Monday, April 24, 2023

မြန်မာနိုင်ငံ၏ အထီးကျန်ဆန်လာမှုကြောင့် မဟာဗျူဟာမြောက် အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည့် အိန္ဒိယနိုင်ငံ

 


နိဒါန်း

Brahma Chellaney သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မူဝါဒသုတေသနစင်တာမှ မဟာဗျူဟာလေ့လာမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်ပြီး အိန္ဒိယနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ၏ အကြံပေးဟောင်းလည်း ဖြစ်ပါသည်။ "Water: Asia's New Battleground" အပါအဝင် စာအုပ်ပေါင်း ၉ အုပ် ရေးသားထုတ်ဝေထားသူဖြစ်ပါသည်။ ၎င်းက မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းတွင် တရုတ်စစ်စခန်းများ တည်ဆောက်နေမှု၊ အဆိုပါတည်ဆောက်မှုသည် အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ရသည့် အခြေအနေတစ်ခု ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံဦးဆောင်သည့် အရေးယူပိတ်ဆို့မှု များသည် တရုတ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း သုံးသပ်ရေးသားထားသည်။
ဖော်ပြချက်များ
တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal)နှင့် မြန်မာအခေါ် ကပ္ပလီပင်လယ်(Andaman Sea)အကြားရှိ မြန်မာနိုင်ငံပိုင်နက် ကိုကိုးကျွန်း (CoCo Island)တွင် စစ်ဘက်ဆိုင်ရာ ကင်းထောက်စခန်းတစ်ခု(Listening Post) တည်ဆောက်လျက်ရှိသည်ဟု ဆိုပါသည်။ အဆိုပါ ကိုကိုးကျွန်းသည်သည် အက်ဒမန်(ကပ္ပလီ) ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့အကြားရှိ အက်ဒမန်နှင့် နီကိုဘားကျွန်းစုတို့၏ မြောက်ဘက်တွင် တည်ရှိနေပါသည်။ အဆိုပါကျွန်းစုများတွင် အိန္ဒိယနိုင်ငံပိုင် ရေတပ်နှင့် လေတပ်ဆိုင်ရာ ထောက်ပံ့ရေးအဆောက်အအုံများ တည်ရှိနေကြောင်းနှင့် မြန်မာနိုင်ငံ၏ ဧရာတီဝတီမြစ်ဝ၏ အနောက်တောင်ဘက် ၂၁၀ ကီလိုမီတာအကွာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံ၏ အဆိုပါစခန်းသည် အိန္ဒိယနိုင်ငံအပေါ် ပင်လယ်ရေကြောင်းဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်းနှင့် အချက်အလက် စုံစမ်းစစ်ဆေးခြင်း ပြုလုပ် ရာတွင် အသုံးပြုလာနိုင်ဖွယ်ရှိပါသည်။ ယခုအခါ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုကြောင့်စစ်အုပ်ချုပ်ရေးဖြစ်နေသည့် မြန်မာနိုင်ငံအား တရုတ်နိုင်ငံ၏ မဟာဗျူဟာစက်ဝန်း အတွင်းသို့ ပိုမိုရောက်ရှိစေကြောင်းနှင့် ဒေသတွင်း မဟာဗျူဟာမြောက် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေလိမ့်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။
မြန်မာနိုင်ငံပိုင်နက်အတွင်းရှိ ကိုကိုးကျွန်းသည် ဧရိယာအားဖြင့် ၈ စတုရန်း ကီလိုမီတာကျယ်ဝန်းပြီး ဒေသခံ ၁,၅၀၀ ဦးခန့်နေထိုင်လျက်ရှိသည်။ ၂၀ ကီလိုမီတာခန့် ကျယ်ဝန်းသော ကိုကိုးရေလက်ကြားသည် အိန္ဒိယနိုင်ငံ၏ အက်ဒမန်ကျွန်းနှင့် ကိုကိုးကျွန်းစု တို့ကို ပိုင်းခြားထားပါသည်။ တရုတ်နှင့် မြန်မာနိုင်ငံတို့ကမူ ကိုကိုးကျွန်းအတွင်း တပ်စခန်းများ တည်ဆောက်နေမှုများပတ်သက်၍ ငြင်းဆိုလျက်ရှိသော်လည်း ဂြိုဟ်တုမှ ရရှိသောဓာတ်ပုံများအရ အဆိုပါကျွန်းပေါ်၌ လေယာဉ်ကွင်းများ ချဲ့ထွင်ထားရှိမှု၊ လေယာဉ်ဂိုဒေါင်အသစ်များ၊ ကြီးမားသည့် ဆိပ်ခံတံတားများ၊ ကာကွယ်ရေးစနစ်များ တပ်ဆင်ထားသည့် ရေဒါစခန်းများ တည်ဆောက်ထားရှိမှုများသည် မူလအခြေခံ ကာကွယ်ရေးစနစ်ထက် ပိုမိုတိုးတက်လျက်ရှိသည်ကို ပြသနေခြင်းဖြစ်ပါသည်။ ၎င်းဂြိုဟ်တု ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက်များအရ ကိုကိုးကျွန်းပေါ်တွင် စစ်ဘက်-အရပ်ဘက်အသုံးပြုနိုင်သည့် အဆောက်အအုံများဆောက်လုပ်ရန် ကူညီပေးနေသည့် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာနှင့် ဝန်ထမ်းများ တွေ့ရကြောင်းနှင့် ကိုကိုးကျွန်း၏ တောင်ဘက်ခြမ်းတွင်လည်း အနီးအနားရှိ ကျွန်းနှင့် ချိတ်ဆက်နိုင်ရန် တံတားများ တည်ဆောက်နေပြီး ထိုကျွန်းပေါ်တွင် အခြေခံအဆောက်အအုံများ တိုးချဲ့ တည်ဆောက်နိုင်ရန်အတွက် မြေနေရာများရှင်းလင်းထားသည်ကိုလည်း တွေ့ရသည်ဟု အိန္ဒိယနိုင်ငံက ပြောကြားထားပါသည်။
တရုတ်နိုင်ငံသည် ဂျီဘူတီ(Djibouti)တွင် လုပ်ဆောင်ခဲ့သည့်အတိုင်း မဟာ ဗျူဟာမြောက် နယ်မြေချဲ့ထွင်မှုလုပ်ငန်းများကို မသိမသာလုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်းများအား စစ်ဘက်ဆိုင်ရာတွင် အသုံးပြုသွားမည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း စစ်စခန်း အဖြစ် ပြောင်းလဲလိုက်သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံသည် အိမ်ရှင်နိုင်ငံများနှင့် လက်ဝါးချင်းရိုက်၍ အခြေအနေမှန်ကို ဖုံးကွယ်ကာ စစ်ဘက်-အရပ်ဘက် အသုံးပြုနိုင်သည့် အခြေခံအဆောက်အအုံနှင့် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခု တည်ဆောက်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ယုံကြည်ချက်ရှိကြပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင်လည်း အလားတူတည်ဆောက်ခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံအကြား သဘောတူညီတည်ဆောက်ခဲ့ကြသည့် သီရိလင်္ကာနိုင်ငံ၏ Hambantota နှင့် ပါကစ္စတန်နိုင်ငံ၏ Gwadar တို့ရှိ စီးပွားရေးဆိပ်ကမ်းများကိုလည်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးများက သိမ်းပိုက်ထားရှိကြောင်း ဆောင်းပါးတွင် ရေးသား ထားပါသည်။
တရုတ်နိုင်ငံ၏ ရွေ့လျားခြေရာခံနိုင်သည့် ကင်းထောက်သင်္ဘောများသည်လည်း အရေးကြီးသည့် ကဏ္ဍမှပါဝင်လျက်ရှိပြီး ၎င်းသင်္ဘောများအနက်မှ Yun Wang 5 သည် အိန္ဒိယနိုင်ငံမှ ကန့်ကွက်နေသည့်ကြားမှ သီရိလင်္ကာနိုင်ငံ Hambantota နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုတွင် ကမ်းကပ်ခဲ့ပါသည်။ Yan Wang 6 သည်လည်း အိန္ဒိယနိုင်ငံ၏ Agni 5 တိုက်ပစ်ပဲ့ထိန်းဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ချိန်တွင် အိန္ဒိယပင်လယ် အတွင်း ကင်းထောက်နေခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် ပြည်ပမှထောက်ပံ့နေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ရင်ဆိုင်နေရခြင်းကြောင့် ၎င်းအနေဖြင့် ကိုကိုးကျွန်းပေါ်တွင် ယခုကဲ့သို့ ခေတ်မီသည့် စစ်ဘက်ဆိုင်ရာအဆောက်အအုံများ သူ့ချည်းသက်သက် တည်ဆောက်ရန် ဆန္ဒနှင့် စွမ်းရည်မရှိဟု ဆိုပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် ပြည်တွင်းရေးကိုသာ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရပြီး ယခုအခါ မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့ရန် ငြင်းဆန်ခဲ့သည့် အိန္ဒိယနိုင်ငံအား ကင်းထောက်နိုင်ရန် ထောက်လှမ်းရေး အဆောက်အအုံများ တည်ဆောက်နေကြောင်း ရေးသားဖော်ပြထားရှိပါသည်။
တရုတ်နိုင်ငံအနေဖြင့် နည်းလမ်းအားဖြင့်လည်းကောင်း၊ ရည်ရွယ်ချက်အားဖြင့် လည်းကောင်း၊ မဟာဗျူဟာအထောက်အပံ့အားဖြင့်လည်းကောင်း အိန္ဒိယနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုမျာကို စောင့်ကြည့်ရန် ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် ၁၉၉၀ ခုနှစ်များကတည်းက ကိုကိုးကျွန်းပေါ်တွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှပြီး ယခုအခါအမေရိကန်နိုင်ငံ ဦးဆောင်သည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများသည် တရုတ်နိုင်ငံကို တစ်ပန်းသာစေခဲ့ပါသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း ဘားရတ်အိုဘားမား(Barack Obama) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးလာရောက်ခဲ့သည့် ၂၀၁၂ ခုနှစ်ကာလတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံ၏ မူဝါဒများ ပြောင်းလဲခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ်၊ အာဏာထိန်းမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် မည်သို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအရ လွှမ်းမိုးနေခဲ့သည်ကို ထည့်သွင်းတွက်ချက်ခြင်း မရှိဘဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ကိုကိုးကျွန်းကို စစ်ရေးကိစ္စလွှမ်းမိုးစေခြင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်လာခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာသို့ မဟာဗျူဟာမြောက်ထွက်ပေါက်ဖြစ်သကဲ့သို့ သဘာဝသယံဇာတရရှိခွင့်နှင့် လက်နက်တင်ပို့ရောင်းချမှု၏ အဓိကဈေးကွက်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသား ထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် သွင်းကုန်ပစ္စည်းများ တင်ပို့ရာတွင် မလေးရှားနှင့် အင်ဒိုနီးရှားကျွန်းဆွယ်အတွင်းရှိ မလက္ကာရေလက်ကြားကို ရှောင်လွှဲနိုင်ရန်အတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါစင်္ကြံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းပါဝင်ပြီး ယူနန်ပြည်နယ်သို့ သွင်းကုန်များ တိုက်ရိုက်ပို့ဆောင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။ ယခင်က ကိုကိုးကျွန်းစုသည် အက်ဒမန်ကျွန်းစု၊ နီကိုဘားကျွန်းစုတို့နှင့် အုပ်ချုပ်ရေးအရ ဆက်စပ်လျက်ရှိခဲ့သော်လည်း ၁၈၇၇ ခုနှစ်တွင် ဗြိတိသျှအာဏာပိုင်များက မီးပြတိုက်အစောင့်များ အသတ်ခံရမှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှ ခွဲထုတ်ကာ ရန်ကုန်မြို့ရှိ ၎င်းတို့၏ကင်းစခန်းများကို တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်ကျူးကျော်တပ်ဖွဲ့များထံမှ ကျွန်းစုများကို အိန္ဒိယတပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်၍ ဗြိတိသျှအုပ်ချုပ်မှုအောက်သို ပြန်လည် ရောက်ရှိခဲ့ပါသည်။ သို့သော်လည်း ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အိန္ဒိယ အစိုးရသည် ကိုကိုးကျွန်းကို ပြန်လည်ထိန်းချုပ်ရန် မကြိုးစားခဲ့ခြင်းကြောင့် နောက်တစ်နှစ် နီးပါးအကြာတွင် လွတ်လပ်ရေးရလာသည့် မြန်မာနိုင်ငံပိုင်ဖြစ်သွားခဲ့ပါသည်။ ယခု အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသည့် ကီလိုမီတာ ၇၅၀ အကျယ်ရှိသည့် အက်ဒမန်ကျွန်းစုနှင့် နီကိုဘားကျွန်းစု များသည် အရှေ့အာရှအား ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့ကို ဆက်သွယ်ပေးသည့် အဓိက ရေကြောင်းလမ်းတစ်ခုဖြစ်ပြီး မလက္ကာကျွန်းစုနှင့်လည်း မဟာဗျူဟာမြောက် ဆက်သွယ်နေလျက်ရှိပါသည်။ ထို့ကြောင့် ထိုကျွန်းစုများပေါ်တွင် အိန္ဒိယနိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များရှိနေခြင်းက ၎င်းအတွက် မဟာဗျူဟာမြောက် မည်မျှအရေးပါသည်ကို ပြသ နေပြီး အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ကိုကိုးကျွန်းပေါ်တွင် မဟာဗျူဟာမြောက် ခြေကုပ်ယူမှုများကို အခိုင်အမာအတည်ပြုနိုင်ပါက အိန္ဒိယနိုင်ငံ၏ အားသာချက်အား လျော့နည်းစေရုံသာမက အိန္ဒိယနိုင်ငံအတွက် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုအသစ် ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် မြန်မာနိုင်ငံပိုက်နက်အတွင်းရှိ ကိုကိုးကျွန်းအပေါ် တရုတ် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ချဲ့ထွင်မှုများ လုပ်ဆောင်နေမှုများနှင့် အဆိုပါလုပ်ရပ်များသည်အိန္ဒိယနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး၊ အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ပိုမိုရောက်ရှိသွားကြောင်း သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။ ကိုကိုးကျွန်းသည် အိန္ဒိယနိုင်ငံ၏ ဗျူဟာမြောက်အရေးပါသည့် အက်ဒမန်ကျွန်းနှင့် နီကိုဘားကျွန်းစုတို့၏ အနီးဆုံးတွင် တည်ရှိနေခြင်းကြောင့် ကိုကိုးကျွန်းပေါ်တွင် တရုတ် ကင်းထောက်စခန်းများနှင့် စစ်စခန်းများရောက်ရှိလာပါက လုံခြုံရေးအရ ခြိမ်းခြောက် အခံရဆုံးနိုင်ငံသည် အိန္ဒိယနိုင်ငံဖြစ်လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ ယခုအချိန်၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံဦးဆောင်သည့် အရေးယူပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိသော်လည်း ထိုအရေးယူ ပိတ်ဆို့မှုများကြောင့်ပင် တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံယိမ်းယိုင်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်ဟု သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect
5042523