Sunday, June 4, 2023

NATO အဖွဲ့အနေဖြင့် ဥရောပဒေသတွင် နောက်ထပ်စစ်မြေပြင်တစ်ခု ဖန်တီးနေခြင်းလော

 


နိဒါန်း
သုတေသီအချို့က ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွား နေရခြင်း၏ အဓိကတရားခံမှာ NATO အဖွဲ့ကြောင့်ဖြစ်ပြီး မကြာသေးမီက ဖြစ်ပွား ခဲ့သော ကိုဆိုဗိုဆန္ဒပြပွဲတွင်လည်း ဆန္ဒပြနေသည့် ဆာ့ဘ်လူမျိုးများနှင့် NATO အဖွဲ့ ဦးဆောင်သည့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တစ်ခုဖြစ်သော ကိုဆိုဗို တပ်ဖွဲ့(Kosovo Force-KFOR)တို့ကြား ထိပ်တိုက်ထိတွေ့မှုများ ဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကိုဆိုဗိုတွင် အယ်လ်ဘေးနီးယန်း လူမျိုးအား မြို့တော်ဝန်အဖြစ် ရွေးကောက်ခဲ့မှုအပေါ် ဆာ့ဘ်လူမျိုးများမှ မကျေနပ်၍ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါသည်။ NATO အဖွဲ့၏ ကိုဆိုဗိုအရေးကိစ္စတွင် ပါဝင်နေခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုများကို ပိုမိုဖြစ်ပေါ်စေသည့်အပြင် ဥရောပဒေသတွင် နောက်ထပ် စစ်မြေပြင်တစ်ခု ဖန်တီးနေသကဲ့သို့ဖြစ်နေကြောင်းကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
သမိုင်းကြောင်းအရ ကိုဆိုဗိုသည် ဆားဘီးယားနိုင်ငံ၏ ပိုင်နက်ထဲတွင် ပါဝင်ပြီး အမေရိကန်နိုင်ငံနှင့်အနောက်အုပ်စုမှ ကိုဆိုဗိုအား သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ခွဲထွက်ရေးကို ကူညီပေးနေသောကြောင့် ဆားဘီးယားနှင့် ကိုဆိုဗိုကြားရှိ တင်းမာမှုများ ပိုမိုဖြစ်ပွားနေပြီး အနောက်ဘော်လကန်ဒေသ၏ တည်ငြိမ်အေးချမ်းရေး သည်လည်း စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေခဲ့ပါသည်။ လက်ရှိအချိန်၌ ကိုဆိုဗိုနှင့် ဆားဘီးယားကြားတွင် တင်းမာမှုများ ပိုမိုမြင့်တက်နေပြီး NATO အဖွဲ့၏ ခေါင်းဆောင် Jens Stoltenberg က ကိုဆိုဗိုအနေဖြင့် ဆားဘီးယားနှင့် တင်းမာမှုအား လျှော့ချရန် တောင်းဆိုထားကြောင်း၊ သို့သော်လည်း သုတေသီအချို့ကမူ NATO အဖွဲ့အနေဖြင့် ကိုဆိုဗို၌ စစ်အင်အားများ တိုးမြှင့်ချထားနေသောကြောင့် တင်းမာမှုအား အမှန်တကယ် လျှော့ချလိုခြင်း ရှိ/မရှိမှာ မသေချာဟု ဆိုပါသည်။
ထို့ပြင် အချို့သောသုတေသီများက NATO အဖွဲ့သည် တစ်ဖက်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးမည်ဟု ဆိုထားပြီး အခြားတစ်ဖက်တွင် စစ်အင်အားတိုးမြှင့်ချထား နေခြင်းသည် ကိုဆိုဗိုအား စစ်ပြင်ဆင်နိုင်ရန်နှင့် စစ်လက်နက်ထောက်ပံ့ပေးနိုင်ရန် အချိန်ဆွဲနေခြင်းသာဖြစ်သည်ဟု ဆိုကြပါသည်။ NATO အဖွဲ့နှင့် အနောက်အုပ်စုများက ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား ကာကွယ်ပေးမည်ဟု ကတိကဝတ်ပြုထားသော်လည်း လက်တွေ့တွင် အမှန်တကယ်ဖြစ်မလာခဲ့ချေ။ တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သော Song Zhongping က NATO အဖွဲ့သည် ဆားဘီးယားနှင့် ကိုဆိုဗိုကြား ငြိမ်းချမ်းရေးထိန်းသိမ်းပေးမည်ဟု ဆိုထားသော်လည်း အမှန်တကယ်မှာ ကိုဆိုဗိုအား လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်နိုင်ရန်နှင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများ အပေါ် ဖိနှိပ်နိုင်ရန်သာဖြစ်သည်ဟု ဆိုပါသည်။
Song Zhongping က အမေရိကန်နိုင်ငံသည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင်၎င်းတို့လိုချင်သည့်ရလဒ်မျိုး မရရှိသေးသောကြောင့် ဥရောပဒေသတွင် နောက်ထပ် စစ်ပွဲတစ်ခု ဖန်တီးလာနိုင်သည့်အပြင် အဆိုပါ စစ်ရေးပဋိပက္ခသည်လည်း ပိုမိုကြီးထွား လာမည့်အလားအလာတွင် ရှိနေသည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံ၏ အမြင်အရ ဥရောပ ဒေသ၌ ၎င်းတို့သည် တိုက်ရိုက်ပါဝင်မှုမရှိသောကြောင့် အဆိုပါဒေသတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားလာမှုအပေါ် စိုးရိမ်မှုမရှိသည့်အပြင် ၎င်းတို့တပ်များကိုပါ အချိန်မရွေး ပြန်ခေါ်နိုင်သည့် အခွင့်အရေးရှိပါသည်။ အမှန်တကယ်မှာ အမေရိကန်နိုင်ငံသည် ဥရောပ၏ ဩဇာကြီးထွားမှုကို မလိုလားသောကြောင့် ဥရောပဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပွားမှုကို ပိုမိုဖြစ်ပေါ် စေရန်နှင့် ဥရောပ၏ အမေရိကန်နိုင်ငံအပေါ် မှီခိုမှုပိုမိုကြီးထွားလာစေရန် ဆောင်ရွက် နေခြင်းသာဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခသည် အမေရိကန် နိုင်ငံ၏ စွမ်းအင်နှင့်အရင်းအမြစ်များ များစွာဆုံးရှုံးရသောကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် ဆားဘီးယားနှင့် ကိုဆိုဗိုကြားတွင် ပြဿနာများဖန်တီး၍ ဆားဘီးယားနှင့် ဘော်လကန်ဒေသအပေါ် လွှမ်းမိုးမှုရှိသည့် ရုရှားနိုင်ငံ၏ ဩဇာအာဏာ ကျဆင်းစေရန် တစ်ဖက်လှည့်ဖြင့် ဖန်တီးနေခြင်းဖြစ်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံသည် ၎င်း၏ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာနှင့် အကျိုးစီးပွားကို ထိန်းချုပ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ဥရောပတွင် ပြဿနာများ ဖန်တီးပေးခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည်ဟု ယူဆထားပါသည်။ လက်ရှိအချိန်၌ အမေရိကန်နိုင်ငံသည် ဥရောပ၌ စစ်မြေပြင်နောက်ထပ် ဖြစ်ပေါ်လာရေးကို ဖန်တီးနေပြီး အဆိုပါအခြေအနေကို အသုံးပြု၍ ၎င်းတို့၏ အကျိုးစီးပွားများကို ဖော်ဆောင်သွားမည့် အလားအလာရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ပိုမို တင်းမာလာခြင်းမှာ NATO အဖွဲ့ကြောင့်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အမေရိကန် နိုင်ငံသည် တစ်ဖက်တွင် ဆားဘီးယားနှင့် ကိုဆိုဗိုကြား ငြိမ်းချမ်းရေး ထိန်းသိမ်း ပေးမည်ဟုဆိုထားပြီး အခြားတစ်ဖက်တွင် ကိုဆိုဗို၌ စစ်အင်အား တိုးမြှင့်ချထား နေခြင်းသည် ကိုဆိုဗိုအား စစ်ပြင်ဆင်နိုင်ရန်နှင့် စစ်လက်နက်ထောက်ပံ့ပေးနိုင်ရန် အချိန်ဆွဲသည့် ပရိယာယ်တစ်မျိုးသာဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဥရောပဒေသတွင် နောက်ထပ် စစ်ပွဲတစ်ခု ဖန်တီးနေခြင်းပင်ဖြစ်ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုပြဿနာဖြစ်ပွားမှု၏ အရင်းခံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအပေါ်တွင် များစွာမူတည်နေပြီး ယခုအခါငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဟု အမည်တပ်ထားသော NATO တပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။
လက်ရှိအချိန်၌ နိုင်ငံကြီးများသည် အကျိုးစီးပွားနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ပိုမိုအားကောင်းစေရေးအတွက် ၎င်းတို့နှင့် အယူဝါဒမတူညီသော နိုင်ငံငယ် များ၏ ပြည်တွင်းမငြိမ်သက်မှုများ ဖြစ်ပွားစေရန် လုပ်ဆောင်နေသည့်နည်းတူ ဥရောပ နိုင်ငံများကြားမှ ၎င်းတို့အတွက် ဆူးညှောင့်တစ်ခု ဖြစ်နေသည့် NATO အဖွဲ့ဝင်မဟုတ်သော ဆားဘီးယားနိုင်ငံအား ပြဿနာဖန်တီးရန် လမ်းကြောင်းရှာနေခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ပြည်တွင်းရေးတွင် ပါတီနိုင်ငံရေးလွန်ကဲမှုပြဿနာရပ်များနှင့် စီးပွားရေးပြဿနာရပ်များကို မှေးမှိန်စေရန် အခြားသော အင်အားကြီးနိုင်ငံများကို စစ်ပွဲများနှင့် အလုပ်ပေးထားသည့် ပရိယာယ်ကို အသုံးပြုလာသည်ဟု ယူဆနိုင်ပါသည်။
သမိုင်းကြောင်းကို ပြန်ကြည့်ပါကလည်း ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်နိုင်ငံအနေဖြင့် စစ်ကြောင့် ကြေမွနေသည့် ဥရောပပြန်လည်ထူထောင်ရေးအတွက် Economic Recovery Act ဖြင့် ဥရောပဒေသသို့ ဒေါ်လာ ၁၃ ဘီလီယံကျော် ငွေကြေးများ၊ အရင်းအနှီးများစီးဝင်စေပြီး စီးပွားရေးချဲ့ထွင်ခဲ့ပါသည်။ ထိုအကြောင်းအရာကို Marshall Plan ဟု လူသိများကြသည်။ ယခုအခါတွင်လည်း ရုရှားနှင့် အမေရိကန်အကြားရှိ Buffer Zone ဖြစ်သည့် ဥရောပဒေသတွင် စစ်မီးပွားများဖန်တီးနေခြင်းမှာ အမေရိကန်အတွက် အရှုံးမရှိဘဲ အမြတ်ချည်းဖြစ်လိမ့်မည်ဟု တွက်ဆနေဟန်တူသည်။
သို့သော်လည်း ကမ္ဘာ့နိုင်ငံရေးသည် ယခင် စစ်ပြီးခေတ်၊ စစ်အေးကာလနှင့် မတူညီဘဲ များစွာပြောင်းလဲခဲ့ပြီဖြစ်ပါသည်။ ထင်ရှားချက်မှာ ၂၁ ရာစုတွင် ပါဝါစင်တာများ ပိုမိုများပြားလာပြီး သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများ၊ စီးပွားရေး ချိန်ခွင်လျှာများ လုံးဝခြားနားစွာ ပြောင်းလဲခဲ့ပြီဖြစ်ပါသည်။ စစ်အေးပုံစံသစ်သို့ရောက်ရှိနေပြီဖြစ်သည့် ကမ္ဘာ့နိုင်ငံရေးတွင် မည်သည့်အင်အားကြီးနိုင်ငံမှ အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အရှုပ်ထဲတွင် တတ်နိုင်သမျှရှင်းအောင်နေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်နိုင်ကြရန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
34060523