပါဝါအပျော့ကဏ္ဍကိုလည်း ပိုမိုအားကောင်းစေကြောင်း ဖော်ပြထားပါသည်။
ဒုတိယကဏ္ဍ၌ အိန္ဒိယနိုင်ငံ၏ အာဆီယံနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှု၌ အရှေ့တောင်အာရှနိုင်ငံများတွင် အခြေချနေထိုင်ကြသော အိန္ဒိယလူမျိုးစုများ(IndiaDiaspora)၏ အရေးပါပုံကို ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက “India Diaspora” များ၏ အရေးကိစ္စများကို လျစ်လျူရှုထားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း မကြာသေးမီကမှ အိန္ဒိယနိုင်ငံသည် ၎င်း၏နိုင်ငံခြားရေးမူဝါဒထဲတွင် “India Diaspora” ၏ အခန်းကဏ္ဍကို ထည့်သွင်းလာခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သော စီးပွားရေး အကျပ်အတည်းများအား “India Diaspora” များ၏ ငွေပို့/ငွေလွှဲမှုများ (Remittances)ကြောင့် အဆိုပါအကျပ်အတည်းများကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ပါသည်။ အရှေ့တောင်အာရှဒေသတွင် နေထိုင်သော “India Diaspora” များသည် ကိုလိုနီခေတ်၏ အမွေအနှစ်များဖြစ်ပြီး ကိုလိုနီလက်အောက် ကျရောက်ခဲ့သည့် မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် အများဆုံးနေထိုင်ကြသည်ဟု ဆိုပါသည်။
အရှေ့တောင်အာရှဒေသတွင် အခြေချနေထိုင်ကြသော တရုတ်လူမျိုးစုများ (China Diaspora)နှင့် “India Diaspora”တို့၏ ခြားနားချက်မှာ “China Diaspora” ကဲ့သို့ “India Diaspora” ၏ စီးပွားရေးဩဇာကြီးထွားမှု အားနည်းခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့ အားနည်းရခြင်းသည် မြန်မာနှင့် မလေးရှားနိုင်ငံကဲ့သို့သော နိုင်ငံများမှ “India Diaspora” များကို ဘေးဖယ်ထုတ်ထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်းနိုင်ငံရေးကဏ္ဍတွင်မူ စင်ကာပူနှင့် မလေးရှားနိုင်ငံတွင်ရှိသော “India Diaspora” များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိပါသည်။ ထို့ကြောင့် သုတေသီများက အာဆီယံနှင့် အိန္ဒိယနိုင်ငံဆက်ဆံရေးတိုးမြှင့်ခြင်းတွင် “India Diaspora” များသည် အလွန်အရေးပါသည်ဟု သုံးသပ်ထားပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် စီးပွားရေး ဩဇာရှိသော၊ အောင်မြင်ကျော်ကြားသော “India Diaspora” ကို ဦးတည်၍ ချဉ်းကပ်ခြင်းထက် “India Diaspora” အားလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံမျိုးကို ပုံဖော်မှသာ အာဆီယံနှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုအားကောင်းနိုင်မည် ဖြစ်ပြီး အိန္ဒိယ-အာဆီယံဆက်ဆံရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံ၏ အာဆီယံဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်နေမှု များတွင် စိန်ခေါ်မှု ၂ ချက်ရှိသည်ဟု ဆိုသည်။ ပထမတစ်ချက်မှာ အိန္ဒိယ နိုင်ငံမှ စီးပွားရေးပွင့်လင်းမြင်သာမှုကို လက်ခံရန် တွန့်ဆုတ်နေခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဒေသတွင်းစီးပွားရေးပူးပေါင်းမှုကို များစွာထိခိုက်စေသည့်အပြင် ထိုကဲ့သို့နုတ်ထွက်မှုကြောင့် အိန္ဒိယနိုင်ငံ၏ အာရှ-ပစိဖိတ် စီးပွားရေးကဏ္ဍပုံဖော်မှုများကို များစွာထိခိုက်စေခဲ့ပါသည်။ လက်ရှိအချိန်၌ နိုင်ငံစုံကော်ပိုရေးရှင်းများသည် ၎င်းတို့ ကုန်ထုတ်လုပ်မှုအား ဖြန့်ကြက်ထားနိုင်ရန် စီးပွားရေးကွင်းဆက်အရ အချက်အချာကျသည့် အာဆီယံသို့ ပြောင်းရွှေ့လာနိုင်ပါသည်။ ထိုကဲ့သို့ အခွင့်အလမ်းများရှိနေသော်လည်း အိန္ဒိယနိုင်ငံ၏ RCEP မှ နုတ်ထွက်မှုသည် အိန္ဒိယ-အာဆီယံ စီးပွားရေးကဏ္ဍခိုင်မာမှုကို အဟန့်အတားဖြစ်စေသည်ဟု ဆိုပါသည်။
ဒုတိယအချက်၌ လက်ရှိဝန်ကြီးချုပ် Modi လက်ထက်တွင် အိန္ဒိယနိုင်ငံ၏ ဟိန္ဒူဝါဒကြီးထွားအောင် ဆောင်ရွက်နေမှုသည် မွတ်ဆလင်လူမျိုးအများစုနေထိုင်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အတွက် အခက်အခဲဖြစ်‌ပေါ်စေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဟိန္ဒူလူမျိုးစုနှင့် မွတ်ဆလင်လူမျိုးစု နှစ်ခုအကြား ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဆူပူအကြမ်းဖက်မှုအပေါ် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ အစ္စလာမ်မစ်အုပ်စုများက ရှုတ်ချကြပါသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၌ အိန္ဒိယနိုင်ငံ၏ ပါတီတစ်ခုဖြစ်သော BJP ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောဆိုမှုတွင် မွတ်ဆလင်လူမျိုးများကို စော်ကားသည့်စကားများ ပါဝင်သောကြောင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၎င်းတို့နိုင်ငံရှိ သက်ဆိုင်ရာ အိန္ဒိယသံတမန် များကို ခေါ်ယူ၍ တရားဝင်တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း “India Diaspora” များအပေါ် BJP ပါတီ၏လွှမ်းမိုးမှု ပိုမိုများပြားလာခြင်းကြောင့် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် ဟိန္ဒူ နိုင်ငံဖြတ်ကျော်ဝါဒ(Hindu Transnationalism)ပျံ့နှံ့လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ အကယ်၍ “Hindu Transnationalism”တကယ်ပျံ့နှံ့လာပါက အာဆီယံအစိုးရများ အနေဖြင့် အဆိုပါ “India Diaspora”အား နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတိုးမြှင့်ရာ၌ အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် မရှုမြင်ဘဲ ပြည်တွင်းတည်ငြိမ်မှုကို စိန်ခေါ်လာမည့် ခြိမ်းခြောက်မှုတစ်ရပ်အနေဖြင့် ရှုမြင်လာနိုင်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ယဉ်ကျေးမှုဆိုင်ရာ သံခင်းတမန်ခင်းနှင့်စပ်လျဉ်းသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် တည်ရှိသော ရှေးဟောင်းစေတီပုထိုးများ၊ ဘုရားများနှင့် ကျောင်းများကို ပြန်လည်ပြင်ဆင်မွမ်းမံပေးသည့် ဘုရားကျောင်းသံခင်းတမန်ခင်းကို အသုံးပြုခြင်းအပြင် အရှေ့တောင်အာရှနိုင်ငံများတွင် အခြေချနေထိုင်ကြသော အိန္ဒိယလူမျိုးစုများ(IndiaDiaspora)၏ အခန်းကဏ္ဍကို အသုံးပြု၍ ဆောင်ရွက်နေသော်လည်း အခြားသော စိန်ခေါ်မှုများဖြစ်သည့် အိန္ဒိယနိုင်ငံ၏စီးပွားရေးပွင့်လင်းမြင်သာမှုအပေါ် တွန့်ဆုတ် နေမှု၊ ဟိန္ဒူဝါဒဖြန့်ကြက်နေမှုတို့ကြောင့် အိန္ဒိယ-အာဆီယံဆက်ဆံရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုများကို အခက်အခဲဖြစ်နေကြောင်း သုံးသပ်ထားပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ အာဆီယံ ဆိုင်ရာဆက်ဆံရေးတိုးမြှင့်မှုအပေါ် အမှန်တကယ်ဆောင်ရွက်လိုမှု ရှိ/မရှိသည် အိန္ဒိယ နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် မည်မျှတန်ဖိုးထားသည်ဆိုသည့် အချက်အပေါ်တွင်မူတည်နေသည်ဟု သုံးသပ်ထားပါသည်။
လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံနှင့် အာဆီယံသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၌ အိန္ဒိယ-အာဆီယံ ကဏ္ဍစုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး(Comprehensive Strategic Partnership)ကို စတင်ထူထောင်ထားပြီး၊ Global South အပေါ်အလေးထားလာသည် မူဝါဒများကြောင့် မိတ်ဖက် ဆက်ဆံရေးအား ပိုမိုတိုးမြှင့်ဆောင်ရွက်လာမည့် အလားအလာရှိပါသည်။ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားပြီး ယခုအခါ မြန်မာနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိလာ သည်ကို တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေး မူဝါဒအရ အရှေ့တောင်အာရှနှင့် ကူးလူးဆက်ဆံမှုမြှင့်တင်နေချိန်တွင် အိန္ဒိယနိုင်ငံအတွက် မဟာ ဗျူဟာအရအရေးပါသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးစားလာကြောင်းလည်းတွေ့ရှိရပါသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံအသုံးပြုနေသည့် Cultural Diplomacy နှင့် အခြားနိုင်ငံများတွင် ဖြန့်ကြက်နေထိုင်နေသည့် အိန္ဒိယလူမျိုးများကို အသုံးပြုလာခြင်းသည် မြန်မာနိုင်ငံကဲ့သို့ လူဦးရေအချိုးအစားများလှသည့် နိုင်ငံကြီးများအကြားတည်ရှိနေသည့် နိုင်ငံငယ်များအဖို့ အဆိုးအကောင်း အကျိုးအကြောင်းကို သတိပြုဆင်ခြင်ဖွယ်ရာတစ်ခု ဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
25052423