နိဒါန်း
ဖီဂျီ-နယူးဇီလန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်အား လက်မှတ် မရေးထိုးမီ ဖီဂျီနိုင်ငံသည် ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံနှင့် ချုပ်ဆိုခဲ့သော လုံခြုံရေး ဆိုင်ရာ သဘောတူညီချက်အား ပြန်လည်စဉ်းစားသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထိုသို့သော သံတမန်ရေးအပြောင်းအလဲများသည် ပစိဖိတ်ကျွန်းနိုင်ငံများ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသော သဘောထားများ အတက်အကျရှိနေသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
မကြာသေးမီက ဖီဂျီနိုင်ငံဝန်ကြီးချုပ် Sitiveni Rabuka က ဖီဂျီအစိုးရအနေဖြင့် တရုတ်-ဖီဂျီ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အား ပြန်လည်စဉ်းစား သွားမည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား ၂၀၁၁ ခုနှစ်၌ နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်တွင် ဖီဂျီရဲတပ်ဖွဲ့ဝင်များအား တရုတ်နိုင်ငံသို့ ခေါ်ယူလေ့ကျင့်ပေးခြင်း၊ တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖီဂျီနိုင်ငံတွင် တပ်ဖြန့်ထားခွင့်ရှိခြင်းတို့ ပါဝင်ပါသည်။ ယခုအခါ ဖီဂျီအစိုးရမှ ထိုသဘောတူညီချက်အား ပြန်လည် စဉ်းစားမည်ဟု ပြောကြားခဲ့ခြင်းသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဖော်ဆောင်ခဲ့သည့် ပစိဖိတ်ကျွန်းနိုင်ငံများဆိုင်ရာ လုံခြုံရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက်၌ ပစိဖိတ်ကျွန်းနိုင်ငံအများစုမှ ပါဝင်မှုမရှိခြင်းအပေါ်တွင် အခြေခံသည့်အပြင် တရုတ်နိုင်ငံ၏ ဒေသတွင်း ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုကို တုံ့ပြန်နိုင်ရန်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
လက်ရှိအချိန်၌ ဖီဂျီနိုင်ငံဝန်ကြီးချုပ်ဟောင်း Frank Bainimarama လက်ထက်က ချမှတ်ခဲ့သည့် ဖီဂျီနိုင်ငံ၏ “မြောက်ဘက်မျှော်မူဝါဒ”(Look North Policy)သည် တဖြည်းဖြည်း အားနည်းလာပြီး လက်ရှိဖီဂျီနိုင်ငံဝန်ကြီးချူပ် Sitiveni Rabuka ကလည်း ၎င်းအနေဖြင့် စံနှုန်းများကိုတန်ဖိုးထားပြီး သဟဇာတဖြစ်သောအစိုးရစနစ်သည် ၎င်းတို့၏နိုင်ငံခြားရေး မူဝါဒအတွက် အဓိကကျသည်ဟု ပြောကြားထားပါသည်။ ထို့ပြင် ၎င်းက ဖီဂျီနိုင်ငံ၏ သမားရိုးကျလုံခြုံရေးစနစ်ပုံစံ (ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု) ကိုသာ အားသာနေပြီး မကြာသေးမီကလည်း နယူဇီလန်-ဖီဂျီတို့၏ စစ်တပ်နှစ်ခုအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ကာကွယ်ရေးဆိုင်ရာ သဘော တူညီချက်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် Kiribati ၊ The Solomon Islands ကျွန်းနိုင်ငံတို့နှင့် သံခင်းတမန်ခင်းအရ အတိုင်းအတာတစ်ခုအထိ ကောင်းမွန်သော်လည်း တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ကမ္ဘာ့ကြီးအပေါ် ရှုမြင်ထားပုံသည် ကွဲပြားခြားနားကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် ကြီးစဉ်ငယ်လိုက် ကမ္ဘာ့ရှုမြင်ချက် (Hierarchical Worldview)ကို လက်ခံထားပြီး ပစိဖိတ်ကျွန်းနိုင်ငံများကမူ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်ခုသည် အရွယ်အစား ကြီးသည်/ငယ်သည်နှင့် မဆိုင်ဘဲ တန်းတူဆက်ဆံရမည်ဟုဆိုသော အယူအဆကို လက်ခံထားသောကြောင့် နှစ်နိုင်ငံအကြားတွင် ကွဲလွဲမှုကြီးမားစွာရှိသည်ဟု ဆိုပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများအား ၎င်း၏ လက်ဝေခံနိုင်ငံများအဖြစ် မှတ်ယူထားသောကြောင့် တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြားရှိ ပူးပေါင်းဆောင်ရွက်မှု များတွင် အခက်အခဲများရှိနိုင်ပါသည်။ ထို့ကြောင့် FederatedStates of Micronesia (FSM)၏ သမ္မတဟောင်း David Panuelo က တရုတ်နိုင်ငံ၏ ထိုကဲ့သို့ပြုမူနေခြင်းသည် နိုင်ငံရေးစစ်ပွဲဆင်နွှဲနေခြင်းသာဖြစ်သည်ဟု မှတ်ချက်ပြုထားပြီး တရုတ်နိုင်ငံအနေဖြင့် Federated States of Micronesia ၏ ရေပိုင်နက်ထဲသို့ မကြာခဏ ကျူးကျော်ဝင်ရောက်၍ ကင်းလှည့်သင်္ဘောများကို ခြိမ်းခြောက်ခြင်းအပြင် ဒေသတွင်း နိုင်ငံရေးသမားများနှင့်ပါ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ ထိုကဲ့သို့ ပြုလုပ်နေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ရှိရင်းစွဲလက္ခဏာ တစ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
David Panuelo အနေဖြင့် တရုတ်နိုင်ငံနှင့် စပ်လျဉ်းသော အပြုအမူများနှင့် ပတ်သက်၍ ရိုးသားစွာဖွင့်ထုတ်ပြောဆိုခဲ့သော်လည်း အခြားသော ပစိဖိတ်ကျွန်း နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့်စပ်လျဉ်း၍ ထိုကဲ့သို့ ပွင့်လင်းစွာပြောဆိုမှုပြုလုပ် ရန်မဖြစ်နိုင်ဟု ဆိုပါသည်။ အထူးသဖြင့် မဟာဗျူဟာကိစ္စရပ်များနှင့်စပ်လျဉ်းလာပါက ပစိဖိတ်ကျွန်းနိုင်ငံများသည် တရုတ်နိုင်ငံအား သတိထား၍ တိတ်တဆိတ်ဖြင့် ယဉ်ကျေးစွာ ငြင်းဆိုမည့်ပုံစံမျိုးကို ဖော်ဆောင်လာနိုင်ပါသည်။ လက်ရှိဥပမာအနေဖြင့် ဖီဂျီနိုင်ငံဝန်ကြီးချုပ် Sitiveni Rabuka ၏ တရုတ်-ဖီဂျီ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်အား ပြန်လည်စဉ်းစားမည်ဟု ပြောကြားခဲ့ခြင်းသည် တရုတ်နိုင်ငံသို့ ယဉ်ကျေး သိမ်မွေ့စွာဖြင့် အချက်ပြနေသည့် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ထို့ပြင် ဖီဂျီနိုင်ငံမှ အဆိုပါသဘောတူညီချက်အား ပြန်လည်စဉ်းစားမည်ဟု ပြောကြားခဲ့ခြင်းသည် ဖီဂျီ-နယူးဇီလန် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းမတိုင်မီတွင် ဖြစ်ပွားခဲ့ပြီး ဖီဂျီနိုင်ငံဘက်မှ တရားဝင် လူသိ ရှင်ကြားဖြင့် ထုတ်ပြန်ထားခြင်းမျိုးမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ပစိဖိတ်ကျွန်းနိုင်ငံအများစုသည် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို အလေးထား၍ အပြန်အလှန်လေးစားမှုကို အခြေခံသော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေသောကြောင့် အနာဂတ်တွင်လည်း အဆိုပါမူဝါဒနှင့် စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲသွားရန်မရှိဟုဆိုပါသည်။ ဥပမာအားဖြင့် ပြီးခဲ့သည့် ဩစတြေးလျနိုင်ငံ အစိုးရဟောင်း လက်ထက်တွင် အဆိုပါမူဝါဒကို လိုက်နာခြင်း မရှိသောကြောင့် ဩစတြေးလျနှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ဆက်ဆံရေးကျဆင်းခဲ့ပါသည်။ လက်ရှိ ဩစတြေးလျနိုင်ငံအစိုးရအနေဖြင့် ယခင်က အမှားများကို ပြန်လည်သုံးသပ်၍ ပြုပြင်ခဲ့သောကြောင့် လက်ရှိအချိန်၌ ဩစတြေးလျနှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် ဩစတြေးလျကဲ့သို့ ၎င်း၏မူဝါဒများကို ပြန်လည်သုံးသပ်၍ ပြုပြင်ရန်မှာ ရာခိုင်နှုန်း အလွန်နည်းပါးကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ကမ္ဘာ့ရှုမြင်ချက်(Worldview) ကွဲပြားခြားနားမှု၊ အထူးသဖြင့် တရုတ်နိုင်ငံသည်ကြီးစဉ်ငယ်လိုက်ကမ္ဘာ့ရှုမြင်ချက်(Hierarchical Worldview)ကို လက်ခံထားပြီး ပစိဖိတ်ကျွန်းနိုင်ငံများက အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်ခုသည် အရွယ်အစား ကြီးသည်/ငယ်သည်နှင့် မဆိုင်ဘဲ တန်းတူဆက်ဆံရမည်ဟုဆိုသော အယူအဆကို လက်ခံထားမှု၊ ထို့ပြင် တရုတ်နိုင်ငံမှ ပစိဖိတ်ကျွန်းနိုင်ငံများအား ၎င်း၏ လက်ဝေခံ နိုင်ငံများအဖြစ် သတ်မှတ်ထားမှုနှင့် တရုတ်နိုင်ငံ၏ ပစိဖိတ်ကျွန်းနိုင်ငံများအပေါ် မလေးစားမှုတို့ကို မီးမောင်းထိုးပြ၍ တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ ဆက်ဆံရေး ကျဆင်း လာနိုင်ကြောင်း၊ သို့သော်လည်း ပစိဖိတ်ကျွန်းနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးလျှော့ချရာတွင် သိမ်မွေ့နူးညံ့သည့်နိုင်ငံခြားရေးမူဝါဒအား အသုံးပြု၍ ဆောင်ရွက် လာနိုင်ကြောင်းကို အနောက်အုပ်စုဘက်မှ သံတမန်ရေးအောင်မြင်လာမှုအဖြစ် သွယ်ဝိုက်၍ရေးသားထားခြင်း ဖြစ်ပါသည်။
အာရှ-ပစိဖိတ်ဒေသတွင်း ခြေလှမ်းစိတ်လာသည့် အမေရိကန်နိုင်ငံအနေဖြင့် မကြာသေးမီကပင် ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်စစ်အခြေစိုက်စခန်းအသစ်များတည်ဆောက်ခွင့်ကို ရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်လည်း တိုက်ချင်းပစ်ဒုံးပျံတိုက်ခိုက်မှု၊ လေကြောင်းရန် ကာကွယ်မှု၊ ဆိုက်ဘာစစ်ပွဲများ ဆင်နွှဲနိုင်မှုတို့ ဆောင်ရွက်နိုင်မည့် ကျယ်ပြန့်စွာ စွမ်းဆောင်နိုင်သော အမေရိကန်နိုင်ငံ၏ စွမ်းရည်မြင့်တပ်ဖွဲ့တစ်ခုဖြစ်သည့် “Multi-Domain Army Unit”တစ်ခုအား တပ်ဖြန့်ထားနိုင်ရေး ဂျပန်နိုင်ငံနှင့် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိနေပါသည်။ လက်ရှိအချိန်၌ ပစိဖိတ်ဒေသအတွင်း၌ QUAD အဖွဲ့ဝင်များ ဖြစ်သည့် ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် တရုတ်နိုင်ငံအား ဝိုင်းပတ် ပိတ်ဆို့နိုင်ရေး ပိုမိုအလေးထားဆောင်ရွက်နိုင်ရန် ပစိဖိတ်ကျွန်းနိုင်ငံများအား ဆွဲဆောင်ခြင်း၊ ဖိအားပေးခြင်းများပြုလုပ်နေသည့်အပြင် ပါပူဝါနယူးဂီနီနှင့် ဂူအမ်ကျွန်းအပါအဝင် ဒေသတွင်း၌ အမေရိကန်နိုင်ငံ၏ တပ်ဖြန့်ထားရှိမှုများ ပိုမိုများပြားလာနိုင်သောကြောင့်အနာဂတ်တွင် ဒေသတွင်းလုံခြုံရေးဆိုင်ရာ အားပြိုင်မှုများစွာ ဖြစ်ပေါ်လာနိုင်မည့် အလာအလားပင်ဖြစ်ပါသည်။
အနောက်အုပ်စုသည် ပစိဖိတ်ကျွန်းနိုင်ငံငယ်များအား စဉ်ဆက်မပြတ်သံတမန် ဆက်ဆံရေးနည်းလမ်း၊ အထောက်အပံ့အလုံးအရင်းပေး၍ စစ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုနည်းလမ်းကိုကျင့်သုံးနေပြီး တရုတ်နိုင်ငံ၏ နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ အသာစီးရယူခဲ့မှုများကို ပုံကြီးချဲ့ဖော်ပြသည့် မီဒီယာနည်းလမ်းများဖြင့် လက်တွေ့ကျသော ချဉ်းကပ်မှုများက အတန်အသင့် ခရီးပေါက် လာကြောင်းကိုလည်း တွေ့ရှိရပြီး နိုင်ငံငယ်များအနေဖြင့်လည်း အင်အားကြီးနိုင်ငံများအကြား Hedging ပြုလုပ်နေခြင်းဟု ယူဆနိုင်ပါသည်။ Hedging ဆိုသည်မှာ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံငယ်များက အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုတွင် သိသာထင်ရှားသော ဘက်ရွေးချယ်မှုကို ဆောင်ရွက်ခြင်းမရှိဘဲ အခြေအနေ အချိန်အခါပေါ်မူတည်၍ အင်အားကြီးနိုင်ငံများအကြား ထိန်းညှိဆက်ဆံခြင်း ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေးနှင့် ပထဝီအနေအထား၊ ပထဝီဝင် နိုင်ငံရေးအခြေအနေတို့အပေါ်မူတည်၍ ဖော်ဆောင်ရခြင်းဖြစ်သောကြောင့် နိုင်ငံများအားလုံး မည်သို့မျှ ထပ်တူညီချင်းမရှိနိုင်သည်ကို သတိချပ်နိုင်ပြီး National Power တည်ဆောက်နိုင်ရေးသည်သာ ပဓာနဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
50062723