Wednesday, November 22, 2023

တရုတ်နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံမှုအပေါ် အင်ဒို-ပစိဖိတ်မိတ်ဖက်နိုင်ငံများ၏သဘောထားများ

 


နိဒါန်း
အင်ဒို-ပစိတ်ဖိတ်ဒေသ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုညီလာခံ (Asia-Pacific Economic Cooperative Conference-APEC) သို့ တက်ရောက် လာသည့် တရုတ်နှင့် အမေရိကန်သမ္မတတို့၏ နှစ်နိုင်ငံအကြား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်မိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့၏ သဘောထားအမြင် များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် အမေရိကန်သမ္မတ Joe Biden တို့ သည် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် APEC ညီလာခံအပြီးတွင် သီးသန့်အစည်းအဝေးအဖြစ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲကို ကမ္ဘာတစ်ဝန်းမှ နိုင်ငံအများက စောင့်ကြည့်လျက်ရှိကြသည်။ ထိုတွေ့ဆုံမှုသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲပြီးနောက် ဒုတိယအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံသည့် ဆွေးနွေးမှုတစ်ခုဖြစ်ပြီး နှစ်နိုင်ငံ အကြားတင်းမာမှုကို လျှေော့ချရန်၊ ပြိုင်ဆိုင်မှုတွင်တာဝန်ရှိစွာ ယှဉ်ပြိုင်နိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးပွဲအပေါ် အပြုသဘော ဆောင်သည့် မှတ်ချက်များသာ ပေးခဲ့ကြသည်ကို တွေ့ရသည်။
တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာ့နိုင်ငံများအတွက် အရေးပါ လျက်ရှိပြီး ဩစတြေးလျ၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနိုင်ငံတို့အပေါ်တွင် တိုက်ရိုက်သက်ရောက်နိုင်ပါသည်။ အမေရိကန်နှင့်သဘောတူစာချုပ် ချုပ်ဆိုထားသည့် မဟာမိတ်နိုင်ငံများအားလုံးသည် လုံခြုံရေးကဏ္ဍတွင် အမေရိကန်အပေါ် မှီခိုလျက် ရှိသော်လည်း စီးပွားရေးအရ တရုတ်နိုင်ငံနှင့်အနီးကပ်ဆက်ဆံရေး တည်ဆောက် နေရပါသည်။ ထို့ကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံများအနေဖြင့် တရုတ်-အမေရိကန် ပဋိပက္ခများ၏ ရိုက်ခတ်မှုကို အများဆုံးခံခဲ့ရပါသည်။ ထိုင်ဝမ်အတွက် တရုတ်-အမေရိကန် မိတ်ဖက်ဆက်ဆံရေးသည် အရေးပါလျက်ရှိပြီး တရုတ်သည် ထိုင်ဝမ် အား ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ကာ အင်အားသုံး၍ ပြန်လည် ပေါင်းစည်းရေးကိုလုပ်ဆောင်ရန် ကြိုးပမ်းနေမှုကို အမေရိကန်အနေဖြင့် မည်သို့ တုံ့ပြန်မည်ဆိုသည့် မေးခွန်းသည် အဓိကကျပါသည်။
အမေရိကန်နှင့် အင်ဒို-ပစိဖိတ်ဒေသ မိတ်ဖက်နိုင်ငံများသည် တရုတ်နိုင်ငံ အား တန်ပြန်နိုင်ရန်ကြိုးပမ်းသည့်အနေဖြင့် “လွတ်လပ်၍ ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ်ဒေသ” နှင့် “စည်းမျဉ်းကို အခြေခံသော နိုင်ငံတကာအခင်းအကျင်း” စသည့် မူဘောင်များပေါ်တွင် သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ ကြပါသည်။ ထို့ပြင် တရုတ်နိုင်ငံအား စစ်ရေးအရ တန်ပြန်ရန်အတွက် ဩစတြေးလျ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်တို့ပါဝင်သည့် AUKUS သုံးနိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ အား လည်းကောင်း၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်နှင့်အတူ နှစ်နိုင်ငံ၊ သုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အမေရိကန်နှင့်ပူးပေါင်း၍ စစ်ရေးချဲ့ထွင်မှုများအား လည်းကောင်း၊ ထိုင်ဝမ်အနေဖြင့် အမေရိကန်နှင့် လက်နက်ရောင်းဝယ်မှုများ တိုးမြှင့်လုပ်ဆောင်၍ လည်းကောင်း အသီးသီးပူးပေါင်းဆောင်ရွက်မှုခဲ့ကြပါသည်။
နှစ်နိုင်ငံအစည်းအဝေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများအပြားက အပြုသဘော ဆောင်သည့် မှတ်ချက်များကိုသာပြောကြားခဲ့ပါသည်။ တရုတ်- အမေရိကန်မိတ်ဖက် ဆက်ဆံရေးတင်းမာမှုများမှတစ်ဆင့် နောက်ပြန်လှည့်၍မရသည့် ကြီးမား‌သော စစ်ပွဲကြီးတစ်ခုအသွင် ဖြစ်လာနိုင်သည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ အမေရိကန် မိတ်ဖက်နိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံအား အလေးပေးရွေးချယ်ထားပြီးဖြစ် သော်လည်း တရုတ်- အမေရိကန်ဆက်ဆံရေးကို လုံးလုံးလျားလျား ဖြတ်တောက်ရန် မလိုလားကြပါ။ ထို့ကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးကောင်းမွန်လာမှုကို နိုင်ငံအများအပြားက ကြိုဆိုလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Anthony Albanese သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်မှ ၇ ရက် အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါသည်။ အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်သည် တရုတ်- အမေရိကန်အစည်းအဝေးကဲ့သို့ပင် ပိုမိုကျယ်ပြန့်သော သံတမန်ရေး လုပ်ငန်းစဉ်များအတွက် အရေးပါခဲ့ပြီး ဝန်ကြီးများအဆင့် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ခဲ့ကြပါသည်။ ဩစတြေးလျနှင့်တရုတ်နိုင်ငံတို့အကြား ပျော့ပျောင်းလာသည့် ဆက်ဆံရေးတစ်ခု ဖန်တီးလာချိန်တွင် အမေရိကန်၏ အလားတူဆက်ဆံရေး အလှည့် အပြောင်းသည် ကောင်းမွန်သည့်အခြေအနေတစ်ခုဖြစ်လာနိုင်ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှုများသည် တရုတ်-ဩစတြေးလျ စီးပွားရေးကဏ္ဍဆက်ဆံရေး ကို ထိခိုက်စေနိုင်ပါသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio အနေဖြင့် အမေရိကန်၏ လုပ်ဆောင်မှုများအတိုင်း APEC ထိပ်သီးအစည်းအဝေးအပြီး တရုတ်သမ္မတ Xi Jinping နှင့် သီးခြားဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံသည် တရုတ်နှင့် ပတ်သက်ပြီး "လွတ်လပ်၍ ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ်အယူအဆ"နှင့် ပိုမို တင်းကျပ်သော လုံခြုံရေးမူဝါဒကို ချမှတ်ထားသော်လည်း တရုတ်နှင့် ထိတွေ့ ဆက်ဆံမှုကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ လက်ရှိတွင် နှစ်နိုင်ငံ အကြား မိတ်ဖက်ဆက်ဆံရေးသည် တင်းမာလျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ Fukushima နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တုကြွ စွန့်ပစ်ရေများ ထုတ်လွှတ်မှုကိုကန့်ကွက်ခဲ့ပြီး ဂျပန်မှပင်လယ်စာ တင်သွင်းမှု အားလုံးကို တားမြစ်ခဲ့ပါသည်။ ထို့ပြင် ဂျပန်အနီးတွင် ၎င်း၏ ရေတပ်သင်္ဘောများနှင့် စစ်လေယာဉ်များကို အသုံးပြုကာစစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါသည်။ သို့သော်လည်း ယခုအမေရိကန်နှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးပြန်လည်တည်ဆောက် လာခြင်းကြောင့် ဂျပန်နိုင်ငံအနေဖြင့်လည်း အလိုက်သင့်လိုက်ပါ တည်ဆောက်လာနိုင်ပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိတွင် တရုတ်နှင့် တင်းမာသော ဆက်ဆံရေးရှိ နေပြီး ပိုင်နက်နယ်မြေအငြင်းပွားမှုများ၊ ရေကြောင်းဆိုင်ရာ စီးပွားရေးဇုန်သတ်မှတ်မှု အငြင်းပွားမှုများ၊ တရုတ်ကမ်းခြေစောင့်တပ်များမှ ဖိလစ်ပိုင်သင်္ဘောများအား ရန်စ နှောင့်ယှက်မှုများဖြင့် ရင်ဆိုင်နေရပါသည်။ သို့ဖြစ်၍ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. သည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ်များကို တုံ့ပြန် နိုင်ရန်အတွက် အမေရိကန်နှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် လျက်ရှိပါသည်။ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး သဘောတူညီချက်(EDCA) အရ အမေရိကန်ရန်ပုံငွေဖြင့် အခြေစိုက်စခန်းများ ပြန်လည်မွမ်းမံ၍ အရေအတွက်ကို တိုးချဲ့ခဲ့ပါသည်။ ယခု APEC အစည်းအဝေးတွင် အမေရိကန်နှင့် တရုတ်တို့အကြား ဖိလစ်ပိုင်နိုင်ငံအရေးနှင့်ပတ်သက်၍ သီးခြားဆွေးနွေး မှုများ မရှိခဲ့ပါ။ ဖိလစ်ပိုင်သမ္မတ Marcos Jr. အနေဖြင့် အမေရိကန်ဒုတိယသမ္မတ Kamala Harris နှင့်သာ တွေ့ဆုံခွင့်ရခဲ့သော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အတိုင်းအတာတစ်ခုအထိ ပြေလည်သင့်သည်ဟူသောအချက်ကို လက်ခံပုံပေါ်ပါသည်။
တောင်ကိုရီးယား- တရုတ်မိတ်ဖက်ဆက်ဆံရေးသည် သမ္မတ Yoon Suk-Yeol လက်ထက်တွင် တင်းမာမှုများရှိခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့် ဆက်ဆံရေးကောင်းမွန်စေရန်ရည်ရွယ်၍ သုံးနိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခဲ့ပါသည်။ သို့သော်လည်း ပြီးခဲ့သည့် တရုတ်-အမေရိကန်ဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်နှင့်ပတ်သက်၍ သီးခြားဆွေးနွေးမှုများ မရှိခဲ့ပါ။ တောင်ကိုရီးယားအနေဖြင့် ဂျပန်နိုင်ငံကဲ့သို့ တရုတ်-အမေရိကန် မိတ်ဖက်ဆက်ဆံရေး ကောင်းမွန်လာသည်ကို မျှော်လင့်နေ ပါသည်။ တရုတ်-အမေရိကန် အစည်းအဝေးတွင် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ သီးခြားဖော်ပြသွားခြင်းမရှိသော်လည်း မြောက်ကိုရီးယားကို ကိုင်တွယ် နိုင်ရန်အတွက် မဟာဗျူဟာများတွင် တရုတ်သည် အဓိကကျသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
ထိုင်ဝမ်သည် တရုတ်နှင့် အမေရိကန်တို့အတွက် အရှုပ်ထွေးဆုံးကိစ္စရပ် တစ်ခုဖြစ်ကာ အဓိကဆွေးနွေးရသည့် အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး အစည်းအဝေး တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကိုအသေးစိတ် ရှင်းလင်းခဲ့ပါသည်။ သမ္မတ Xi Jinping က အမေရိကန်အနေဖြင့် ထိုင်ဝမ်၏ခွဲထွက်မှုကိုထောက်ခံခြင်း၊ လက်နက် ထောက်ပံ့ခြင်းများကိုရပ်တန့်၍ တရုတ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ကို ရပ်တန့်လိမ့်မည်မဟုတ်ဟု ပွင့်လင်းစွာပြောကြားခဲ့ပါသည်။ သမ္မတ Joe Biden က ၎င်းပြောဆိုနေကျမူဝါဒဖြစ်သည့် အမေရိကန်အနေဖြင့် တရုတ်၏ One China Policy ကို ထောက်ခံကြောင်းနှင့် ပိုနေမြဲကျားနေမြဲအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲမှုများနှင့် စစ်ရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆန့်ကျင် သည်ဟူသည့် ယခင်မူဝါဒများကိုပင် ပြန်လည်ပြောကြားပါသည်။ ယခု တရုတ်သမ္မတနှင့် အမေရိကန်သမ္မတို့ တွေ့ဆုံမှု သည် ထိုင်ဝမ်အပေါ်တွင်ထားရှိသည့် အမေရိကန်၏သဘောထားများ ပြောင်းလဲသွား ခြင်းမရှိသည်ကို ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးရှင်သည် APEC အစည်းအဝေးသို့တက်ရောက်လာသည့် တရုတ်နှင့် အမေရိကန်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ အင်ဒို-ပစိဖိတ် ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများအနေဖြင့် တုံ့ပြန်မှုသဘောထားများကို အသေးစိတ် သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် တရုတ်ဆက်ဆံရေးသည် ပြီးခဲ့သည့် ကာလများတွင် အခြေအနေဆိုးရွားခဲ့ပြီး အမေရိကန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် တရုတ်၏ သုတေသနဆိုင်ရာ လေပူဖောင်းများကို ပစ်ချခဲ့မှုများ၊ အမေရိကန်အနေဖြင့် တရုတ်၏နည်းပညာကဏ္ဍများကို ပိတ်ဆို့မှုများအပါအဝင် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံစစ်တပ်များအကြား ဆက်ဆံရေးကို ရပ်တန့် ပစ်ခဲ့သည်အထိ ဆိုးရွားခဲ့ပါသည်။ သို့သော်လည်း ထိုသို့ဆက်ဆံရေးတင်းမာနေမှု များက ကမ္ဘာ့စစ်ရေးနှင့် စီးပွားရေးအခြေအနေများကို ပိုမိုဆိုးရွားလာစေသည့် အတွက် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ပြင်ဆင်လာကြသည်ဟု သုံးသပ်နိုင်ပါသည်။
သို့သော်လည်း ယခုဆောင်းပါးတွင် အမေရိကန်အနေဖြင့် ၎င်း၏ တရုတ်နှင့် ဆက်ဆံရေးတည်ဆောက်မှုအပေါ် မဟာမိတ်နိုင်ငံများ၏ အပြုသဘောဆောင်သော သဘောထားများကို ထင်ဟပ်ပြထားသကဲ့သို့ လက်တွေ့တွင်လည်း နှစ်နိုင်ငံစလုံးအနေဖြင့် ဆက်ဆံရေးအဆင်ပြေမှုကို လိုလားနေသော်လည်း ထိုင်ဝမ်နှင့်ပတ်သက်သော မူဝါဒများအပြင် အခြားသော မူဝါဒများကိုလည်း သိသာထင်ရှားစွာ ပြောင်းလဲမှု မပြုလုပ်နိုင်ကြောင်းတွေ့ရပါသည်။ ထို့ကြောင့် အဆိုပါတွေ့ဆုံမှုသည် တရုတ်-အမေရိကန်ဆက်ဆံရေး ပြန်လည် အဆင်ပြေလာမည်ဟုမဆိုနိုင်သေးဘဲ သံတမန်ရေးဆိုင်ရာ သဘောထားဖလှယ်မှုနှင့် အကဲစမ်းမှုတစ်ခုအဖြစ်သာ ယူဆနိုင်မည်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံ၏ ဩဇာတည်ဆောက်မှုအဝန်းအဝိုင်းအတွင်း တည်ရှိနေသော ဒေသတွင်းနိုင်ငံငယ်များအနေဖြင့် အင်အားကြီး နိုင်ငံများအကြား ပြောင်းလဲဖြစ်ပေါ်နေသည့် ဆက်ဆံရေးအခြေအနေများကို မျက်ခြည် မပြတ်လေ့လာစောင့်ကြည့်ပြီး မိမိနိုင်ငံလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ခိုင်မာစွာတည်ဆောက်နိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
157112323

[1]။ Shannon Tiezzi “What Do US Indo-Pacific Allies Think of the Biden-Xi Summit?”. The Diplomat, November 17, 2023 [https://thediplomat.com/.../what-do-us-indo-pacific.../]