နိဒါန်း
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန် နိုင်ငံ၏ နိုင်ငံရေးဩဇာလွှမ်းမိုးမှုအား စိန်ခေါ်မှုဖြစ်ပေါ်စေခြင်းနှင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ အနေဖြင့် ၎င်းပဋိပက္ခမှ နိုင်ငံရေးအမြတ်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု အပါအဝင် အီဂျစ်၊ အီရန်၊ ဆီးရီးယားနိုင်ငံများနှင့် ပါလက်စတိုင်းအဖွဲ့တို့မှ အာဏာပိုင်များအား ဖုန်းခေါ်ဆို၍ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ရုရှားနိုင်ငံသမ္မတ ပူတင်သည် အစ္စရေးနိုင်ငံသားများ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သော်လည်း ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရှုတ်ချပြောဆိုခဲ့ခြင်းမရှိခဲ့ပါ။ သမ္မတပူတင်သည် အစ္စရေး-ပါလက်စတိုင်း နှစ်ဖက်အဖွဲ့ များအား အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ပြီး ဤပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံအား ပြစ်တင်ရှုတ်ချခဲ့ကြပါသည်။
အဆိုပါ ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ခေါင်းဆောင်များ ဆွေးနွေးမှုတွင် အဓိက အချက် ၂ ချက်ကိုတွေ့ရှိရပြီး ပထမအချက်မှာ ရုရှားနှင့် အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာလာသည့်အချက်ဖြစ်ကာ ဒုတိယအချက်မှာ ရုရှားနိုင်ငံသည် ၎င်းအပေါ် အနောက်အုပ်စုများ အာရုံစိုက်မှုလျော့ပါးစေရန် အစ္စရေး-ဟားမတ်စ် စစ်ပွဲအား အသုံးချခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ရုရှားနိုင်ငံ၏လုပ်ဆောင်မှုကို တရုတ်နိုင်ငံမှ ထောက်ခံနိုင်သည့်အလားအလာ ရှိပြီး ရုရှားနိုင်ငံသမ္မတ ပူတင်သည် ပိုးလမ်းမစီမံကိန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အောက်တိုဘာလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ Beijing မြို့သို့ သွားရောက်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် ကလည်း အစ္စရေးနိုင်ငံ၏ စစ်ရေးတုံ့ပြန်မှုနှင့်ပတ်သက်၍ အကြံဉာဏ်ပေးရန်၊ ဂါဇာ ကမ်းမြောင်ဒေသအား အကူအညီပေးရန်၊ အီရန်နိုင်ငံနှင့် ၎င်း၏ဆက်စပ်အုပ်စုများ ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်မှုအား ဟန့်တားရန်အတွက် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဤကဲ့သို့ ယူကရိန်းနိုင်ငံအရေး၊ အရှေ့အလယ်ပိုင်းဒေသအရေးများနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံကြီးများမှ ခေါင်းဆောင်များ အပြိုင်အဆိုင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေခြင်းသည် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးတွင် ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို ပြသနေခြင်းပင်ဖြစ်ပါသည်။
အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည် ယခင်က ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး မကြာသေးမီနှစ်များအတွင်းကလည်း ရုရှား နိုင်ငံသို့ အကြိမ်များစွာသွားရောက်လည်ပတ်ခဲ့ပါသည်။ ဤကဲ့သို့ ရင်းနှီးသည့် ဆက်ဆံရေး ရှိသော်လည်း ရုရှားနိုင်ငံသမ္မတ ပူတင်သည် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချခြင်းမရှိခဲ့ပါ။ ဤတိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသား ၁၆ ဦး သေဆုံးခဲ့ပြီး ၈ ဦးမှာ ပျောက်ဆုံးလျက်ရှိပါသည်။ ယခင်က အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည်၂၀၁၅ ခုနှစ် အိမ်နီးချင်းဆီးရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ခဲ့သော ရုရှားနိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍကို ထောက်ရှုကာ ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အစိုးရ Bashar al-Assad ကို ထောက်ခံမှုပြုလုပ်ခဲ့ပြီး Assad အစိုးရအား ဆန့်ကျင်သည့်သူပုန်အဖွဲ့များအား ချေမှုန်းရန် လေကြောင်းမှပစ်ကူပေးတိုက်ခိုက်ရာတွင် ကူညီပေး ခဲ့ပါသည်။ အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည် ဆီးရီးယားနိုင်ငံတွင် အီရန်နှင့် ရုရှားနိုင်ငံတို့၏ သြဇာလွှမ်းမိုးမှုကိုလျှော့ချရန်၊ Hezbollah အဖွဲ့အား ခေတ်မီလက်နက်များ ထောက်ပံ့မှုကို တားမြစ်ရန်၊ ဆီးရီးယားနိုင်ငံတွင် အစ္စရေးနိုင်ငံအား ဆန့်ကျင်သော အဖွဲ့များ၏ အခြေစိုက်စခန်းဖြစ်လာခြင်းမှ ကာကွယ်ရန်နှင့် ဆီးရီးယားနိုင်ငံရှိ Hezbollah အဖွဲ့၏ပစ်မှတ်များအား ရုရှားနိုင်ငံ၏ဝင်ရောက် စွက်ဖက်မှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လွတ်လပ်စွာပြုလုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ [2] လေ့လာသူအချို့က အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ကဲ့သို့ နိုင်ငံရေးတွင် ဩဇာအာဏာကြီးမားသူများကို အရေးတယူဆက်ဆံလေ့ရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံမှ ကျူးကျော်သည့် အခါတွင် ၎င်းအနေဖြင့် ပွင့်လင်းစွာဝေဖန်နိုင်ခြင်းမရှိဘဲ ယူကရိန်းအစိုးရမှ လက်နက်များ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သော်လည်း ထောက်ပံ့နိုင်ခဲ့မှုမရှိခြင်း ဖြစ်ပါသည်။
ရုရှားနှင့် အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးကောင်းမွန်စေသည့် အဓိက အချက်မှာ အစ္စရေးနိုင်ငံသား ၁၅ ရာခိုင်နှုန်းသည် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ ကူးပြောင်းလာကြသူများဖြစ်ပြီး ရုရှားဘာသာစကားကို ပြောဆိုကြခြင်းကြောင့်ဖြစ်ပါသည်။ ရုရှားနိုင်ငံသမ္မတ ပူတင်သည် အစ္စရေးနိုင်ငံအား ဒေသတွင်းအင်အားကြီးနိုင်ငံတစ်ခု အဖြစ် လက်ခံထားပြီး အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုကလည်း ရုရှားနိုင်ငံ၏ ဒီမိုကရေစီစနစ်ထူထောင်နိုင်ခြင်းမရှိမှုကို လျစ်လျူရှုထားပါသည်။ ရုရှားနှင့် အစ္စရေးနိုင်ငံတို့ အနေဖြင့် အပြုသဘောဆောင်သည့်ဆက်ဆံရေးအား ဖော်ဆောင်လျက်ရှိသော်လည်း ရုရှားနိုင်ငံသည် ယခင်ကတည်းကပင် ပါလက်စတိုင်းအမျိုးသားရေးဝါဒကို ထောက်ခံ အားပေးခဲ့ပါသည်။ ၁၉၇၃ ခုနှစ် အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသည် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများအား လေ့ကျင့်ပေးခြင်းနှင့် အာရပ်နိုင်ငံများအား လက်နက်တပ်ဆင်ပေးခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ရုရှားနိုင်ငံသည် သမိုင်းတစ်လျှောက်တွင် အစ္စရေးနိုင်ငံထက် ဆီးရီးယားနိုင်ငံနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ဖော်ပြ ထားပါသည်။
သို့ရာတွင် အစ္စရေးနိုင်ငံတောင်ပိုင်းအား ဟားမတ်စ်အဖွဲ့မှ တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံအနေဖြင့် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း အီရန်နိုင်ငံ၏ ကျောထောက် နောက်ခံဖြစ်သည့် ဟားမတ်စ်အဖွဲ့ ဂါဇာကမ်းမြောင်ဒေသတွင် အာဏာရရှိခဲ့သည့် အချိန်မှစ၍ ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါသည်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် ဟားမတ်စ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ Khaled Meshaal ကို ၂၀၀၇ ခုနှစ်တွင် မော်စကိုသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး ၂၀၁၄ ခုနှစ် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် ၇ ပတ်ကြာ စစ်ပွဲတွင်လည်း ဟားမတ်စ်အဖွဲ့အနေဖြင့် အစ္စရေးတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ရန် ရုရှားနိုင်ငံထုတ် တင့်ဖျက် ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ရုရှားနှင့် အီရန်နိုင်ငံတို့၏ ရင်းနှီးသည့်ဆက်ဆံရေးသည် အစ္စရေးနိုင်ငံနှင့် တင်းမာမှု ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် စစ်ဗျူဟာအချက်အချာနေရာများအား တိုက်ခိုက်ရန်အတွက် အီရန်နိုင်ငံမှ ‘Shaded Kamikaze’ ဒရုန်း ရာပေါင်းများစွာကို မှာယူအသုံးပြုခဲ့ပြီး ယခုအခါတွင် အီရန်နိုင်ငံ၏ အကူအညီဖြင့် ၎င်းအမျိုးအစား ကိုယ်ပိုင်ဒရုန်းများ ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ အပြန်အလှန်အနေဖြင့် ရုရှားနိုင်ငံသည် အီရန်နိုင်ငံအား တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့ အကြား ပဋိပက္ခများတိုးမြင့်လာစေရန် ရည်ရွယ်ချက်ရှိမည်မဟုတ်ဟု ဆိုနိုင်သော်လည်း ဤပဋိပက္ခသည် အခြားအာရပ်နိုင်ငံများအထိ ကြီးထွားလာမည့်ကိစ္စကိုလည်း အလေးထား လိမ့်မည်မဟုတ်ဟု ဆိုပါသည်။ ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုသည် ယူကရိန်းစစ်ပွဲအား အနောက်အုပ်စု၏ အာရုံစိုက်မှုကို လျော့ကျစေပါသည်။ ယခုအခါ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ယူကရိန်းနိုင်ငံအား နောက်ထပ်အကူအညီပေးနိုင်ရန်သာမက အစ္စရေးနိုင်ငံ အရေးပေါ်အခြေအနေအား အကူအညီပေးနိုင်ရန်လည်း အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် ဆွေးနွေးနေရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအား အကူအညီပေးရမည်ဆိုပါက ယူကရိန်းနိုင်ငံသို့ အကူအညီပေးမှု နည်းပါးသွားနိုင်ပြီး ရုရှားနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘော နှစ်စီးနှင့် ထိပ်တန်းသံတမန် Antony Blinken ကို စေလွှတ်ကာ ပဋိပက္ခများ ထပ်မံကြီးထွားမှုမရှိစေရန် ကြိုးပမ်းခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ရည်ရွယ်ချက်မှာ အစ္စရေးနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ရန် ပြင်ဆင်နေသည့် ဒုံးကျည် ၁၅၀,၀၀၀ ပိုင်ဆိုင်သော Hezbollah အဖွဲ့ကို တားဆီးရန်ဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ပိုမိုကြီးထွားလာပါက ရုရှားနှင့် အီရန်နိုင်ငံတို့အတွက် အကျိုးဖြစ်ထွန်းစေမည့်အချက် ၂ ချက်ရှိပါသည်။ ပထမအချက်မှာ အရှေ့အလယ်ပိုင်းဒေသရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ သိသာစွာမြင့်တက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ စွမ်းအင်စီးပွားရေးအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ဤအကျိုးအမြတ်မှ ယူကရိန်းစစ်ပွဲအတွက်ငွေကြေးအထောက်အပံ့ ပိုမိုရရှိမည်ဖြစ်ပါသည်။ ဒုတိယအချက်မှာ အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန်နိုင်ငံ၏ အစီအမံများကို ထိခိုက်စေမည်ဖြစ်ပြီး ယခုအချိန်တွင်ပင် ဟားမတ်စ်အဖွဲ့ကြောင့် အမေရိကန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် ဟားမတ်စ်အဖွဲ့အား ရှုတ်ချမှုမပြုလုပ်ခြင်းသည် ရုရှား နိုင်ငံနှင့် သဘောထားတူညီနေသည့် အခြေအနေဖြစ်နိုင်ပါသည်။ တရုတ်နိုင်ငံသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတိုးမြင့်လာမှုအား စိုးရိမ်သည်ဟု ပြောကြားလျက် ရှိသော်လည်း မည်သည့်အထောက်အပံ့မျှ ပေးအပ်ခြင်းမရှိပါ။ တရုတ်သတင်း ဌာနများက အမေရိကန်နိုင်ငံသည် ဤပဋိပက္ခတွင် အစ္စရေးနိုင်ငံဘက်မှ ဦးဆောင် ပါဝင်နေသည်ဟု ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နိုင်ငံ၏ ဩဇာလွှမ်းမှုအား စိန်ခေါ်ခြင်းခံရမှုအပေါ် ရုရှားနိုင်ငံကဲ့သို့ပင် တရုတ်နိုင်ငံသည်လည်း ဝမ်းမြောက်နေနိုင်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အမေရိကန်နိုင်ငံ ဦးဆောင်နေမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်အစောပိုင်းတွင် အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ပြန်လည်ပေါင်းစည်းရေးကို ကြားဝင်ကူညီပေးရန် ကြိုးပမ်း ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဟားမတ်စ်အဖွဲ့၏လုပ်ဆောင်ချက်များကို ကြိုတင်ခန့်မှန်း နိုင်ခြင်းမရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နိုင်ငံအတွက် ဖြစ်ပေါ် လာမည့် အနှောင့်အယှက်များကို တားဆီးလိမ့်မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဖော်ပြထားသော ရုရှားနိုင်ငံ၏ လတ်တလောသံတမန်ရေး ကြိုးပမ်းမှုများကို သုံးသပ်ခြင်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသအတွင်း ၎င်း၏ သြဇာ လွှမ်းမိုးမှုကို ရရှိနိုင်ရန်၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခကိုအသုံးပြု၍ အနောက်အင်အားကြီး နိုင်ငံများ ယူကရိန်းအရေးကို အာရုံမစိုက်နိုင်ရန်နှင့် ဩဇာလွှမ်းမိုးမှုကျဆင်းစေရန်ပါးနပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့နိုင်ငံရေးတွင် ပြိုင်ဆိုင် နေသော အင်အားကြီးနိုင်ငံများအချင်းချင်း ထိုကဲ့သို့သော သံတမန်ရေးရွှေ့ကွက်များမှာ ထူးဆန်းသည်ဟု မဆိုနိုင်သော်လည်း အနောက်အုပ်စုအနေဖြင့် မချိတင်ကဲ အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းကို ဤဆောင်းပါးတွင် ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။
လက်တွေ့တွင်လည်း အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ထောက်ပံ့ကြေးငွေများနှင့် အခြားပြဿနာရပ်များကို အာရုံစိုက်နေရပြီ ဖြစ်ခြင်းကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခမှာ ကမ္ဘာ့မီဒီယာများပေါ်တွင် မှေးမှိန်သွား သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ၏ ပဋိပက္ခသည် ယခုထက် ပိုမိုကြီးထွားလာမည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုဈေးကွက်နှင့် ပူးပေါင်း၍ ၎င်း၏စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ယခုထက်ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။
တရုတ်နိုင်ငံသည်လည်း ဤပဋိပက္ခနှင့်ပတ်သက်၍ သံတမန်ရေးစကားလုံးများကို ပြောဆိုနေသော်လည်း ရုရှားနိုင်ငံနည်းတူ ပါလက်စတိုင်း၏ ဖြစ်တည်မှုကို အသိအမှတ် ပြုသည့် Two-state Solution ကိုသာ အဓိကထား ပြောကြားနေပြီး ပြဿနာရပ်များတွင်သံတမန်ရေးအသုံးအနှုန်းများကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေသည်ကို တွေ့ရှိ ရပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသသည် တရုတ်နိုင်ငံ၏ ရေနံလိုအပ်ချက် များစွာကို ဖြည့်ဆည်းပေးလျက်ရှိပြီး တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းအတွက်လည်း အရေးပါသောဒေသဖြစ်သောကြောင့် အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်မှုကိုသာ ဦးတည်ချက် ထား၍ ၎င်း၏ဩဇာလွှမ်းမိုးမှုကို ဖြန့်ကြက်လာမည်သာ ဖြစ်ပါသည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပေါ်လာချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား၌ နိုင်ငံရေး၊ သံတမန်ဆက်ဆံရေး လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် အမေရိကန်နိုင်ငံ၏ နှစ်ပေါင်းများစွာ အုပ်စိုးလာသော Unipolar ဖြစ်တည်မှု ကျဆင်းခဲ့ပြီး Multipolar ဖြစ်တည်မှု ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက်ရှိနေခြင်းကြောင့် ထိုဖြစ်စဉ်များနှင့် လိုက်လျောညီထွေစွာပြောင်းလဲ၍ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ဖော်ထုတ်နိုင်ရေးသည်သာ သက်ဆိုင်ရာနိုင်ငံများအတွက် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
135102423
[1]။ “Vladimir Putin’s Plan to Profit from The Israel-Hamas War”. The Economist. 17 October2023, [/https:// www.economist.com/ briefing/ 2023/ 10/17/ putins-plan-to-profit-from-the-israel-hamas-war/]
[2]။ Amos Yadlin, Ari Heistein,“Ending the War in Syria: An Israeli Perspective”. Council of Councils. 21 Sep2017, [/https:// www.cfr.org/ councilofcouncils/global-memos/ending-war-syria-israeli-perspective/]