Thursday, August 10, 2023

ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အနောက်အုပ်စုဆန့်ကျင်ရေး သဘောတရား(Anti-Westernism)၊ BRICS အဖွဲ့ဝင်လိုသည့်နိုင်ငံများ များပြားလာခြင်းနှင့်ပတ်သက်ပြီးဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အနောက်အုပ်စုဝင်များကို ဆန့်ကျင်သည့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ (Global South)နိုင်ငံများ၏ လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်သည့် စိုးရိမ်ချက်များ၊ ယခင် ကိုလိုနီပြုကျင့်ခဲ့သည့် နိုင်ငံများအပေါ် မကျေနပ်ချက်များ၊ Global South နိုင်ငံများအနေဖြင့် BRICS တွင် အဖွဲ့ဝင်ဖြစ်ရန်အဆိုပြုလာမှုများနှင့် အနောက်အုပ်စုအနေဖြင့် လုပ်ဆောင်သင့်သည့်အကြံပြုချက်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ(Global South)နိုင်ငံများအနေဖြင့် မည်သည့်အင်အားကြီးနိုင်ငံဘက်မှ မလိုက်လိုသည့် သဘောထား များကြောင့် အနာဂတ် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း(World Order) ပုံဖော်မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပါသည်။ တောင်အာဖရိကတွင် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် BRICS ထိပ်သီးညီလာခံတွင် ကမ္ဘာ့နိုင်ငံများ၏ ဦးတည်ချက်နှင့်ပတ်သက်သည့် အရေးပါသောအချက်များကို ထုတ်ဖော်လာနိုင်ပြီးလက်ရှိတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံသည် BRICS အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ကြပြီး အခြားနိုင်ငံပေါင်း ၂၂ နိုင်ငံနီးပါးကလည်း BRICS နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားလျက်ရှိကြပါသည်။ BRICS ၌ အဖွဲ့ဝင်အသစ်အနေဖြင့် ပါဝင်လိုသူများတွင် Global South ထဲမှ အဓိကနိုင်ငံများ အားလုံးပါဝင်နေပြီး လာမည့်ညီလာခံတွင် BRICS နိုင်ငံများ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက)အနေဖြင့် အဖွဲ့ဝင်တိုးချဲ့မှုနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြ ထားပါသည်။
သို့သော်လည်း လက်ရှိ BRICS အမာခံ နိုင်ငံများအချင်းချင်း ဆက်ဆံရေးသည် ခိုင်မာမှု ရှိသည်ဟု မဆိုနိုင်သေးပါ။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်အရေးနှင့်ပတ်သက်၍ အငြင်းပွားနေကြပါသည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်က နှစ်နိုင်ငံနယ်စပ်ပဋိပက္ခများကြောင့် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် လူသေမှုဖြစ်ပွားခဲ့ပါသည်။ ရုရှားနိုင်ငံသမ္မတ Vladimir Putin ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(International Criminal Court-ICC)က စစ်ရာဇဝတ်မှုဖြင့် ဖမ်းဆီးရန် ဝရမ်းထုတ်ထားသည့်အတွက် ICC အဖွဲ့ဝင် နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံအနေဖြင့် ဖမ်းဆီးပေးရန် တာဝန်ရှိနေပါသည်။ ထို့ကြောင့် Putin သည် လာမည့် BRICS အစည်းအဝေးကို Video Call ဖြင့်သာ တက်ရောက်လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။ Global South နိုင်ငံများအနေဖြင့် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်နေသည့်အတွက် အပြောင်းအလဲ တစ်ခုအတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် ကြိုးပမ်းလာနိုင်ပါသည်။ ထိုအနာဂတ်အပြောင်းအလဲတွင် အထီးကျန်ဖြစ်လာနိုင်သည့်အဖွဲ့မှာ တရုတ်နှင့် ရုရှားနိုင်ငံ မဟုတ်ဘဲ အနောက်အုပ်စုဝင်နိုင်ငံများဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ကမ္ဘာ့နိုင်ငံများသည် အနောက်အုပ်စု၊ တရုတ်-ရုရှားအုပ်စုနှင့် ကြားနေအုပ်စုဟူ၍ အုပ်စု ၃ စု ကွဲနေပါသည်။ ဗြိတိန်နိုင်ငံ အခြေစိုက်သုတေသနအဖွဲ့ဖြစ်သည့် Economist Intelligence Unit ၏ မတ်လတွင် ထုတ်ပြန်ခဲ့သည့် သုတေသနအစီရင်ခံစာ၌ ပထဝီဝင်နိုင်ငံရေးအလားအလာများတွင် သိသိသာသာပြောင်းလဲနေသည်ကို ဖော်ပြနေပါသည်။ အဆိုပါအစီရင်ခံစာတွင် လွန်ခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံကိုရှုတ်ချသည့် နိုင်ငံအရေအတွက်၊ သို့မဟုတ် အနောက်အုပ်စုဝင် နိုင်ငံများကို ထောက်ခံသည့်နိုင်ငံအရေအတွက်သည် ၁၃၁ နိုင်ငံမှ ၁၁၂ နိုင်ငံသို့ ကျဆင်း ခဲ့ပြီး ရုရှားနိုင်ငံကို ကျောထောက်နောက်ခံပြုနေသည့်နိုင်ငံ၊ သို့မဟုတ် ရုရှားနိုင်ငံကို အားပေးထောက်ခံသည့်နိုင်ငံသည် ၂၉ နိုင်ငံမှ ၃၀ နိုင်ငံအထိ တိုးလာခဲ့သည်ဟု ဆိုသည်။ တောင်အာဖရိက၊ အီရန်၊ ယူဂန္ဓာ၊ မာလီ၊ ဘူကီနာဖာဆိုနှင့် ဘိုလီဗီးယားနိုင်ငံတို့သည် ရုရှားနိုင်ငံကို ထောက်ခံလာခဲ့ကြပြီး ထိုကဲ့သို့ ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ် နေပါက လက်ရှိလစ်ဘရယ်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအတွက် နောက်ထပ်ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လာ နိုင်ပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် အဆိုပါအခြေအနေကို ရပ်တန့်ပစ်ရန် လိုအပ်ပြီး ပြဿနာ၏ အကြောင်းအရင်းကို ဦးစွာရှာဖွေရမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ရဝမ်ဒါနိုင်ငံ၌ ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာညီလာခံ(Kigali Global Dialogue)တွင် Global South နိုင်ငံများ၏ အဓိက မကျေနပ်မှုများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ Kigali Global Dialogue သို့ Global South မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးစဉ်တွင် အနောက်အုပ်စုဝင် နိုင်ငံများအပေါ် ၎င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။ ထိုထုတ်ဖော်ပြောကြားခဲ့မှုများအရ Global South နိုင်ငံများ၏ အနောက်အုပ်စုဝင်နိုင်ငံများ အပေါ် မကျေနပ်သည့် အဓိကအချက် ၃ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့်အမေရိကန်နှင့် ဥရောပနိုင်ငံများ ဦးဆောင်နေသည့် ကမ္ဘာ့အခင်းအကျင်းသည် စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမြင်များကို လုံလောက်စွာ ထင်ဟပ်စေခြင်းမရှိဟု ယုံကြည် နေကြပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ တွင်လည်း အနောက်အုပ်စုဝင် ၃ နိုင်ငံပါဝင်နေသည့်အတွက် မျှတမှုမရှိဟုဆိုပြီး လူဦးရေ များပြားလှသည့် အာဖရိကနှင့် လက်တင်အမေရိကဒေသမှ နိုင်ငံများသည် အဖွဲ့ဝင် အဖြစ် ပါဝင်သင့်သည်ဟု ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့ခဲ့ခြင်းကြောင့် ဖြစ်ပေါ် လာသော စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် Global South နိုင်ငံများ၏ တည်ငြိမ်မှုကို ထိခိုက်စေသည်ဟု ရှုမြင်နေကြပါသည်။ Global South နိုင်ငံအများစုသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုများကို ဆန့်ကျင်နေကြသော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်စေလိုကြပါသည်။ အချို့က အနောက်အုပ်စုဝင်နိုင်ငံ များ၏ “Double Standard” ကျင့်သုံးနေမှုကို ထောက်ပြခဲ့ကြပါသည်။ ဥပမာအားဖြင့် ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်နှစ်ပေါင်းများစွာကြာဖြစ်ပွားခဲ့သော်လည်း အနောက် အုပ်စုဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံဖြစ်စဉ်ကဲ့သို့ တုံ့ပြန်ခြင်းမပြုလုပ်ခဲ့ဟု ဆိုသည်။ ၂၀၀၃ ခုနှစ်တွင်လည်း အမေရိကန်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မပါဝင်ဘဲ အီရတ်နိုင်ငံကို ကျူးကျော်မှုပြုလုပ်ခဲ့ပါသေးသည်။ တတိယအချက်မှာ အဓိက ကျသည့် ပြဿနာအရင်းအမြစ်များဖြစ်ပြီး Global South နိုင်ငံများအနေဖြင့် အနောက် အုပ်စုဝင်နိုင်ငံများ၏ ယခင်ကကိုလိုနီပြုခဲ့မှုများအပေါ် နက်ရှိုင်းစွာအမြစ်တွယ်နေသည့် မကျေနပ်မှုများဖြစ်ပါသည်။ ထိုသို့ ကိုလိုနီပြုကျင့်ခဲ့မှုများက Global South နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု အဆိုပါနိုင်ငံများက တညီတညွတ်တည်း မှတ်ယူထားကြကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အထက်ပါပြဿနာရပ်များသည် အသစ်အဆန်း မဟုတ် သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပါဝါနှင့်လွှမ်းမိုးမှုမြင့်မားလာသည့်နှင့်အမျှ နှစ်ပေါင်း များစွာ တအုံနွေးနွေးဖြစ်နေသည့် မကျေနပ်မှုများက ပေါက်ကွဲထွက်လာနိုင်သည်ဟု ဆိုပါသည်။ ကိုလိုနီပြုလုပ်ခဲ့သည့်နိုင်ငံများအနေဖြင့် ၎င်းတို့ပြုလုပ်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းသင့်ပါသည်။ ထိုသို့မကျေနပ်ချက်ကို အခွင့်ကောင်းယူ၍ တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ကိုလိုနီဆန့်ကျင်ရေးစည်းရုံးမှုကို အရှိန်မြှင့်လာကြပါသည်။ ရုရှားနိုင်ငံ အနေဖြင့် ၎င်း၏နိုင်ငံခြားရေးမူဝါဒတွင် ခေတ်သစ်ကိုလိုနီစနစ်(New Colonialism) ဆန့်ကျင်ရေးသဘောတရားများ ထည့်သွင်းထားပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ကိုလိုနီစနစ်ကိုဆန့်ကျင်ပြီး Global South နိုင်ငံများကို စည်းရုံးနေပါသည်။ ယခင်က ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ထိုကဲ့သို့သော သံတမန်ရေးဆိုင်ရာနည်းဗျူဟာများကို အသုံးချခဲ့ဖူးပြီး ရုရှားနိုင်ငံသည် စစ်အေးခေတ်အတွင်းကတည်းက ကိုလိုနီ ဆန့်ကျင်ရေးကို ထောက်ခံခဲ့ပါသည်။ တရုတ်နိုင်ငံသည်လည်း ၎င်း၏ အခြေခံဥပဒေနိဒါန်းတွင် အဆိုပါ မူဝါဒကို ထည့်သွင်းဖော်ပြခဲ့ပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ Global South နိုင်ငံများနှင့် ပတ်သက်သည့် လုပ်ဆောင်ချက် များကို လျစ်လျူမရှုသင့်ဘဲ အကယ်၍ လျစ်လျူရှုထားပါက အနောက်အုပ်စုနှင့် Global South နိုင်ငံများ၏ ဆက်ဆံရေးကို ဝေးကွာသွားစေနိုင်သည်ဟု ဆိုသည်။ QUAD အဖွဲ့ဝင် ဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကိုလိုနီစနစ်နှင့်ပတ်သက်၍ မကျေနပ်မှုများရှိနေပါသည်။ ထိုသို့ ကိုလိုနီပြုမှုအပေါ်နက်ရှိုင်းသည့် မကျေနပ်မှုများရှိနေသည့် Global South နိုင်ငံ များ၏ သဘောထားကို အလေးအနက်ထားခြင်းဖြင့် အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့်Global South နိုင်ငံများနှင့် အပြန်အလှန်အကျိုးရှိမည့် ဆက်ဆံရေးကို ဆွေးနွေးမှု များမှတစ်ဆင့် တိုးမြှင့်ဖော်ဆောင်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားထားချက်များအရ BRICS အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားနှင့် စည်းရုံးရေးလမ်းကြောင်းသည် Global South နိုင်ငံများဆီသို့ ဦးတည် နေကာ အောင်မြင်မှုရရှိနေပြီး အနောက်အုပ်စုနိုင်ငံများအနေဖြင့် နောက်ကောက်မကျ စေရန် ပြုပြင်သင့်သည်များကို ထောက်ပြအကြံပြုထားကြောင်း တွေ့ရှိရပါသည်။ အထူး သဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အာရှဒေသတွင်းအပြင် အာဖရိကဒေသရှိ နိုင်ငံများ ကိုပါ ၎င်းတို့၏ အင်အားစည်းရုံးရေးခြေလှမ်းများတွင် ထည့်သွင်းလာသည်ကို တွေ့ရှိရပြီး အာရပ်နိုင်ငံများအပြင် အာဂျင်တီးနားနှင့် အီရန်နိုင်ငံတို့ကလည်း လက်ရှိ အချိန်တွင် BRICS တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်လိုနေကြပါသည်။ ထို့ပြင် BRICS အဖွဲ့အနေဖြင့် သီးခြားငွေကြေးတီထွင်ဖော်ဆောင်ရန် ပြင်ဆင်နေပြီး ထိုငွေကြေး စနစ်ဖြင့် ကုန်သွယ်ရေးနှင့် အရန်ငွေကြေးစနစ်များ ဆောင်ရွက်လာပါက ဒေါ်လာ လွှမ်းမိုးမှုအား လျှော့ချနိုင်သဖြင့် အမေရိကန်နှင့် အနောက်အုပ်စုဝင်နိုင်ငံများအတွက် အထိနာစေမည်ဟု ယူဆမိပါသည်။
လက်ရှိတွင် BRICS သည် အနောက်အုပ်စု၏ လွှမ်းမိုးမှုမရှိသည့် အဖွဲ့အစည်း ဖြစ်ပြီး Global South နိုင်ငံများအားလုံးက ပူးပေါင်းပါဝင်ရန် စိတ်အားထက်သန်လျက်ရှိသော်လည်း ဦးဆောင်အဖွဲ့ဝင်များဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ် ရေးရာပဋိပက္ခများနှင့် ရုရှားနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကြောင့် အဖွဲ့ဝင် တိုးချဲ့ရေး အစီအစဉ်များတွင် စိန်ခေါ်မှုများလည်း ရှိနေမည်ဖြစ်ပါသည်။ အချုပ်အားဖြင့် လိုတစ်မျိုး၊ မလိုတစ်မျိုးမူ (Double Stanadard) နှင့် ဗိုလ်ကျလွှမ်းမိုးမှု (Hegemony) ကို ကိုင်စွဲ၍ ကမ္ဘာ့အခင်းအကျင်း ဖော်ဆောင်ထားသည့် အမေရိကန်နိုင်ငံအနေဖြင့် ကိုလိုနီပုံစံသစ် (New Colonialism) ကို ဆန့်ကျင်သည့်သဘောတရားများအား အခြေခံထားသော BRICS ကဲ့သို့ နိုင်ငံစုံအဖွဲ့၏ အဖွဲ့ဝင်များ ကျယ်ပြန့်နက်ရှိုင်းလာခြင်းကို တုံ့ပြန်နိုင်ရန် ၎င်းတို့၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို ဦးစွာပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပါသည်။
မကြာမီက ဖြစ်ပေါ်ခဲ့သော အာဖရိကနိုင်ငံများဖြစ်သည့် မာလီ၊ ဘူကီနာဖာဆို၊ နိုင်ဂျာနိုင်ငံတို့တွင် စစ်ဘက်မှအာဏာရယူပြီး ၎င်းတို့အား ကိုလိုနီပြုခဲ့သော ပြင်သစ် နိုင်ငံအပါအဝင် အနောက်အုပ်စုဝင်နိုင်ငံများကို ပြစ်တင်ရှုတ်ချ၍ အာဖရိကအား လွှမ်းမိုးရန်ကြိုးစားလာသော ရုရှားနှင့် တရုတ်နိုင်ငံတို့အား ထောက်ခံမှုပြုလုပ်နေခြင်းသည် ကိုလိုနီ ဖြစ်ခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထားကို ထင်ဟပ်စေပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲကိုလိုနီစနစ်၏ ဒဏ်ကိုခံခဲ့ရသည့် နိုင်ငံများသည် နိုင်ငံကြီးများ၏ အားပြိုင်မှုတွင် ကြားမညပ်လိုသောကြောင့် နိုင်ငံများစုပေါင်းထားသည့် နိုင်ငံတကာအဖွဲ့အစည်းတွင် ပါဝင်နိုင်ရန် လိုလားလျက်ရှိပါသည်။ ထို့ကြောင့် အနာဂတ်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ၊ ကိုလိုနီပြုခံခဲ့ရသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် သဘောထားများကို လေးစားသည့် ကမ္ဘာ့အင်အားကြီးအုပ်စုများ အင်အားကောင်းလာဖွယ်ရာရှိသည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
83081123

[1]။ HIROYUKI AKITA.“ Will anti-Westernism sweep Global South?”. Nikkei Asia, Aug 5, 2023 [https:// asia.nikkei.com/Spotlight/ Comment/ Will-anti-Westernism-sweep-Global-South/]-accessed on Aug 8, 2023