နိဒါန်း
အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)က မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယသောင်းကျန်းသူအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ပုန်ကန်ထကြွရန် နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုအား ထုတ်ဖော်ခဲ့ပြီး ၎င်းနှင့်စပ်လျဉ်း၍ စစ်သွေးကြွ တော်လှန်ရေးလှုပ်ရှားသူဟောင်း Moirangthem Anand Singh နှင့် အပေါင်းအပါ ၄ ဦးကို ဖမ်းဆီးခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးမငြိမ်သက်မှုများအား အသုံးချကာ အိန္ဒိယနိုင်ငံကို ပုန်ကန်ထကြွရန် မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယသောင်းကျန်းသူ အဖွဲ့ဦးဆောင်သည့် နိုင်ငံဖြတ်ကျော်ပူးပေါင်းကြံစည်မှုပြုလုပ်နေသည်ဟု အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (National Investigation Agency -NIA) က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ NIA ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် အသက် ၄၅ နှစ်အရွယ်ရှိ လေ့ကျင့်သင်ကြားထားသော စစ်သွေးကြွတော်လှန်ရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် Moirangthem Anand Singh အား စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပါသည်။ NIA တရားရုံးက ၎င်းနှင့် အခြား ၄ ဦးကို မဏိပူရ ရဲတပ်ဖွဲ့၏ ရဲယူနီဖောင်းကို အလွဲသုံးစားမှု၊ အယောင်ဆောင်မှုနှင့် လက်နက်များ လက်ဝယ် ထားရှိမှုတို့ဖြင့် တရားစွဲဆိုပြီးနောက် မကြာမီတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး ခဲ့ကြောင်း ဖော်ပြထားပါသည်။
Singh နှင့်အတူ အခြား ၄ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် Imphal ချိုင့်ဝှမ်းတွင် ဆန္ဒပြမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ပါသည်။ ၎င်းတို့သည် ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်းများသာဖြစ်သည်ဟု အခိုင်အမာပြောဆိုကာ ဆန္ဒပြသူများသည် Imphal ချိုင့်ဝှမ်းအား ပိတ်ဆို့၍ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၄၈ နာရီကြာ သပိတ်မှောက်ခဲ့ကြပါသည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဆန္ဒပြသည့် လူအုပ်ကြီးသည် Singh နှင့်အတူ အခြား ၄ ဦးကို ခြွင်းချက်မရှိ လွှတ်ပေးရန်တောင်းဆိုခဲ့ပြီး ရဲစခန်းနှင့် တရားရုံးသို့ အတင်းအကျပ် ဝင်ရောက်ရန်ပင် ကြိုးစားခဲ့ကြပါသည်။ Singh သည် ပိတ်ပင်ခံထားရသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ တော်လှန်ရေး လှုပ်ရှားသူဟောင်းတစ်ဦးဖြစ်ပြီး (၆)ကြိမ်တိုင် (၁၉၉၇ ခုနှစ်၊ ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ နှစ်များတွင်) ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။ နောက်ပိုင်းတွင် Singh သည် Kangleipak ကွန်မြူနစ်ပါတီ(Noyon) အဖွဲ့တွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အစိုးရရုံးတစ်ခုမှ ငွေညှစ်သည်ဟု စွပ်စွဲကာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး National Security ဥပဒေဖြင့် ထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြ ထားပါသည်။
NIA ၏ ဩဂုတ်လ ၁၆ ရက်နေ့ ပြောကြားချက်အရ Singh ကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် လူမျိုးရေးမငြိမ်သက်မှုများကို အသုံးချပြီး အိန္ဒိယအစိုးရအား ပုန်ကန်ထကြွရန် မြန်မာနိုင်ငံကို အခြေပြုသည့် နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုနှင့်ပတ်သက်ပြီး ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါအမှုကို ဇူလိုင် ၁၉ ရက်နေ့က နယူးဒေလီမြို့တွင် NIA မှ ၎င်း၏ ကိုယ်ပိုင် အဆိုပြုချက်ဖြင့် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပါသည်။ Singh ကို စနေနေ့တွင် နယူးဒေလီရှိ တရားရုံးရှေ့မှောက်တွင် ရုံးထုတ်ခဲ့ပြီး ငါးရက်ကြာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း၍ ရမန်ယူခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားလူမျိုးစုများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အင်အားတိုးမြင့်လာစေရန် မြန်မာနိုင်ငံအခြေစိုက် သောင်းကျန်းသူ အဖွဲ့၏ ခေါင်းဆောင်များသည် မြေပြင်ထောက်ပံ့ရေးအလုပ်သမားများ၊ တော်လှန်ရေး လှုပ်ရှားသူများနှင့် ထောက်ခံသူများအား ခေါ်ယူစုဆောင်းနေသည်ကို စုံစမ်းစစ်ဆေး သိရှိရသည်ဟု အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ သောင်းကျန်းသူ ခေါင်းဆောင်များသည် အစိုးရအဆောက်အအုံများနှင့် အရင်းအမြစ်များမှ ခိုးယူခြင်း၊ လုယက်ခြင်းအပါအဝင် ဥပဒေမဲ့နည်းလမ်းများဖြင့် လက်နက်များ၊ ခဲယမ်းမီးကျောက် များနှင့် ဖောက်ခွဲရေးပစ္စည်းများ စုဆောင်းနေကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ အရှေ့မြောက်ဒေသရှိ သောင်းကျန်းသူများ စာရင်းတွင် မဏိပူရပြည်နယ်မှ အဓိကသောင်းကျန်းသူအဖွဲ့အစည်း ၈ ခုကို စာရင်း ပြုစုထားပါသည်။ ၎င်းတို့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ၎င်း၏ နိုင်ငံရေးဝါဒီတော်လှန်ရေးပြည်သူ့တပ်ဦး(RPF)၊ ညီညွတ်သောအမျိုးသားလွတ်မြောက်ရေး တပ်ဦး(UNLF)နှင့် ၎င်း၏ လက်နက်ကိုင်မဏိပူရပြည်သူ့တပ်မတော်(MPA)၊ Kangleipak ပြည်သူ့တော်လှန်ရေးပါတီ(PREPAK)နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ Red Army ၊ Kangleipak ကွန်မြူနစ်ပါတီ(KCP)နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ Red Army ၊ Kanglei Yaol Kanba Lup (KYKL)အဖွဲ့၊ ညှိနှိုင်းရေးကော်မတီ(Cor-Com)အဖွဲ့၊ ဆိုရှယ်လစ်စည်းလုံး ညီညွတ်ရေးမဟာမိတ်အဖွဲ့ Kangleipak(ASUK)နှင့် မဏိပူရပြည်သူ့လွတ်မြောက်ရေး တပ်ဦး(MPLF)တို့ ပါဝင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် Moirangthem Anand Singh ဦးဆောင်သည့် မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယသောင်းကျန်းသူအဖွဲ့သည် မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွား နေသော လူမျိုးရေးမငြိမ်သက်မှုများအား အသုံးချကာ အိန္ဒိယနိုင်ငံကို ပုန်ကန်ထကြွရန် ကြိုးပမ်းမှုကြောင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းအိန္ဒိယနိုင်ငံသည် သမိုင်းအစဉ်အလာအရ နယ်စပ်ရေးရာ ပြဿနာများရှိခဲ့သော်လည်း လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အခွင့်ကောင်းယူ၍ နယ်စပ်ဖြတ်ကျော်မှုများ၊ လူမျိုးရေးဆန္ဒပြမှုများနှင့် ပုန်ကန်ထကြွမှုများ တိုးမြှင့်လုပ်ဆောင် လာခြင်းဖြစ်ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N. Biren Singh သည် အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးအား ကီလိုမီတာ ၇၀ တိုးချဲ့ရန်အစီအစဉ်ကို နယ်စပ် လမ်းများအဖွဲ့ Border Roads Organisation (BRO)နှင့် ပြည်နယ်၏ အခြားအကြီးတန်း အရာရှိများတို့ တွေ့ဆုံစဉ် ဆွေးနွေးမှုပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။[2] ပြည်နယ် ဝန်ကြီးချုပ်သည် အပြည်ပြည်ဆိုင်ရာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းကို နယ်စပ် ဖြတ်ကျော် တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုအား စစ်ဆေးရန် အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ Act Eastမူဝါဒတစ်စိတ်တစ်ပိုင်း ဖြစ်သည့် လွတ်လပ်သောလှုပ်ရှားမှုအစီအမံ Free Movement Regime (FMR) အရ ဗီဇာမပါဘဲ နှစ်နိုင်ငံစလုံးမှ ပြည်သူများသည် နယ်စပ်ဒေသ ၁၆ ကီလိုမီတာအတွင်း ဝင်ရောက်သွားလာနိုင်ရန် ခွင့်ပြုပေးထားခြင်းအားပိတ်ပင်ရန် ဆွေးနွေးခဲ့ကြပါသည်။
အိန္ဒိယနိုင်ငံသည်၎င်း၏ Act East မူဝါဒအရ ဒေသအတွင်း စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးတို့အား တိုးမြင့်စေရန် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးစီမံကိန်းများ ဆောင်ရွက်ခြင်း၊ ကုလားတန်မြစ်စီမံကိန်းအပါအဝင် အခြား စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံနှင့်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ခြင်းအား ပြုလုပ်ခဲ့ပါသည်။ နယ်စပ်ဒေသအရေးတွင် လွတ်လပ်သော လှုပ်ရှားမှုအစီအမံ(FMR)ကို ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်းယခုအခါတွင် နယ်စပ်ဒေသ၌ ပြဿနာများမြင့်တက်လာသဖြင့် ထိုစီမံကိန်းများနှင့် ဖွံ့ဖြိုး တိုးတက်မှုများအတွက် အနုတ်လက္ခဏာဆောင်သည့် သဘောထားများ ဖြစ်ပေါ်လျက် ရှိသည်ဟု ယူဆရပါသည်။
အိန္ဒိယနိုင်ငံဗဟိုအစိုးရအပေါ် ပြည်နယ်အစိုးရများမှ နှစ်နိုင်ငံနယ်စပ်ခွထိုင်နေသော လူမျိုးစုလက်နက်ကိုင်များလှုပ်ရှားမှုနှင့် ဘာသာရေးပဋိပက္ခ အဆက်မပြတ်ဖြစ်ပေါ်လာမှု များကြောင့် မကျေနပ်ချက်များဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ ယခုအိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ခြံစည်းရိုးကာရံခြင်း၊ လွတ်လပ်သောလှုပ်ရှားမှုအစီအမံ(FMR)အား ပိတ်ပင်လိုက်ခြင်းများသည် မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိဆိုသည့်အချက်မှာ မရှင်းလင်းသော်လည်းမြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးအား အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလာနိုင်သည်ဟု ယူဆပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးထိန်းသိမ်းရန်၊ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေးကိုရှေးရှုရန်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လိုသည့် (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်နေသည့် သံတမန်ရေးအခင်းအကျင်းကို ပုံဖော်ရန်မှာ ထိုနိုင်ငံများ၏ မွေးရာပါတာဝန်နှင့် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
120031023
[1]။ Prabin Kalita,“Myanmar-Based Rebels Trying to Exploit Manipur Unrest to Wage War, Says NIA”. The Times of India. 24 September 2023, [/https://timesofindia.indiatimes.com/city/Guwahati / myanmar-based-indian-rebels-trying-to-exploit-unrest-to-wage-war-nia/articleshow/ 103900632.cms /]
[2]။ Snehashish Roy,“Manipur CM discusses fencing across India-Myanmar border; ‘urgent necessity’”. Hindustan Times. 24 September 2023, [/https://www.hindustantimes.com/.../manipur-cm-meets-top.../]