နိဒါန်း
ယူကရိန်းနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲအတွက် လိုအပ်သည့် အထောက်အပံ့ များကို အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများထံမှ တောင်းခံမှုအား ထပ်မံလုပ်ဆောင် နိုင်ခြင်းမရှိနိုင်တော့သည့် အခြေအနေများနှင့် ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံနှင့် NATO တပ်ဖွဲ့တို့သည် ယူကရိန်းနိုင်ငံသမ္မတ Zelensky အား ရုရှားနိုင်ငံနှင့်ဆွေးနွေး၍ ငြိမ်းချမ်းရေးဆောင်ရွက်ရန် တွန်းအားပေးကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပါ။ ယူကရိန်းနိုင်ငံသမ္မတ Zelensky သည် စစ်ပွဲအထောက်အပံ့ အတွက် ကုလသမဂ္ဂအဖွဲ့နှင့် အမေရိကန်နိုင်ငံတို့ထံမှ အကူအညီများ တောင်းခံ နေသော်လည်း အမေရိကန်ကွန်ဂရက်တွင် အစိုးရလျာထားသော ယူကရိန်း နိုင်ငံအား လက်နက်တပ်ဆင်ရန်နှင့် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၂၄.၉ ဘီလီယံနှင့် လက်နက်စနစ်အသစ်များထောက်ပံ့ပေးရန်ကိစ္စကို ဆုံးဖြတ်ရန် အကျပ်အတည်းဖြစ်နေပါသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည်လည်း ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင် နေရသောကြောင့် ယူကရိန်းနိုင်ငံ တောင်းဆိုထားသည့် ဒေါ်လာ ၂၄.၉ ဘီလီယံသည် ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိမှာ မသေချာသေးပေ။ အမေရိကန်နိုင်ငံအစိုးရ၏ လျာထားမှုတွင် စစ်ရေးအကူအညီအတွက် ဒေါ်လာ ၁၃.၁ ဘီလီယံ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီအတွက် ဒေါ်လာ ၈.၅ ဘီလီယံနှင့် ကမ္ဘာ့ဘဏ်မှတစ်ဆင့် ငွေကြေးရန်ပုံငေွနှင့် အလှူရှင်များပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဒေါ်လာ ၂.၃ ဘီလီယံကို တောင်းဆိုထားခြင်းဖြစ်ပါသည်။
ယူကရိန်းနိုင်ငံသမ္မတ Zelensky သည် အမေရိကန်နိုင်ငံသို့ မသွားမီ အကျင့်ပျက် ခြစားသည်ဟုသံသယရှိသော ယူကရိန်းနိုင်ငံကာကွယ်ရေးဝန်ကြီးအား ဖယ်ရှားခဲ့သဖြင့် ဥပဒေအရ ဒုတိယကာကွယ်ရေးဝန်ကြီး ၆ ဦးသည်လည်း ဖယ်ရှားခံခဲ့ရပါသည်။ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား ငွေကြေးထောက်ပံ့ရာတွင် အလွဲသုံးစားမှုများ ဖြစ်ပေါ်နေသည်ဟု စွပ်စွဲခံနေရခြင်းကြောင့် ယူကရိန်းနိုင်ငံမှ ဤသို့လုပ်ဆောင်ပြခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံအား နှောင်ကြိုးမဲ့ကူညီ လိုက်သော ငွေကြေးအမြောက်အမြားသည် စာရင်းပျောက်နေသည်ဟု စွပ်စွဲခံနေရပြီး အစိုးရအနေဖြင့် ထိုစာရင်းကိုလည်း အစစ်ဆေးမခံဟုဆိုသည်။ အမေရိကန်နိုင်ငံသည် ယခင်က ရုရှားနှင့် ယူကရိန်းနိုင်ငံတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆောင်ရွက်ရန် သဘောမတူသည့် အခြေအနေရှိခဲ့ပါသည်။
သို့သော်လည်း ယခုအခါ အမေရိကန်နိုင်ငံနှင့် NATO အဖွဲ့ဝင်များ ထောက်ပံ့ထားသည့် လက်နက်ခဲယမ်းများ အရာမထင်ဖြစ်ခဲ့ရခြင်းနှင့် ယူကရိန်းနိုင်ငံမှ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ကို ဖြုတ်ချရန် ကြိုးပမ်းမှုအရာမထင်ခဲ့သည့်နောက်ပိုင်းတွင် အမေရိကန် နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းကြောင်းကို စတင်အဆိုပြုခဲ့ပါသည်။ ထိုကြိုးပမ်းမှုများ မအောင်မြင်ခဲ့သည့်နောက်တွင် အမေရိကန်နိုင်ငံနှင့် NATO အဖွဲ့ တို့သည် (၂၀၂၃ ခုနှစ် ဩဂုတ်လတွင်) ရုရှားနိုင်ငံ၏ ကာကွယ်ရေးကို ထိုးဖောက်နိုင်ရန် ယူကရိန်းနိုင်ငံအား ပုံအော၍ လက်နက်တပ်ဆင်ပေးခဲ့သော်လည်း ယူကရိန်း နိုင်ငံ၏ ထိုးစစ်မအောင်မြင်ဘဲ ၎င်းတို့၏ မဟာဗျူဟာမြောက် ထောက်ပံ့မှုများကို ဖြုန်းတီး ခဲ့ပါသည်။ အဆိုပါထိုးစစ်တွင် ယူကရိန်းနိုင်ငံ၏ နောက်ဆုံးအရင်းအမြစ်များဖြစ်သည့် 25th Air Mobile နှင့် 82nd Air Assault တပ်မဟာများကို ထုတ်သုံးခဲ့ပြီး Zaphorize မြို့ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာလာခဲ့ရပါသည်။
ယခုအခါတွင် ယူကရိန်းနိုင်ငံသည် စက်ယန္တရားနှင့် လူအင်အား ပိုမိုသုံးစွဲကာ ဆက်လက်ထိုးစစ်ဆင်နေသော်လည်း တစ်ရက်လျှင် အင်အား ၁,၀၀၀ ကျော် ၂,၀၀၀ နီးပါးဆုံးရှုံးလျက်ရှိနေပါသည်။ ယူကရိန်းနိုင်ငံ၏ စစ်နည်းဗျူဟာများကို အမေရိကန်နိုင်ငံနှင့် NATO မိတ်ဖက်နိုင်ငံအချို့က နှစ်သက်ခြင်းမရှိသော်လည်း ၎င်းတို့ ကွန်ပျူတာ Simulator များနှင့် ထောက်လှမ်းရေးကိရိယာများမှ အဆိုပါနည်းဗျူဟာများအား ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ တရုတ်၊ ဘရာဇီးလ်၊ဗာတီကန်၊ တောင်အာဖရိက၊ အီဂျစ်၊ ဆီနီဂေါ၊ ကွန်ဂို၊ ကိုမိုရို၊ ဇမ်ဘီယာ၊ ယူဂန်ဒါ၊ ဒိန်းမတ်၊ အင်ဒိုနီးရှားနိုင်ငံတို့သည် ရုရှား-ယူကရိန်းနိုင်ငံတို့၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံခဲ့ကြပြီး အစ္စရေး၊ ဒိန်းမတ်နှင့် တူကီယဲနိုင်ငံတို့သည် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။ ၎င်းတို့ထဲမှ အစ္စရေးနှင့် တူကီယဲနိုင်ငံတို့၏ စေ့စပ်ညှိနှိုင်းမှု များသည် ကနဦးတွင် တိုးတက်မှုရှိခဲ့ပါသည်။
ယူကရိန်းနိုင်ငံမှ တရားဝင်တောင်းဆိုမှုများတွင် အောက်ပါအချက်များ ပါဝင်ကြောင်းဖော်ပြထားပါသည်-
(က) ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် စေ့စပ် ညှိနှိုင်းမှုပြုလုပ်မည်မဟုတ်သော်လည်း ရုရှားနိုင်ငံမှ အခြားတာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုကိစ္စကို ယူကရိန်း နိုင်ငံသမ္မတ Zelensky မှ ဥပဒေတစ်ရပ် ထုတ်ပြန်ထားကြောင်း။
( ခ ) ယူကရိန်းနိုင်ငံသည် မည်သည့်အခြေအနေမျိုးတွင်မဆို ၎င်း၏ပိုင်နက် နယ်မြေများကို အဆုံးရှုံးခံမည်မဟုတ်ကြောင်းနှင့် ထိုအထဲတွင် ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် Crimea နှင့် Donbas ဒေသတို့ ပါဝင်ကြောင်း။
( ဂ ) ရုရှားနိုင်ငံမှတပ်ဖွဲ့များအားလုံး ယူကရိန်းနိုင်ငံပိုင်နက်မှ ထွက်ခွာရန်နှင့် ရုရှားနိုင်ငံသမ္မတ ပူတင် အပါအဝင် စစ်ရာဇဝတ်သားများအားလုံးကို တရားစီရင်နိုင်ရန် တောင်းဆိုထားကြောင်း။
(ဃ) ယူကရိန်းနိုင်ငံသည် NATO တပ်ဖွဲ့အား လုံခြုံရေးအာမခံချက်ပေးရန်၊ သို့မဟုတ် NATO တပ်ဖွဲ့ဝင်အဖြစ် လက်ခံပေးရန်နှင့် EU အဖွဲ့ဝင်အဖြစ် လက်ခံရန် တောင်းဆိုထားကြောင်း စသည့်အချက်များဖြစ်သည်။
သို့သော်လည်း EU အဖွဲ့ဝင်ဖြစ်ရန်မှာ စီးပွားရေး၊ နိုင်ငံရေးနှင့် တိုင်းပြည် အခြေအနေမငြိမ်သက်မှုများကြောင့် ကန့်သတ်ချက်များရှိနေပါသည်။ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးကို အာမခံထားသော်လည်း ၎င်း၏ကြိုးပမ်းမှုသည် နှောင့်နှေးရပ်တန့်လျက်ရှိပါသည်။ တစ်ဆက်တည်းမှာပင် ယူကရိန်း နိုင်ငံသည် ရုရှားနိုင်ငံပိုင်နက်အား တိုက်ခိုက်ရန် တာဝေးပစ်လက်နက်များကို တောင်းဆို ခဲ့ပြီး နောက်ဆုံးတောင်းဆိုချက်မှာ ATACMS (MGM-140) နည်းဗျူဟာမြောက် မြေပြင်ပစ်ပဲ့ထိန်းဒုံးကျည်နှင့် ဂျာမန်-ဆွီဒင်နိုင်ငံထုတ် Taurus (KEPD-350) ဝေဟင်ပစ် ခရုဇ်ဒုံးကျည်များဖြစ်ပါသည်။ Taurus ဒုံးကျည်များကို ယူကရိန်းနိုင်ငံရှိ Su-24 တိုက်လေယာဉ် များတွင် တပ်ဆင်အသုံးပြုနေသော်လည်း အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့သည် ၎င်းတို့၏ နည်းဗျူဟာမြောက်ဒုံးကျည်များနှင့် Taurus ဒုံးကျည်များ ထောက်ပံ့ရေးနှင့်ပတ်သက်၍ တရားဝင်သဘောတူညီမှုမရှိသေးဟုဆိုပါသည်။
သို့သော်လည်း အမေရိကန်နိုင်ငံ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်းက ရုရှားနိုင်ငံအတွင်း အရေးကြီးနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ရန် လော်ဘီလုပ်တိုက်တွန်းနေခြင်းများလည်းရှိပြီး ၎င်းအနေဖြင့် အခြားသူများကို စည်းရုံး နိုင်ပါက ယူကရိန်းနိုင်ငံသည် နည်းဗျူဟာမြောက်ဒုံးကျည်များကို ရရှိလာနိုင်ပါသည်။ ထိုအစီအစဉ်များအားလုံးက ရုရှားနိုင်ငံ၏ တိုက်ပွဲရည်မှန်းချက်များကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ရုရှားနိုင်ငံအနေဖြင့် ၎င်းသိမ်းပိုက်ပြီးသည့် Donbas ၊ Zaphorize ၊ Kherson နှင့် Crimea ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ပါသည် (ရုရှားတပ်များက ထိန်းချုပ် ထားနိုင်သည့် အခြေအနေကိုဆိုလို)။ ထို့ပြင် ရုရှားနိုင်ငံခေါင်းဆောင်များက ယူကရိန်းနိုင်ငံ အစိုးရအပြောင်းအလဲလုပ်ရန် တစ်စိုက်မတ်မတ်ပိုမိုတောင်းဆိုလာပြီး အချက်အချာကျသည့် Odesa ကဲ့သို့သော မြို့ကြီးများအထိ တိုးချဲ့သိမ်းပိုက်ရန် ကြိုးပမ်းလာနေပါသည်။ ဤသို့ ပြုလုပ်နိုင်ရန် ရုရှားနိုင်ငံအနေဖြင့် တပ်ဖွဲ့များနှင့် ထောက်ပံ့ရေးပစ္စည်းများ ပိုမို လိုအပ်မည်ဖြစ်ပါသည်။
ယူကရိန်းနိုင်ငံတွင်မူ စစ်သည်အင်အားနှင့် ထောက်ပံ့ရေးပစ္စည်းများ လုံလောက်စွာ မကျန်ရှိခြင်းကြောင့် တိုက်ပွဲချဲ့ထွင်ရန် ခက်ခဲမည်ဖြစ်ပါသည်။ ယခုအချိန်တွင် ယူကရိန်း နိုင်ငံအစိုးရ၏ အခြေအနေမှန်နှင့် ရှေ့တန်းသို့ တပ်ဖွဲ့မည်မျှစေလွှတ်နိုင်မည်ကို မသိရှိရ သေးပါ။ ယူကရိန်းနိုင်ငံ၏ စစ်ပွဲတာရှည်လာမှုကို အမေရိကန်နိုင်ငံအနေဖြင့် ကျေနပ်မှုရှိနိုင်မည်မဟုတ်ဘဲ ဤစစ်ပွဲသည် တရုတ်နှင့် ရုရှားနိုင်ငံတို့အကြားက မဟာမိတ်ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များစွာကို ဆုံးရှုံးစေကာ ဥရောပနှင့် အာရှဒေသတို့တွင် အကျိုးဆုတ်ယုတ်မှု ဖြစ်ပေါ်စေခဲ့ပါသည်။ ဥပမာအနေဖြင့် အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအရေးကြောင့် ထိုင်ဝမ်ကျွန်းအား ရွေ့လျားမှုစွမ်းရည်မြင့်အမြောက်ယာဉ် High Mobility Artillery Rocket Systems (HIMARS)များ ထောက်ပံ့ပေးရန် နှောင့်နှေးခဲ့ရပါသည်။ အိုကီနာဝါကျွန်းရှိ အမေရိကန်မရိန်းတပ်သားများသည် HIMARS ကျည်များကို အကန့်အသတ်ဖြင့်သာ အသုံးပြုနေရသည်ဟု ဆိုသည်။
ထို့ကြောင့် ယူကရိန်းနိုင်ငံသည် စစ်ပွဲတွင် HIMARS များကို ဆက်လက် အသုံးပြုမည်ဆိုပါက မဟာမိတ်များအတွက် HIMARS အလုံအလောက်ရရှိရန် အချိန် အနည်းငယ်ကြာမြင့်မည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်ကျွန်းသို့ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်များ ပေးပို့မည့်အစီအစဉ်သည် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် တစ်နှစ် နောက်ကျခဲ့ပါသည်။ Zelensky သည် ယခုအကြိမ်တွင် ယူကရိန်းစစ်ပွဲအတွက် ငွေကြေး ထောက်ပံ့ပေးရန် အမေရိကန်ကွန်ဂရက်ထံ တောင်းဆိုနိုင်သော်လည်း ၎င်းအတွက် ရန်ပုံငွေရရှိရန်ကြိုးပမ်းမှု နောက်ဆုံးအကြိမ်ဖြစ်နိုင်ပါသည်။ ၎င်းအနေဖြင့် တောင်းဆို ထားသည်ထက်နည်းသည့် ငွေပမာဏကို ရရှိနိုင်ခြေရှိပြီး အနာဂတ်တွင် နောက်ထပ် ရန်ပုံငွေများရရှိရန် ဖြစ်နိုင်ပုံမပေါ်တော့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲအခြေအနေမှန်များ၊ အမေရိကန် နိုင်ငံနှင့် NATO အဖွဲ့ဝင်အများစု၏ မူဝါဒသည် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့ ငြိမ်းချမ်းရေး ဆွေးနွေးရန်ဘက်သို့ ယိမ်းနေပြီဖြစ်ပြီး ယူကရိန်းနိုင်ငံ၏ စစ်လက်နက်နှင့် ငွေကြေး အကူအညီတောင်းခံချက်များကိုလည်း အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများအနေဖြင့် ထပ်မံလုပ်ဆောင်ပေးနိုင်ခြင်းမရှိနိုင်တော့သည့် အခြေအနေများကို ရေးသားထားခြင်း ဖြစ်ပါသည်။ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများအနေဖြင့် အစကနဦးတွင် ယူကရိန်းစစ်ပွဲ၌ အောင်မြင်မှုရနိုင်ရန် ရည်မှန်းခဲ့သော်လည်း လက်တွေ့တွင် ၎င်းတို့ထောက်ပံ့ နေသည့် လက်နက်၊ ခဲယမ်းနှင့် ငွေကြေးများ အရာမထင်ဖြစ်လာခြင်း၊ ယူကရိန်းနိုင်ငံ တာဝန်ရှိသူများ၏ အကျင့်ပျက်ခြစားခြင်း၊ ပြည်တွင်းရှိ အမေရိကန်လွှတ်တော်နှင့် ပညာရှင်များက လက်တွေ့အခြေအနေမှန်ကို ထောက်ပြ၍ ဖိအားပေးလာခြင်း၊ ၎င်း၏အမာခံမဟာမိတ်များနှင့် စစ်စခန်းများသို့ပင် လက်နက်ခဲယမ်းများ အလုံအလောက် ထောက်ပံ့ပေးနိုင်မှုမရှိတော့ခြင်းနှင့် အရန်ခဲယမ်းများကို ထုတ်နုတ်သုံးစွဲလာရခြင်းကြောင့် လက်တွေ့တွင် ယူကရိန်းနိုင်ငံဘက်မှ အနိုင်မရနိုင်ကြောင်း သဘောပေါက်လာကြသည့် အခြေအနေဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက အမေရိကန်နိုင်ငံဘက်မှ ယူကရိန်းနိုင်ငံအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့တက်ရန် တိတ်တဆိတ် တိုက်တွန်း နေကြောင်း[2] သတင်းများထွက်ပေါ်ခဲ့ပြီး ယခုဆောင်းပါးတွင်လည်း ယူကရိန်းနိုင်ငံအား ထောက်ပံ့ရေးရပ်ဆိုင်းလိုသည့် အယူအဆများ ပေါ်ပေါ်တင်တင် ထွက်ပေါ်လာရခြင်းမှာ အနောက်အုပ်စု၏ ရုရှား-ယူကရိန်း စစ်ပွဲအပေါ် သဘောထားနှင့် လက်ရှိအခြေအနေမှန်ကို ထင်ဟပ်နေကြောင်း တွေ့ရှိရပါသည်။ မကြာသေးမီကပင် ပိုလန်နိုင်ငံက ယူကရိန်းအပေါ်စစ်လက်နက်ထောက်ပံ့ပေးမှုရပ်ဆိုင်းခဲ့ပြီး EU အဖွဲ့အတွင်းတွင်လည်း ဆက်လက်ထောက်ပံ့ရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ပေါ်ပေါ်တင်တင်ဖြစ်ပေါ်လာနေပါသည်။ သို့သော်လည်း အမေရိကန်သမ္မတဘိုင်ဒန်အနေဖြင့် သံတမန်ရေးရာတွင် ယူကရိန်းကို ဆက်လက်ထောက်ပံ့မည်ဟုသာ ပြောဆိုနေဆဲဖြစ်သည်။
လက်ရှိ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့၏ စစ်ပွဲကို မည်သို့ပင်နှစ်နိုင်ငံအကြား ဖြစ်ပွားသည့် စစ်ပွဲတစ်ခုအသွင်ပုံဖော်နေသော်လည်း လက်တွေ့တွင် အမေရိကန်နိုင်ငံ ဦးဆောင်သော အနောက်အုပ်စုနှင့် ရုရှားနိုင်ငံတို့အကြား နိုင်ငံရေးအဆင့်ထက် လွန်ကဲသည့် စစ်ရေးပြိုင်ဆိုင်မှုအဆင့်ကို ရောက်ရှိနေခြင်းပင်ဖြစ်ပါသည်။ ယူကရိန်း နိုင်ငံအနေဖြင့် အနောက်အုပ်စုလိုလားသည့် အစိုးရတစ်ရပ်ကို အတင်ခံရပြီးနောက် NATO နှင့် EU အဖွဲ့ဝင်ဖြစ်ရန် မက်လုံးများမှတစ်ဆင့် နိုင်ငံအားစစ်တလင်းဖြစ်ခဲ့ရသည့် အခြေအနေဖြစ်ပါသည်။ နိုင်ငံကြီးများအနေဖြင့် နိုင်ငံရေးဇာတ်ခုံတွင် မိမိတို့ကိုယ်တိုင် ပါဝင်ကပြခြင်းမရှိဘဲ နောက်ကွယ်မှ ကြိုးဆွဲချုပ်ကိုင်နေကြသော်လည်း ၎င်းတို့၏ အကျိုး စီးပွားထိခိုက်လာမည့် အခြေအနေတွင် လက်တွဲဖြုတ်ရန်လည်း မခဲယဉ်းကြောင်းကို သင်ခန်းစာ ဖော်ထုတ်နိုင်ပါသည်။
ရုရှားနိုင်ငံကဲ့သို့ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ ဆက်စပ်နေသော နိုင်ငံကြီး တစ်နိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် ယူကရိန်းနိုင်ငံ၏ ဆုံးဖြတ်ချက်အမှားကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်အခြေအနေမှာ စောင့်ကြည့်ရဦးမည်ဖြစ်သော်လည်း စစ်ပွဲ များကြောင့် နိုင်ငံ၏ အစိတ်အပိုင်းအတော်များများမှာ ပျက်စီးခဲ့ရပြီးဖြစ်ပါသည်။ ထို့ကြောင့် ယူကရိန်း-ရုရှား ပဋိပက္ခနှင့် နောက်ခံအခြေအနေကွဲပြားနေသော်လည်း သမိုင်းကြောင်းအရ နီးစပ်နေပြီး ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်းအင်အားကြီးနိုင်ငံ ၂ ခုအကြားတွင် တည်ရှိနေသော မြန်မာနိုင်ငံ၏ မွေးရာပါ ပထဝီနိုင်ငံရေး အကျပ်အတည်းကို ယှဉ်ထိုးသုံးသပ်နိုင်ဖွယ်ရာ အခြေအနေတစ်ခုပင်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
116092723
[1]။ Stephen Bryen,“ Effort to Get Zelensky to Negotiate with Russia Has Failed”. Weapons and Strategy. 20 September 2023 [/https://weapons.substack.com/.../effort-to-get.../]-accessed on 21 September 2023.
[2]။ Missy Ryan, John Hudson, Paul Sonne,“ U.S. privately asks Ukraine to show it’s open to negotiate with Russia”. The Washington Post. 5 November 2022 [/https://www.washingtonpost.com/ national-security/2022/11/05/ukraine-russia-peace-negotiations/]-accessed on 21 September 2023.