Sunday, August 13, 2023

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် ၏သား ဟွန်မနက် အား ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့မှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ကမ္ဘောဒီးယားနိုင်ငံဘုရင်အနေဖြင့် ဝန်ကြီးချုပ် ဟွန်ဆန်၏သား ဟွန်မနက် အား ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်လွှာပေးအပ်ခဲ့မှု၊ ကမ္ဘောဒီယားနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေများ၊ ဝန်ကြီးချုပ် ဟွန်ဆန်၏ ရှေ့ဆက်မည့် နိုင်ငံရေး ခရီးအလားအလာများနှင့်ပတ်သက်၍ သိသင့်သည်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ကမ္ဘောဒီးယားနိုင်ငံဘုရင်က နိုင်ငံ၏ ကာလအရှည်ကြာဆုံး ခေါင်းဆောင် ဖြစ်သူ ဟွန်ဆန်(Hun Sen)၏ သားအကြီးဆုံးဖြစ်သူ ဟွန်မနက်(Hun Manet)အား နောက်တက်မည့် ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ဖြစ်ပြီး ဟွန်မနက်အနေဖြင့် ဩဂုတ်လနှောင်းပိုင်းတွင် ၎င်း၏ တာဝန်ဝတ္တရားများကို စတင် ထမ်းဆောင်မည်ဖြစ်ပါသည်။ ဟွန်ဆန်တာဝန်စတင်ယူခဲ့သည့် ၁၉၈၅ ခုနှစ်နောက်ပိုင်း ပထမဆုံးသော ခေါင်းဆောင်အပြောင်းအလဲကို ဖော်ပြထားသည့် ကမ္ဘောဒီးယားနိုင်ငံဘုရင် Norodom Sihamoni ၏ တော်ဝင်အမိန့်စာကို ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအမိန့်စာသည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၉၆ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဏာရပါတီဖြစ်သည့် Cambodia People’s Party (CPP)၏ ပန်ကြားမှုအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း လက်ရှိပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲတွင် အတိုက်အခံနိုင်ငံရေး ပါတီအချို့ကို ဝင်ရောက်ယှဉ်ပြိုင်ရန် တားမြစ်ခဲ့သည့်အတွက် အတုအယောင် ရွေးကောက်ပွဲဟု ရှုမြင်နေကြကြောင်း ဖော်ပြထားပါသည်။
ဩဂုတ်လ ၇ ရက်နေ့ကစ၍ အသက်ဝင်ခဲ့သည့် အဆိုပါအမိန့်စာ၌ ကမ္ဘောဒီးယားနိုင်ငံဘုရင်က (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်အတွက် ဟွန်မနက်အားနိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်ဟု ဖော်ပြထားပါသည်။ ဟွန်မနက် အနေဖြင့် လွှတ်တော်(Cambodia’s Parliament)၏ အတည်ပြုပေးမှုအတွက် အစိုးရ အဖွဲ့ကို ဖွဲ့စည်းရန် ပြင်ဆင်ရတော့မည်ဖြစ်ပြီး အတည်ပြုမှုအတွက် မဲပေးခြင်း များကို ဩဂုတ်လ ၂၂ ရက်တွင် နောက်ဆုံးပြုလုပ်သွားမည်ဖြစ်ပါသည်။ ဟွန်ဆန်သည် ၎င်း၏ သားဖြစ်သူကို ရာထူးလွှဲပြောင်းပေးခြင်းဖြင့် အသွင်ကူးပြောင်းရေးကို အရှိန်မြှင့် ဆောင်ရွက်နေပြီး ရွေးကောက်ပွဲရလဒ်များကို ဩဂုတ်လ ၅ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည့်အတွက်ကြောင့် ယခင်မဲပေးမှုစနစ်များထက် ပိုမိုမြန်ဆန်နေကြောင်း ဖော်ပြထားပါသည်။
ဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် နောက်ထပ် ၁၅ ရက်ကြာ ဆက်လက်ရှိနေမည်ဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် ရာထူးမှ အပြီးတိုင်နုတ်ထွက် မည်ဟု တယ်လီဂရမ်ချန်နယ်မှ ကြေညာခဲ့ပါသည်။ ၎င်းအနေဖြင့် CPP ၏ အကြီးအကဲ အဖြစ်ဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင်ပြုလုပ်မည့် အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အထက်လွှတ်တော် ခေါင်းဆောင် ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင်၏ အထူးအကြံပေး အဖွဲ့(Supreme Privy Council)တွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းအနေဖြင့် ၂၀၃၃ ခုနှစ်အထိ အခြားနိုင်ငံရေးရာထူးများတွင် တာဝန်ထမ်းဆောင်ရန် စီစဉ်ထား သည်ဟု ‌ကြေညာထားကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဟွန်မနက် သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးဖြစ်လာရန် ရာထူးအဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ရပါသည်။ ယခုနှစ်အစောပိုင်းတွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူး (Four Star General)တာဝန်ကို ထမ်းဆောင်ခဲ့ရပြီး လက်ရှိအချိန်တွင် ဖနွမ်ပင် မဲဆန္ဒနယ်မှ လွှတ်တော်အမတ်တစ်ဦးဖြစ်လာခဲ့ပါသည်။ ဝန်ကြီးချုပ်ရာထူး အပြောင်းအလဲသည် CPP အတွင်း မျိုးဆက်သစ်အပြောင်းအလဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆိုပါအပြောင်းအလဲကို အဆင့်မြင့်အရာရှိများ၏ သားသမီးများက ၎င်းတို့မိဘများ၏ ရာထူးအားလွှဲပြောင်းယူခြင်းဖြစ်သည်ဟု ရှုမြင်နေကြပါသည်။ ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့၏သားများသည်လည်း ၎င်းတို့ဖခင်များ၏ ရာထူးကို လွှဲပြောင်း ရယူကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဩဂုတ်လ ၃ ရက်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်း၌ ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်မှုနှင့် လုံခြုံမှုရှိနေပြီး မျိုးဆက်သစ်များသည်လည်း နိုင်ငံကို ကောင်းမွန်စွာ ဦးဆောင်နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည့်အတွက် ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံရေးလှုပ်ရှားမှုများနောက်တွင် ဟွန်ဆန် ဆက်လက်တည်ရှိနေခြင်းက နိုင်ငံကို နောက်ကွယ်မှ ဆက်လက်ထိန်းကျောင်းနိုင်ရန်နှင့် မိသားစုနှင့် ဆက်နွှယ်နေသည့် အာဏာရပါတီဝင်များအကြားတွင် အကျိုးစီးပွားကို ထိန်းညှိနိုင်ရန်ဖြစ်ပါသည်။ ဟွန်ဆန်၏ မိန့်ခွန်းတွင် ၎င်းအနေဖြင့် အစိုးရအသစ်၏ ဆုံးဖြတ်ချက်များကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းနှင့် ဟွန်မနက် အစိုးရအတွက် စိုးရိမ်ရသည့်အခြေအနေမျိုး ရောက်လာပါက ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ထမ်းဆောင်မည်ဟု သတိပေးထားပြီး ကမ္ဘောဒီးယားနိုင်ငံအား အကျပ်အတည်းများအတွင်း ကျရောက်သွားမည့် အခြေအနေများကို ခွင့်ပြုသွားမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘောဒီးယားနိုင်ငံ၏ အစိုးရအသစ်သည် လူငယ်များဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသော်ငြားလည်း မိဘများမှ သားသမီးများကို လက်ဆင့်ကမ်းနေသည့်အတွက် ဆွေမျိုး ကောင်းစားရေးဝါဒ(Nepotism)သာဖြစ်သည်ဟု နိုင်ငံအတွင်းရှိ အတိုက်အခံများနှင့် အနောက်အုပ်စုမှ နာမည်တပ်လျက်ရှိပါသည်။ ဟွန်မနက်၏ အစိုးရအဖွဲ့သည် တရားဝင် အစိုးရအဖွဲ့ဖြစ်လာရန်အတွက် ဩဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်မှ ထောက်ခံမဲပေးရန်နှင့် အတည်ပြုပေးရန် လိုအပ်နေသေးသော်လည်း ဟွန်မနက် အနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာရန် သေချာသည့်အခြေအနေတွင် ရှိနေပါသည်။ လက်ရှိ အချိန်တွင် ဟွန်ဆန်အနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သည်ဆိုသော်လည်း ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းတွင် သာမာန်ထက်လွန်ကဲသည့် ပြောင်းလဲမှု များကို ထိန်းကျောင်းနိုင်ရန်အတွက် ပါတီ၏ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ Supreme Privy Council တွင်လည်းကောင်း၊ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူထားရန် ပြင်ဆင်ထားရှိပြီးဖြစ်သည်ကို တွေ့ရှိရပါသည်။
ဟွန်ဆန် နောက်ခံပြုနေပြီး ၎င်း၏ သားဖြစ်သူ ဦးဆောင်မည့် ကမ္ဘောဒီးယား နိုင်ငံ၏ နိုင်ငံရေးစနစ်ကို နိုင်ငံအတွင်း အယူအဆမတူသူများနှင့် အနောက်အုပ်စုက ၎င်းတို့ လက်ကိုင်ထားသည့် ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်ကြောင်း ဝေဖန်မှုများ ရှိနေသော်လည်း ဟန့်တားနှောင့်ယှက်ခြင်းမပြုနိုင်သည့် အကြောင်းအချက်တချို့ကို ဖော်ထုတ်ရရှိပါသည်။ ပထမတစ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ အစိုးရအပြောင်းအလဲကို ဆွေးမျိုးကောင်းစားရေး(Nepotism)ဟု ခေါင်းစဉ်တပ်ခံရသော်လည်း ဟွန်ဆန်အနေဖြင့် ၎င်းလက်ဆင့်ကမ်းမည့်မျိုးဆက်များကို ပညာအရာတွင်သာမက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့တွင်ပါ အတွေ့အကြုံရှိစေရေး ထောက်ကွက်မရှိအောင် တစ်ဆင့်ခြင်း ပြုစု ပျိုးထောင်ထားခဲ့ကြောင်း တွေ့ရှိရပါသည်။
ဟွန်ဆန် ၏ သားဖြစ်သူ ဟွန်မနက်သည် West Point တက္ကသိုလ်ဆင်း ဖြစ်ပြီး အမေရိကန်နိုင်ငံမှ စီးပွားရေးမဟာဘွဲ့နှင့် အင်္ဂလန်နိုင်ငံမှ စီးပွားရေးပါရဂူဘွဲ့ရရှိခဲ့သူဖြစ်ပါသည်။ အတွေ့အကြုံအရာတွင်လည်း တပ်မတော်အရာရှိငယ်အဆင့်မှ ဗိုလ်ချုပ်ကြီးအဆင့်အထိ အဆင့်ဆင့်တာဝန်ထမ်းဆောင်စေပြီး ပျိုးထောင်ထားကြောင်း တွေ့ရှိရပါသည်။ အခြားသော ဟွန်ဆန်အစိုးရ အဖွဲ့ဝင်များ၏ သားများသည်လည်း အလားတူ ပြုစုပျိုးထောင်ထားသူများဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။[2] ထို့ပြင် ဟွန်ဆန်အနေဖြင့် ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းထားပြီး အင်အားကြီးနိုင်ငံများမှ အခြားစစ်ရေးနှင့် စီးပွားရေးကိစ္စရပ်များကြောင့် အာရုံမစိုက်နိုင်သည့်အချိန်တွင် အစိုးရအပြောင်းအလဲကို အချိန်ကိုက် ဆောင်ရွက်နိုင်ခဲ့ သည်ဟု သုံးသပ်ရပါသည်။
ကမ္ဘောဒီးယားနိုင်ငံအစိုးရ လက်ရှိလုပ်ဆောင်နေမှုသည် အစိုးရမျိုးဆက်သစ် များအား နိုင်ငံအတွင်းမှ ပညာတတ်လူငယ်အင်အားစုများနှင့် စုစည်းပေါင်းစပ်နိုင်မည် ဆိုပါက ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ တစ်ဆင့်ချင်း တိုးတက်လာအောင် လုပ်ဆောင်နိုင်မည်ဟု ယူဆရပါသည်။ မကြာသေးမီကပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်အသစ်နှင့် ဟွန်ဆန်တို့အား ကမ္ဘောဒီးယားနိုင်ငံ၌ လာရောက်တွေ့ဆုံခဲ့ပြီး ၎င်း၏ထောက်ခံမှုကိုပြသ၍ သံတမန်ရေးလက်ဦးမှုကို ရယူခဲ့ကြောင်း တွေ့ရသည်။ နိုင်ငံတည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီစနစ်ကိုတည်ဆောက်ရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးယဉ်ကျေးမှုနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှုတို့ အပေါ်တွင် များစွာမူတည်နေပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားနေမည်သာ ဖြစ်ခြင်းကြောင့် မိမိတို့ချီတက်မည့် လမ်းကြောင်းအတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
84081423
[1]။ SHAUN TURTON. “Hun Manet appointed by king as Cambodia's next PM.”Nikkei Asia, 7 Aug 2023 [https://asia.nikkei.com/.../Hun-Manet-appointed-by-king... 9 Aug 2023

[2]။ JACK BROOK and PHIN RATHANA. “Cambodia's Hun Sen plans power succession to son, allies' children.”Nikkei Asia, 2 May 2023 [https://asia.nikkei.com/.../Cambodia-s-Hun-Sen-plans... 9 Aug 2023