နိဒါန်း
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းနိုင်ငံရေးအခြေအနေများသည် ဒေသတွင်းရှိ အင်အားကြီးနိုင်ငံများအပေါ် သက်ရောက်လာနိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေ အလားအလာများ အကြောင်းကိုသုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် လုံခြုံရေးအခြေအနေသည် ရေရှည်တွင် အိန္ဒိယနိုင်ငံအရှေ့မြောက် နယ်စပ်ဒေသအတွက် ပထဝီဝင်ဆိုင်ရာ မဟာဗျူဟာမြောက် သက်ရောက်မှုများရှိလာနိုင်ပါသည်။ ထိုအခြေအနေသည် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသည့် ပါကစ္စတန်နိုင်ငံ၊ Khyber Pakhtunkhwaပြည်နယ်အရေးကိစ္စနှင့် တူညီနေသည်။ ၎င်းနိုင်ငံနှစ်ခု၏အခြေအနေအား အတိအကျနှိုင်းယှဉ်ဖော်ပြနိုင်မည် မဟုတ်သော်လည်း ဖြစ်ပေါ်လာသောအခြေအနေများမှ အရေးပါသောအချက်များ၊ သဘောတရားများကို ဖော်ထုတ်နိုင်ပါသည်။ ထိုအချက်အလက်များက ယခုအချိန်တွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင် နေရသည့် မြန်မာနိုင်ငံအရေးအားဆုံးဖြတ်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသောကိစ္စရပ်များနှင့် အပြောင်းအလဲ များတွင် ပြည်ပနိုင်ငံများ၏ ပယောဂများပါဝင်နေပြီး မည်သည့်အဖွဲ့ကအနိုင်ရရှိမည်ကို မသိရှိနိုင်သေးပါ။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ပင် ကွဲပြားသောလူမျိုးစုများ ရောနှောနေထိုင်လျက်ရှိခြင်းကြောင့် ပြည်တွင်းဆူပူအုံကြွမှု များနှင့် ပဋိပက္ခများကာလရှည်ကြာဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းလည်းရှိပါသည်။ မြန်မာ နိုင်ငံအနေဖြင့် ယခင်က တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနေနိုင်ခြင်းသည် သောင်းကျန်းသူများအချင်းချင်း စည်းလုံးညီညွတ်မှု မရှိခြင်းနှင့် ပြည်ပ ပယောဂများက သောင်းကျန်းသူများအား တစ်စုတစ်စည်းတည်း ဖြစ်လာစေရန် ဝင်ရောက်စွက်ဖက်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးတွင် အကြီးဆုံးလူမျိုးစုမှာ ဗမာလူမျိုးများဖြစ်ကြပြီး အိန္ဒိယနိုင်ငံတွင်နေထိုင်ကြသည့် ဟိန္ဒူ လူမျိုးစုများကဲ့သို့ပင် အရေးပါသောလူမျိုးစုဖြစ်ကာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး သောင်းကျန်းသူများမှာမူ တိုင်းရင်းသားလူမျိုးစုများဖြစ်ကြပြီး အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါသည်။
သို့သော်လည်း လွန်ခဲ့သည့်တစ်နှစ်ကျော်မှစ၍ ပြည်ပအုပ်စုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားသောင်းကျန်းသူအဖွဲ့များကို NUG အဖွဲ့လက်အောက်ခံ PDF အဖွဲ့များနှင့် ပူးပေါင်းရန်တွန်းအားပေးခဲ့ကြပါသည်။ ထိုတွန်းအားပေးမှုမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေသည်ဟု ဆိုရပါမည်။ ဤအခြေအနေကို အနောက်အုပ်စုမှ ကောင်းစွာကြိုးကိုင်ခြယ်လှယ်နေသည်ဟု ဆိုနိုင်ပါသည်။ ဥပမာအနေဖြင့် ယခုအချိန်တွင် NUG အဖွဲ့လက်အောက်ရှိ အစိုးရဆန့်ကျင်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု များကြောင့် လက်ရှိမြန်မာအစိုးရအဖွဲ့ ပြုတ်ကျတော့မည်ဟူသော စိတ်ဓာတ်စစ်ဆင်ရေး ကောလာဟလများအဆက်မပြတ်ထုတ်လွှင့်လျက်ရှိကြသည်။ ယခင်အပတ်ထုတ် New York Time သတင်းစာတစ်စောင်တွင် အမေရိကန်နိုင်ငံအခြေစိုက် NUG ဌာနချုပ်သည် Washington DC မြို့တွင်တည်ရှိပြီး အိမ်ဖြူတော်နှင့် မိုင်အနည်းငယ် သာကွာဝေးကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်ကို တွေ့ရသည်။
NUG အဖွဲ့မှ ကိုယ်စားလှယ်များသည် အမေရိကန်လွှတ်တော်သို့မကြာခဏသွားရောက်၍ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် အစီရင်ခံစာများကို တင်သွင်းလေ့ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်သမ္မတ Joe Biden သည် ဒီမိုကရေစီလိုလားသည့် အင်အားစုများအား စစ်လက်နက်ပစ္စည်းများ တိုက်ရိုက် ကူညီမှုမှလွဲ၍ အခြားအကူအညီများအားလုံးပေးနိုင်သော Burma Act ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယခင်က အမေရိကန်နိုင်ငံသည် နိုင်ငံခြားရေးမူဝါဒတွင် မြန်မာ နိုင်ငံအပေါ် အာရုံစိုက်မှုမရှိခဲ့သော်လည်း ယခုအခါတွင် တရုတ်နှင့် ရုရှား နှစ်နိုင်ငံစလုံးအား တစ်ပြိုင်နက်တည်း ဝိုင်းပတ်ပိတ်ဆို့ရန်ရည်ရွယ်သည့် Dual Containment Strategy အရ မြန်မာနိုင်ငံအပေါ်အာရုံစိုက်မှု ကူးပြောင်းလာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်လည်း အလားတူအခြေအနေမျိုး ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါသည်။
အနောက်အုပ်စုထောက်လှမ်းရေးအဖွဲ့များသည် ထိုင်းနိုင်ငံရှိ ၎င်းတို့၏ အခြေစိုက်စခန်းမှတစ်ဆင့် လက်ရှိမြန်မာအစိုးရအဖွဲ့အားဖြုတ်ချနိုင်ရန် ကြိုးကိုင်လျက် ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိပါသည်။ ထိုအစီအစဉ်တွင် လက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊ကျယ်ပြန့်သောဗျူဟာအစီအမံများနှင့် ကြီးမားသည့်အစီအစဉ်များရေးဆွဲခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နေကြသည်ဟု ဆိုပါသည်။ ယခင်သီတင်းပတ်ကထုတ်ဝေသည့် ရုရှား နိုင်ငံထုတ် Izvestia သတင်းစာတွင်ဖော်ပြခဲ့သော “The Burmese Triangle: How the US is fuelling the conflict in Myanmar” ဟူသော ဆောင်းပါးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပဋိပက္ခသည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာမြောက် သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။ ယခုအချိန်တွင် လက်ရှိ မြန်မာအစိုးရအနေဖြင့် ဆိုးရွားသည့်စိန်ခေါ်မှုများကိုရင်ဆိုင်နေရပြီး ယာယီသမ္မတ ဦးမြင့်ဆွေက မြန်မာ့တပ်မတော်အနေဖြင့် ယခုဖြစ်ပွားနေသည့် ပဋိပက္ခများအား တွန်းလှန်နိုင်ခြင်းမရှိပါက တိုင်းပြည်ပြိုလဲသွားနိုင်သည့်အခြေအနေသို့ ရောက်ရှိသွား နိုင်သည်ဟုပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင်ယခုဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် နယ်စပ်ဒေသ မတည်ငြိမ် မှုများသည် ဒေသတွင်းရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့် ကမ္ဘာ့စီးပွားရေးစင်္ကြံ ဖန်တီးမည့်ရည်မှန်းချက်များကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ တရုတ်နိုင်ငံ၏ Belt and Road Initiative-BRI စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ သည်အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံမှ တည်ဆောက်လျက် ရှိသော ကျောက်ဖြူရေနက်ဆိပ်ကမ်း သယ်ယူပို့ဆောင်ရေးစင်္ကြံသည် မြန်မာနိုင်ငံကို ဖြတ်သန်းသွားရမည့်အပြင် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရအရေးပါသည့်၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည်လည်း မြန်မာနိုင်ငံကိုသာ ဖြတ်သန်းသွားရပါသည်။ ယခုအခါ ကမ္ဘာ့မီဒီယာများတွင်ပျံ့နှံ့နေသည့် မြန်မာနိုင်ငံပြိုလဲတော့မည်ဆိုသော သတင်းများ၊ မြန်မာနိုင်ငံ၌ ရုရှားစစ်အခြေစိုက်စခန်း တည်ဆောက်နိုင်ရေး ညှိနှိုင်းနေသည်ဟူသော သတင်းများနှင့် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးအား အကူအညီပေးနိုင်သည့် အထူးတပ်ဖွဲ့များ စေလွှတ်သွားမည်ဟူသော သတင်းများမှာ သက်သေမရှိသည့် မှန်းဆချက်များသာဖြစ်ကြောင်း ဖော်ပြထားပါသည်။
သိသာထင်ရှားသောအချက်မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများအားလုံးသည် လက်ရှိမြန်မာအစိုးရအဖွဲ့အား တွန်းလှန်နေကြခြင်း မဟုတ်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်း ၆၆ ဖွဲ့ခန့်ရှိပြီး တစ်ဖွဲ့လျင် အင်အားရာကျော်မှ ၂,၀၀၀ မှ ၃,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းနိုင်သည်။ အမေရိကန်နိုင်ငံသည် အဆိုပါလက်နက်ကိုင်အဖွဲ့ များအား တိကျသည့်လက်နက်များ ထောက်ပံ့ပေးရုံသာမက အဖျက်အမှောင့်လုပ်ငန်းများ အတွက်လည်း လေ့ကျင့်သင်ကြားပေးလျက်ရှိသည်ဟု အစီရင်ခံစာများထွက်ပေါ်လျက် ရှိသည်။ သေချာသည့်အချက်မှာ မြန်မာ့တပ်မတော်သည် ဆယ်စုနှစ်ငါးစုအတွင်း တိုင်းပြည်ကိုမငြိမ်မသက်မှုများမှ ကာကွယ်ပေးခဲ့သည့် တစ်ခုတည်းသော တည်တံ့ခိုင်မြဲသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်ပြိုကွဲသွားမည်ဆိုပါက မြန်မာနိုင်ငံ၏ တိုင်းပြည်တည်ဆောက်မှု ပုံသဏ္ဌာန်ပြိုပျက်သွားနိုင်ပါသည်။ ထိုသို့ဖြစ်လာပါက အရှေ့တောင်အာရှဒေသတစ်ခုလုံး၏ တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည်ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့ပင် အနောက်နိုင်ငံများက ၎င်းတို့၏ ပထဝီဝင်နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးချကြိုးကိုင် ခြယ်လှယ်နေသည့် ဓားစာခံတိုင်းပြည်တစ်ခုအဖြစ် စိုးရိမ်ဖွယ်ရာရှုမြင်နိုင်ကြောင်း ဖော်ပြထားပါသည်။
မကြာသေးမီက ဒေလီမြို့ရှိ မူဝါဒလေ့လာရေးစင်တာတစ်ခုမှ သုတေသီ တစ်ဦးသည် လက်ရှိမြန်မာအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းထက် NUG/PDF အဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနှင့် ပူးပေါင်းရန်အကြံပြု ထားသည်ကိုတွေ့ရသည်။ ဤအကြံပြုချက်သည် အမေရိကန်နိုင်ငံ၏ လိုလားချက်နှင့်ကိုက်ညီမှု ရှိသော်လည်း အန္တရာယ်များလှပါသည်။ ထိုဖြစ်စဉ်သည် အမေရိကန်နိုင်ငံ၏ တောင်းဆို ချက်အရ အိမ်နီးချင်းအာဖဂန်နစ္စတန်နိုင်ငံသို့ သြဇာလွှမ်းမိုးမှုကိုချဲ့ထွင်ရန် ကြိုးပမ်းခဲ့ သည့် ပါကစ္စတန်နိုင်ငံ၏အဖြစ်အပျက်နှင့် အလားသဏ္ဌာန်တူနေပါသည်။ ပါကစ္စတန် သမ္မတ Zia ul Haq သည် ၎င်း၏နယ်စပ်ဒေသများကိုအခြေခံ၍ အာဖဂန်ဂျီဟတ်အဖွဲ့အား တိုက်ခိုက်ရန် CIA နှင့်ပူးပေါင်းချေမှုန်းမှုပြုလုပ်ချိန်မှစ၍ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးရေးသားသူ M K Bhadrakumar သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆယ်စုနှစ်သုံးခုကြာ လုပ်ကိုင်ခဲ့သည့် အငြိမ်းစားသံအမတ်တစ်ဦးဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု၊ ပါကစ္စတန်၊ အီရန်၊ အာဖဂန်နစ္စတန်နှင့် တူကီယဲနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါသည်။ ယခုဆောင်းပါးသည် အိန္ဒိယ၏ သုတေသီအဖွဲ့များအပါအဝင် ကမ္ဘာ့သတင်းမီဒီယာများ၌ ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်ပျံ့နှံ့နေသည့် မြန်မာ့တပ်မတော်ပြိုလဲတော့မည် ဟူသောသတင်းများ၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခုလက်ရှိစစ်အစိုးရအလွန် မြန်မာ့နိုင်ငံရေးအတွက် ပြင်ဆင်ထားရတော့မည်ဟူသော သတင်းများကို ပေါ်တွင်မူတည်၍ထွက်ပေါ်လာခြင်းဖြစ်ပြီး အထက်ပါအယူအဆများနှင့် ကွဲပြားခြးနားသော ရှားပါးသည့် သဘောထားအမြင်ဆောင်ပါးတစ်ခုဟု ဆိုနိုင်ပါသည်။
အဆိုပါဆောင်းပါးကိုလေ့လာကြည့်ပါက လက်ရှိစစ်အစိုးရဆန့်ကျင်ရေးအင်အားစုများ ဆောင်ရွက်နေသည့် မဟာဗျူဟာ ၂ ချက်ကို တွေ့ရနိုင်သည်။ ပထမအချက်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ မြန်မာနိုင်ငံအပေါ်တွင် အကာအကွယ်ပေးထားသည့် အိန္ဒိယနှင့် တရုတ်အပါအဝင် အခြားအာဆီယံနိုင်ငံများအနေဖြင့် စစ်တပ်ပြိုလဲတော့မည်ဟူသော ယူဆချက်နောက်သို့ လိုက်ပါလာကြကာ အစိုးရဆန့်ကျင်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံလာကြစေရေး၊ အကူအညီပေးလာကြစေရေး Political Agenda ဖြစ်သည်။ ဒုတိယအချက်မှာ မြန်မာနိုင်ငံအနှံ့အပြား၌ ပြန့်ကျဲလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး စစ်တပ်ကို တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်လာ ကြစေရန် တွန်းအားပေးခြင်း၊ ထောက်ပံ့ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံရေး၏ မည်သည့်ကိစ္စရပ်တွင်မဆို နိုင်ငံရေး (နိုင်ငံတကာရေး)နှင့် စစ်ရေး ဆက်စပ်လျက်ရှိပြီး အင်အားကြီးနိုင်ငံများ၏ ပတ်ဝန်းကျင်နိုင်ငံငယ်များတွင် ပိုမိုနက်ရှိုင်းစွာ မြင်တွေ့ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများတွင် အစိုးရဆန့်ကျင်ရေးအင်အားစုများအနေဖြင့် ၎င်းတို့မိတ်ဘက်နိုင်ငံကြီးများ၏ အကူအညီကိုရယူကာ နိုင်ငံရေးနှင့် စစ်ရေးသဘောတရားများကို အပြည့်အဝအသုံးချနေသည်ကိုတွေ့ရသော်လည်း လက်ရှိတည်ဆဲစစ်အစိုးရဘက်မှမူဝါဒနှင့် တုံ့ပြန်ဆောင်ရွက်ပုံများကို သရုပ်ခွဲရန်ခက်ခဲနေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
160112923
[1]။ M K Bhadrakumar,“ What happens in Myanmar may not stay in Myanmar”. The New Indian Express. 24 November2023, [/https://www.newindianexpress.com/.../what-happens-in.../]