နိဒါန်း
အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအစိုးရအား စီးပွားရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများပြုလုပ်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်လာခြင်းနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အနောက်နိုင်ငံများသည် မြန်မာနိုင်ငံတွင် တပ်မတော်မှ အာဏာထိန်းထားမှုနှင့် ပတ်သက်၍ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိပါသည်။ ဤသို့ လုပ်ဆောင် နေချိန်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအား ဆက်လက်ထိန်းသိမ်းထားရှိပြီး ၎င်းတို့၏ ကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများမှ လူသုံးကုန်ပစ္စည်းများအထိ ဈေးကွက်ချဲ့ထွင်မှုများ ပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Chen Hai နှင့် နေပြည်တော်တွင် ဩဂုတ် ၃၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေးနှင့် ပူးတွဲစီမံကိန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။
ယခုလတွင် ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် မတက်ရောက်ခြင်းသည် ၎င်း၏တရုတ်နိုင်ငံဘက်သို့ ယိမ်းယိုင်သော ဆက်ဆံရေးရှိသည့်အချက်ကို သိသာစေပါသည်။ မြန်မာ့တပ်မတော်မှ အစိုးရအဖြစ် တာဝန်ယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကို ခွင့်ပြုပေးခဲ့ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၅၅ ရာခိုင်နှုန်း၊ သို့မဟုတ် ဒေါ်လာ ၃ ဘီလီယံရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ အင်စတီကျုမှ ပြောကြားခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန် ရှိသူများက မြန်မာနိုင်ငံကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်ပြည်မကြီးကို ဆက်သွယ် ပေးမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းကို တည်ဆောက်နိုင်ရန် ကြိုးပမ်း လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ရထားလမ်းနှင့် ဆိပ်ကမ်းတည်ဆောက်ရေး တို့တွင် တရုတ်နိုင်ငံကုမ္ပဏီများက ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ Union Resources & Engineering နှင့် Yunnan Energy Investment တို့သည် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်လျက်ရှပြီး အဆိုပါ စက်ရုံသည် ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ၁.၄ ဂစ်ဂါဝပ်ခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည်COVID-19 ကပ်ရောဂါကြောင့် ၎င်း၏ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းကို အကန့်အသတ်ဖြင့် ဆောင်ရွက်နေခဲ့ရ သော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်း လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အရေးပါလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ယခုအခါတွင် မြန်မာ့အထည်ချုပ်လုပ်ငန်းများ၌ တရုတ်နိုင်ငံက လွှမ်းမိုးလျက် ရှိကြောင်း၊ ကနဦးတွင် မြန်မာ့တပ်မတော်မှအာဏာထိန်းပြီးနောက် ဖြစ်ပေါ်လာသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တရုတ်နိုင်ငံမှ အထည်ချုပ်စက်ရုံအချို့ကို ပိတ်ခဲ့ရ သော်လည်း ယခုအခါ တရုတ်နိုင်ငံအထည်ချုပ်စက်ရုံများသည် မြန်မာ့တပ်မတော်မှ အာဏာမထိန်းမီထက်ပင် ပိုမိုများပြားလျက်ရှိနေပါသည်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ စာရင်းအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ အထည်ချုပ် စက်ရုံပေါင်း ၃၀၀ ကျော်ရှိပြီး အထည်ချုပ်စက်ရုံအားလုံး၏ ထက်ဝက်ကျော်မှာ လည်ပတ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံမှကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဈေးကွက်သို့ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိပါသည်။ စင်ကာပူနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံပိုင် အဖျော်ယမကာကုမ္ပဏီ Fraser and Neave(F&N) သည် မြန်မာနိုင်ငံတွင် အရက်လိုင်စင်နှင့် မြေအသုံးချမှု အခွင့်အရေးများရရှိရန် စင်ကာပူဒေါ်လာ ၁၉.၂ သန်း(ဒေါ်လာ ၁၄.၁ သန်း) သုံးစွဲမည်ဟု ဇူလိုင်လတွင် ပြောကြားခဲ့ပြီး ပြည်တွင်းကုမ္ပဏီ တစ်ခုနှင့်ပူးတွဲ၍ ဘီယာချက်စက်ရုံကို တည်ဆောက်မည်ဖြစ်ပါသည်။ F&N ကုမ္ပဏီသည် Thai Beverage မှထုတ်လုပ်သည့် Chang Beer ကို ၂၀၁၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဝယ်ယူသုံးစွဲခြင်း ပြန်လည်ကောင်းမွန်လျက်ရှိပြီး S&P Global ၏ ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအား စီမံခန့်ခွဲမှုအညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ၇ လဆက်တိုက် ထိပ်ဆုံး ၅၀ တွင် ရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရာတွင် ကူညီပေးသူ Shinsuke Goto က ထိုင်းနိုင်ငံမှ ကုမ္ပဏီများသည် ၎င်းတို့ နိုင်ငံတွင် လုပ်ခလစာတိုးမြင့်လာမည်ကို စိုးရိမ်သည့်အတွက် အလုပ်သမား ကုန်ကျစရိတ် သက်သာသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဦးတည်လာခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ စွမ်းအင်ကုမ္ပဏီများကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဝင်ရောက်လာကြပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံကုမ္ပဏီ Eneos Holdings နှင့် မလေးရှားနိုင်ငံကုမ္ပဏီ Petronas တို့မှ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက် ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံမှ Northern Gulf Petroleum က လုပ်ပိုင်ခွင့်များရယူခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးပင်လယ်ရေအောက်ဓာတ်ငွေ့သိုက်ဖြစ်သည့် ရတနာစီမံကိန်း၌ အဓိကအော်ပရေတာအဖြစ် လုပ်ဆောင်နေသည့် ပြင်သစ်နိုင်ငံစွမ်းအင်ကုမ္ပဏီ Total Energies ထွက်ခွာသွားပြီးနောက် ထိုင်းနိုင်ငံ၏ အစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PTT သည် ၎င်းနေရာအား လွှဲပြောင်းရယူခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ကို ဝယ်ယူမှုသည် မြန်မာ့တပ်မတော်အတွက် အထောက်အပံ့ဖြစ်စေနိုင်သည်ဟု အချို့က ဝေဖန်ကြသော်လည်း ထိုင်းနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့၏ ၁၅ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှ ရရှိခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူမှုဖြင့် အာဏာရလာခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် ယခင်ထိုင်းနိုင်ငံအစိုးရသည် မြန်မာ့တပ်မတော် အစိုးရ အပေါ် နားလည်မှုသဘောထားရှိသည်ကို ပြသခဲ့ပါသည်။ ယခု ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် Srettha Thavisin ၏ ညွန့်ပေါင်းအစိုးရအဖွဲ့မှ စွမ်းအင်ဝန်ကြီးကလည်း မြန်မာနိုင်ငံ အပေါ် ထိုင်းနိုင်ငံ၏ စွမ်းအင်မူဝါဒကို ဆက်လက်ဆောင်ရွက်သွားရန် အကြံပြုထားပါသည်။ အခြားတစ်ဖက်တွင်မူ ဥရောပနိုင်ငံစုံမှ ကုမ္ပဏီများက မြန်မာ့ဆက်သွယ်ရေးနှင့် စွမ်းအင် ကဏ္ဍများသည် တပ်မတော်နှင့် နီးကပ်စွာချိတ်ဆက်နေသည်ဟူသော အကြောင်းပြချက်ဖြင့်ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းကုမ္ပဏီများသည် မြန်မာနိုင်ငံစီးပွားရေး၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်းတွင် ၎င်းတို့၏ ပါဝင် ပတ်သက်မှုကို လျှော့ချလျက်ရှိပြီး ဆွီဒင်နိုင်ငံမှ H&M သည် မြန်မာနိုင်ငံထုတ် အဝတ်အထည်များအတွက် အမှာစာများကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားမည်ဟု ပြောကြားခဲ့သော်လည်း ၂၀၂၁ ခုနှစ် မေလခန့်မှစ၍ ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Zara fast-fashion ဆိုင်ခွဲ၏ အော်ပရေတာဖြစ်သော Spain's Inditex သည်လည်း လုပ်ခလစာ တိုးမြင့်တောင်းခံသည့် အလုပ်သမားများကို အာဏာပိုင်များမှ အလုပ်ထုတ် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အပြီး ဇွန်လတွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပါသည်။ မြန်မာ့တပ်မတော်မှ အာဏာထိန်းပြီးနောက် H&M နှင့် Inditex တို့သည် မြန်မာနိုင်ငံမှ အဝတ်အထည်များကို မှာယူမှုရပ်တန့်လိုက်ပါက ဒေသခံအလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းများဆုံးရှုံးပြီး အခြေအနေပိုမိုဆိုးရွားစေနိုင်သည်ဟူသော အကြောင်း ပြချက်ဖြင့် ဆက်လက်လုပ်ကိုင်နေကြကြောင်း ဖော်ပြထားပါသည်။
တစ်ချိန်တည်းတွင် Kirin Holdings ဂျပန်နိုင်ငံအဖျော်ယမကာကုမ္ပဏီနှင့် Eneos ကုမ္ပဏီတို့က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်နိုင်ငံကုမ္ပဏီ ၄၀၀ ခန့်မှ အများစုသည် စောင့်ကြည့်၍ ဆက်လက်လုပ်ကိုင်လျက်ရှိကြပါသည်။ ဂျပန်နှင့် မြန်မာနိုင်ငံ တို့သည် ခင်မင်ရင်းနှီးသော သမိုင်းကြောင်းရှိကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေပိုမိုကောင်းမွန်လာပါက ဈေးကွက်ကြီးထွားလာမည့် အလားအလာရှိသည်ဟု ဆိုပါသည်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီအိမ်ရာတို့ပါဝင်သော ရန်ကုန်မြို့ရှိ ကြီးမားသည့် အိမ်ခြံမြေစီမံကိန်းတစ်ခုဖြစ်သည့် Yoma Central သည် ယခုအချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။ Toyota Motor သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံမှစက်ရုံအား စတင်လည်ပတ်လျက်ရှိပြီး နေ့စဉ် ကားအစီးရေလေးစီးမှ ငါးစီးအထိ တိုးတက် ထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထားသောကုမ္ပဏီများအနေဖြင့် အရင်းအနှီးများ စိုက်ထုတ်ထားရသောကြောင့် ကုမ္ပဏီများ ထွက်ခွာဖို့ ဆုံးဖြတ်နိုင်ရန် ခက်ခဲလျက်ရှိပြီး မြန်မာနိုင်ငံတွင် လုပ်သားစရိတ် နည်းပါးသည့်အတွက်ကြောင့် ကုန်ထုတ်လုပ်မှုနှင့် ကုန်ထုတ်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကဲ့သို့သော အချို့စက်မှုလုပ်ငန်းများ ဆက်လက်လည်ပတ်နေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မြန်မာနိုင်ငံအား အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူနေချိန်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေးဈေးကွက်များချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ထွက်ခွာ သွားသော အနောက်အုပ်စုကုမ္ပဏီများ၏နေရာတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများက အစားထိုးဝင်ရောက်လျက်ရှိသကဲ့သို့ ကျန်ရှိနေသည့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများသည်လည်း ကုမ္ပဏီများ၊ စက်ရုံများ ပုံမှန်လည်ပတ်နေကြောင်း ထောက်ပြ ရေးသားထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လုပ်ခ/လစာ သက်သာနေခြင်းမှာ အားသာချက်တစ်ခုဖြစ်နေသည့်အတွက် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု များသည် အရာမရောက်နိုင်ကြောင်းလည်း သွယ်ဝိုက်၍ ထောက်ပြရေးသားထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် အထူးစီးပွားရေးဇုန်များတွင်အဓိကရင်းနှီးမြှုပ်နှံထားသော ဂျပန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုများ မဆုံးရှုံးစေရန် စောင့်ကြည့်ထိန်းသိမ်း၍ စီးပွားရေးလုပ်ငန်းများအား ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် လုပ်အားခသက်သာခြင်း၊ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိနေခြင်း၊ အကျိုးအမြတ်ရရှိနိုင်ခြင်းတို့ကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့ထားမှုကို ချိန်ဆ၍ တိုးချဲ့လုပ်ကိုင်လာခြင်းလည်း ဖြစ်ပါသည်။ အနောက်အုပ်စု များ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတို့မှ စွန့်ခွာခြင်းသည် ဒေသအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းကို မြှင့်တင်ပေးသကဲ့ဖြစ်နေပြီးမြန်မာနိုင်ငံစီးပွားရေးကဏ္ဍတွင် ထိုနိုင်ငံများမှ ယခင်ကထက် ပိုမိုလွှမ်းမိုးလာနိုင်သည့် အလားအလာလည်း ရှိနေပါသည်။
သို့ရာတွင် သမိုင်းကြောင်းဆိုင်ရာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်မည် ဆိုပါက တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အဖုအထစ်၊ အတက်အကျများရှိခဲ့သည့် အချိန်ကာလများရှိခဲ့ပြီး ထိုအချိန်များတွင် ၎င်းနိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်ဒေသမတည်ငြိမ်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ၊ စီးပွားရေးလမ်းကြောင်း ပိတ်ဆို့မှုများ တွေ့ကြုံခဲ့ရသည့် အစဉ်အလာများလည်း ရှိနေပါသည်။ အခြားတစ်ဖက်မှ ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်နေချိန်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် အထောက်အကူဖြစ်သည်မှာ မှန်သော်လည်း လိုအပ်သည်ထက် မှီခိုအားထားရသည့် အခြေအနေတစ်ခုသို့ မရောက်ရှိ စေရန် အခြားရင်းနှီးမြှုပ်နှံမှုများဖြင့် ထိန်းညှိထားနိုင်ရန်မှာ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
110091923
[1]။ “In Myanmar, Chinese And Thai Companies Fill Economic Vacuum”. Nikkei Asia. 10 September 2023 [ /https://asia.nikkei.com/.../In-Myanmar-Chinese.../]-accessed on 11 September 2023.