Sunday, July 9, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် အင်အားကြီးနိုင်ငံများ၏ သက်ရောက်နေမှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ အခြေအနေ၊ လက်ရှိအစိုးရနှင့် အိန္ဒိယ၊ အမေရိကန်၊ တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးအခြေအနေများ၊ ၎င်းနိုင်ငံကြီးများ၏ ဖိအားနှင့်လုပ်ဆောင်ချက်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လာမည့်ရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်မှု အလားအလာများနှင့် ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
တွေ့ရှိချက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် Awami League (AL) အစိုးရသည် ၎င်း၏ Legitimacy အတွက် ဘေးကျပ်နံကျပ်ကာလဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ AL ၏ အကြီးမားဆုံး အတိုက်အခံပါတီဖြစ်သည့် Bangladesh National Party (BNP)နှင့် ၎င်း၏ မဟာမိတ် ဖြစ်သည့် Jamaat-e-Islami Bangladesh (JIB) ပါတီတို့က ကြားဖြတ်အစိုးရဖွဲ့စည်း၍ ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုမှုကို အစိုးရဘက်ကပယ်ချခြင်းကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပါသည်။ JIB ထိပ်ပိုင်းခေါင်းဆောင်များကို AL အစိုးရမှဖွဲ့စည်းထားသော နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှ တရားစွဲဆိုခဲ့သည့်အတွက် ပါတီ ခေါင်းဆောင်များနှင့် ပါတီအရေး တက်ကြွလှုပ်ရှားသူများက ပြင်းထန်စွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ အဆိုပါ ဆန္ဒပြမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံရေးအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်နှစ်များအနက်မှ လူအသေအပျောက် အများဆုံးဖြစ်ပြီး ပြည်သူ ၅၀၀ ကျော် အသေအပျောက်ရှိခဲ့ပါသည်။ ထိုသို့ ပြည်တွင်း၌ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အဆိုပါရွေးကောက်ပွဲကို ဆန့်ကျင်နေသည့်ကြားမှ AL အစိုးရအနေဖြင့် ၎င်း၏ အစီအစဉ်ဖြင့်ပင် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ AL ပါတီအနေဖြင့် အတိမ်းအစောင်းမခံသော အခြေအနေများကြောင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ အထောက်အပံ့ကို ရယူရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sujata Singh သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina၊ စစ်ဘက်အကြီးအကဲဟောင်း (Military Director General) Hussein Muhammad Ershad၊ BNP ပါတီခေါင်းဆောင် Khaleda Zia တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ Singh ၏ ခရီးစဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း ပုံဖော်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့ပါသည်။ Singh နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စတုတ္ထအကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် Jatiya Party (JP) ဥက္ကဋ္ဌ Ershad ၏ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်နှင့် ပါဝင် ဆောင်ရွက်မှုများ ပြောင်းလဲသွားခဲ့ပါသည်။
ထို့ပြင် Singh ၏ ခရီးစဉ်အတွင်း အရေး ပါသည့် အသိပေးချက်နှစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ပထမအသိပေးချက်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ကျယ်ပြန့်သည့်ပါတီနိုင်ငံရေးကို တိုးမြှင့်ဖော်ဆောင်နိုင်ရန်အတွက် JP ပါတီကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေလိုပြီး၊ JP ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက နိုင်ငံအတွင်း၌ အစ္စလာမ္မစ် အင်အား ကြီးထွားလာသည့် အန္တရာယ်ကြုံတွေ့လာရနိုင်သည်ဟု အကြံပြုခဲ့ပါသည်။ ဒုတိယ အသိပေးချက်အနေဖြင့် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထိုသတိပေးချက်များကို ကြည့်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲအရည်အသွေးကို ပဓာနမထားဘဲ AL အစိုးရ၏ ဆောင်ရွက်ချက်များကိုသာ ဦးစားပေးနေသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်ဟု ဆိုပါသည်။ ထို့ကြောင့် အတိုက်အခံပါတီများမှ ယုံကြည်မှုကင်းမဲ့ခြင်း၊ ဆန္ဒမဲထည့်ဝင်မှုနည်းပါးခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း AL သည် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့က Hasina အစိုးရကို ထောက်ခံပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံမှလွဲ၍ ကျန်ဒီမိုကရေစီ အင်အားကြီးနိုင်ငံများက ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခဲ့ကြသော်လည်း အိန္ဒိယနိုင်ငံသည် မဟာဗျူဟာမြောက် အင်အားကြီးမားသည့်နိုင်ငံဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်သည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် ၎င်းကြိုက်နှစ်သက်သည့်ပါတီအား မျက်နှာလိုက်နိုင်သည်ဟု အိန္ဒိယဂျာနယ်လစ်တစ်ဦးက မှတ်ချက်ပြုပြောကြားထားပါသည်။
Hasina သည် ၂၀၁၈ ခုနှစ်တွင်လည်း နောက်ထပ် အငြင်းပွားဖွယ် ရွေးကောက်ပွဲ တစ်ရပ်ကို ထပ်မံကျင်းပခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင်လည်း မဲမသမာမှုများ၊ မဲဆန္ဒရှင်များ အပေါ် ခြိမ်းခြောက်မှုများ၊ အတိုက်အခံ တက်ကြွလှုပ်ရှားသူများအပေါ် “War on Drugs” ခေါင်းစဉ်တပ်ပြီး ဖိနှိပ်အရေးယူခြင်းဖြင့် နိုင်ငံရေးအကျိုးအမြတ် ရယူခဲ့သည့်အတွက်ကြောင့်လက်ရှိအစိုးရ၏ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုပျက်သုဉ်းခဲ့ရပါသည်။ အဆိုပါ မသမာမှုကိစ္စများနှင့်ပတ်သက်ပြီး အဓိကတာဝန်ရှိသူမှာ Hasina လက်အောက်ရှိ အကြီးအကဲတစ်ဦးဖြစ်သူ Benazir Ahmed ဖြစ်သည်ဟုဆိုပါသည်။
အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် Hasina ကို ပွင့်လင်းစွာထောက်ပံ့ပေးခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အတိုက်အခံ နိုင်ငံရေးလောကနှင့် ပြည်သူများက မကျေနပ်ကြပါ။ Hasina သည် ထိုသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးတွင် အိန္ဒိယနိုင်ငံပါဝင်ပတ်သက်နေမှုကို အသုံးချကာ တရုတ်နိုင်ငံကိုလည်း နိုင်ငံရေးတွင် ဝင်ကစားစေခဲ့ပါသည်။ ဤနည်းလမ်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်၊ အိန္ဒိယနှင့် အနောက်အုပ်စုဝင်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နိုင်ငံ) အကြား ထိန်းညှိ ကစားနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုအခါဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၌ ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့်အတွက် ယခင်ရွေးကောက်ပွဲများနည်းတူ နိုင်ငံရေးအကျပ်အတည်းများကို ရင်ဆိုင်နေရပါသည်။ Hasina အစိုးရ အနေဖြင့် အတိုက်အခံများဘက်က တောင်းဆိုသည့် ကြားနေအိမ်စောင့်အစိုးရ၏ဦးဆောင်မှုဖြင့်မျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးရန်ကိစ္စကို လျစ်လျူရှုပြီး ၎င်း၏ ဦးဆောင်မှုဖြင့်သာ ရွေးကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိပါသည်။ အတိုက်အခံများ အနေဖြင့်လည်း ဆန္ဒပြမှုများကို အရှိန်မြှင့်ဖော်ဆောင်ရန် စီစဉ်နေပြီး AL အနေဖြင့် ယခင်ရွေးကောက်ပွဲ ၂ ရပ်ကဲ့သို့ အင်အားသုံးနှိမ်နင်းမှုပြုလုပ်ရန်မှာ ထင်သလောက် မလွယ်ကူနိုင်ကြောင်း ဖော်ပြထားပါသည်။
ယခုအခါ ပြည်နယ်ကိုယ်စားလှယ်များအနေဖြင့်လည်း ယခင်ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုများကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုများကြောင့် ယခုလာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတိထားဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနသည် ဘင်္ဂလားဒေ့ရှ်အရန်တပ်ဖွဲ့ Rapid Action Battalion (RAB) နှင့် RAB ၏ အရာရှိကြီး ၆ ဦးကို လူ့အခွင့်အရေးဆိုင်ရာအရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရာရှိကြီး ၂ ဦးကို ဗီဇာ ပိတ်ပင်မှုပြုလုပ်ခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေးယူ ပိတ်ဆို့မှုစာရင်းတွင် ရောက်ရှိနေပြီဖြစ်သည်ဟု ဆိုသည်။ ကနေဒါနိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံနည်းတူ အရေးယူမှုများ လုပ်ဆောင်လာနိုင်ကြောင်းနှင့် အဆိုပါဆုံးဖြတ်ချက် အတွက် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အတိုက်အခံပါတီများ၏ ထောက်ခံမှုကိုလည်း ရရှိကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၏ ဖိအားများကို တုံ့ပြန်သည့်အနေဖြင့် Hasina အစိုးရက အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏အစိုးရအဖွဲ့ကို ဖြုတ်ချရန် ကြိုးပမ်းနေသည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါသည်။ Hasina အနေဖြင့် သူမ၏ လူသိများမှုကို တစ်လွဲအသုံးချနေခြင်ဖြစ်ပြီး သူမ၏အစိုးရအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများ တွင်လည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးရန် ပျက်ကွက် ခဲ့ပါသည်။ လက်တွေ့တွင် အမေရိကန်နိုင်ငံအနေဖြင့်လည်း Hasina ၏ နိုင်ငံရေး ဖိနှိပ်မှုများနှင့် ရွေးကောက်ပွဲမသမာမှုများကို ထိရောက်စွာ တားဆီးရန်ဆန္ဒမရှိသကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးကို ဗိုလ်ကျ လွှမ်းမိုးမှုများအားလုံးနှင့် အင်အားသုံး၍ နိုင်ငံရေးဆောင်ရွက်ခြင်းများကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး Hasina ကို ထောက်ခံအားပေးလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ထုတ်ဖော် ပြောကြားထားခြင်း မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဆင့်မြင့်အရာရှိများ စေလွှတ်၍ အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ အရှိန်မြှင့်နေကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တရားဝင်ချဉ်းကပ်မှုများ မသိမသာပြောင်းလဲနေခြင်းသည် အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်နီးကပ်သည့် မဟာမိတ်ဖြစ်နေခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများ တိုးလာခြင်းကြောင့် ဖြစ်ပါသည်။ ထို့ပြင် အမေရိကန်အဆင့်မြင့်အရာရှိကြီးများ အနေ ဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြိမ်ကြိမ်လာရောက်နေကြပြီးControl Risk ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစိန်ခေါ်မှု သုတေသနအဖွဲ့များက Hasina အစိုးရအလွန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များအတွက် ပြင်ဆင်ထားရန် အကြံပြုနေကြပါသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးတွင် ပါဝင်နေသည့် အိန္ဒိယ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အခန်းကဏ္ဍက ၎င်းနိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်သည်ဟု ဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လာမည့်ရွေးကောက်ပွဲသည် ၎င်းနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို အဆုံးအဖြတ် ပေးနိုင်ရုံသာမက နိုင်ငံတကာဆက်ဆံရေးနှင့် ဒေသတွင်း အခင်းအကျင်းများကိုလည်း သက်ရောက်စေနိုင်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် Hasina အစိုးရ အာဏာရရှိခဲ့သည့်အချိန်မှစ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရွေးကောက်ပွဲအခြေအနေများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖော်ပြထားပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း နိုင်ငံအတွင်း၌မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် Hasina အစိုးရအနေဖြင့် အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ထိန်းညှိကစား၍ ၎င်း၏နိုင်ငံရေး အကျိုးစီးပွားကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သွယ်ဝိုက်၍ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ မည်သို့ပင်ဖြစ်စေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးတွင် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုများရှိနေသည်ကို တွေ့မြင်ရပြီး အိန္ဒိယနိုင်ငံအနေဖြင့် ပထဝီဝင်အနေအထားအရလည်းကောင်း၊ သမိုင်းကြောင်း ဆိုင်ရာ ပတ်သက်မှုကြောင့်လည်းကောင်း လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်ကြောင်း တွေ့ရှိ ရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှလည်း BRI ၏ အစိတ်အပိုင်း အဖြစ် လမ်း၊ တံတားတည်ဆောက်ရေး၊ စက်မှုဇုန်နှင့် ဆိပ်ကမ်းများမြှင့်တင်ရေးများလုပ်ဆောင်နေရုံသာမက စစ်ရေးဆိုင်ရာ Platform များတွင်လည်း ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများ ပြုလုပ်နေပါသည်။ လျှပ်စစ်မီးရရှိရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ယခုနှစ်တွင် နျူးကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်ရန် ဆောင်ရွက် နေသည်ကိုလည်း တွေ့ရှိရပါသည်။ သုံးသပ်ရပါသော် Hasina အနေဖြင့် အင်အားကြီးနိုင်ငံများအား ၎င်းနိုင်ငံအတွင်း အပြန်အလှန်အားပြိုင်စေခြင်းဖြင့် ထိန်းကျောင်းထားပြီး သူမ၏ နိုင်ငံရေးအကျိုးအမြတ်အတွက်လည်း ပါးနပ်စွာ အသုံးချနိုင်နေသည်ဟု ဆိုရပါမည်။ ထို့ကြောင့် ရွေးကောက်ပွဲမသမာမှုနှင့် အငြင်းပွားမှုများတွင် မြန်မာနိုင်ငံနှင့် တူညီနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေးရလာဒ်များမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

59100723