နိဒါန်း
အမေရိကန်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်နိုင်လျင် ဒေသတွင်း မြန်မာနိုင်ငံနှင့်လည်း သံတမန်ဆံရေးအား ၎င်း၏မဟာဗျူဟာမြောက်အကျိုးစီးပွားအတွက် ဖော်ဆောင်သင့်သည်ဟူသော အယူအဆနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်သည် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ သွားရောက် ခဲ့ပါသည်။ ဤခရီးစဉ်သည် ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသစ်ကို ခိုင်မြဲစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် သမိုင်းကြောင်းအရတင်းမာမှုများကို လျစ်လျူရှု၍ အာရှဒေသတွင်းရှိ စိန်ခေါ်မှု များကို အတူတကွရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ အာရှဒေသတွင်းရှိ အကြွင်းမဲ့ အာဏာရှင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မှုသည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် အနေဖြင့် ၎င်းကျင့်သုံးသည့် “ဒီမိုကရေစီနှင့် အကြွင်းမဲ့အာဏာရှင်စနစ် အကြားတိုက်ပွဲ”ဟူသည့် မူဝါဒကို အလုံးစုံဖော်ဆောင်နေခြင်းမရှိသည့်အချက်ကို ပြသနေပြီး လက်တွေ့တွင်လည်း ထိုမူဝါဒသည် အမေရိကန်နိုင်ငံ၏ ကျယ်ပြန့်သည့် သံတမန်ရေး အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု ဆိုပါသည်။
G-20 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် သည် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား Mohammed Bin Salman နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ထိုအချက်ကလည်း ၂၀၁၉ ခုနှစ် သမ္မတမဲဆွယ်စည်းရုံးရေးကာလတွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် ပြောကြားခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံအား အပယ်ခံအဖြစ် ဆက်ဆံသွားမည်ဆိုသောကတိကဝတ်များနှင့် ကွဲလွဲလျက် ရှိနေပါသည်။ ၂၀၁၈ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံအိမ်ရှေ့မင်းသားသည် တော်ဝင် မိသားစုအား ပြင်းထန်စွာဝေဖန်ခဲ့သည့် အမေရိကန်နိုင်ငံမှစာရေးဆရာ Jamal Khashoggi သေဆုံးမှုတွင်အပြစ်ရှိသည်ဟု အမေရိကန်နိုင်ငံဘက်မှ ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ [2] သို့သော်လည်း အမေရိကန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းမှုသည် အပြုသဘောဆောင်သောရလဒ်များကို ဖြစ်ပေါ်စေပါသည်။ အမေရိကန် နိုင်ငံသမ္မတနှင့် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသားတို့သည် အိန္ဒိယနိုင်ငံတွင် အရှေ့ အလယ်ပိုင်းဒေသ၊ ဥရောပဒေသတို့နှင့် ချိတ်ဆက်နိုင်မည့် မီးရထားလမ်းဖောက်လုပ်ရန်နှင့် ပင်လယ်ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းပြုလုပ်ရန် G-20 ထိပ်သီးအစည်းအဝေးတွင် အခြားနိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံသို့ အမေရိကန်နိုင်ငံသမ္မတ သွားရောက်မှုနှင့်ပတ်သက်၍ အမေရိကန်လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများက ဝေဖန်မှုများပြုလုပ်ခဲ့ကြသော်လည်း အမေရိကန်နိုင်ငံသမ္မတက ဗီယက်နမ်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန် နိုင်ငံအတွက် အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ခြင်းသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးသောအခန်းကဏ္ဍ ဖြစ်သော်လည်း ဤမူဝါဒအတိုင်း လုပ်ဆောင်မည်ဆိုပါကအမေရိကန်နိုင်ငံနှင့် မိတ်ဖက်ပြုလုပ်ရန် အနောက်အုပ်စုအပြင် နိုင်ငံအနည်းငယ်သာ ကျန်ရှိမည်ဖြစ်ပါသည်။ လက်တွေ့တွင် အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်တွင်ပင် အခြေခံပြဿနာများရှိနေခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လျက် ရှိပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအား ဒီမိုကရေစီစနစ်ကို ထောက်ခံစေရန် အရေးယူပိတ်ဆို့အပြစ်ပေးမှုပြုလုပ်ခြင်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပါသည်။ ဒီမိုကရေစီဆိုင်ရာ လွတ်လပ်ခွင့်များကို မြှင့်တင်မည့်အစား နိုင်ငံငယ်များ အပေါ် အရေးယူပိတ်ဆို့မှုများချမှတ်နေခြင်းသည် ကမ္ဘာ့အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး အကြွင်းမဲ့အာဏာရှင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို အကျိုးဖြစ်ထွန်းစေပါသည်။
အမေရိကန်နိုင်ငံ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့ရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေစဉ် အခြားအာဏာရှင်စနစ် ကျင့်သုံးသည့်နိုင်ငံများနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုကိုပြုလုပ်နေပါသည်။ ၎င်းအနေဖြင့် မြန်မာနှင့် ဗီယက်နမ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမျှမရှိသည်ကို သတိပြုရန်လိုအပ်ပါသည်။ အမေရိကန်နိုင်ငံနှင့် စာချုပ်အရ မဟာမိတ်ဖွဲ့ထားသည့် ထိုင်းနိုင်ငံတွင် တပ်မတော်နှင့် ဘုရင်စနစ်သည် နိုင်ငံရေးတွင် ကြီးမားသော ဩဇာလွှမ်းမိုးမှုရှိပါသည်။ လွန်ခဲ့သည့် ၉ နှစ်ခန့်က ထိုင်းတပ်မတော်က အာဏာသိမ်းခဲ့ပြီး ယခုနှစ်ဩဂုတ်လတွင် ထိုင်းစစ်တပ်နှင့် ချိတ်ဆက် ထားသောပါတီများဖြင့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုင်းနိုင်ငံကဲ့သို့ပင် မြန်မာ့နိုင်ငံရေးတွင် မြန်မာ့တပ်မတော်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် ထိုနှစ်နိုင်ငံအပေါ်တွင် တုံ့ပြန်မှုကွဲပြားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသောအခါတွင် အမေရိကန်နိုင်ငံသည် ကြီးမားသည့် ပြစ်ဒဏ်များ ချမှတ်ခြင်းမရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့ တပ်မတော်က အာဏာထိန်းခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် ကျယ်ပြန့်သောအရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းကပင် မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်ကို ပိုမိုသက်ဆိုးရှည်စေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
မြန်မာ့တပ်မတော်မှ အာဏာထိန်းပြီးနောက် အမေရိကန်နိုင်ငံမှ ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများသည် ၎င်း၏အကျိုးစီးပွားကို အထောက်အကူပြုခြင်းမရှိသည့် အပြင် အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များကို တိုးမြှင့်ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာ နိုင်ငံသည် ဗီယက်နမ်နိုင်ငံကဲ့သို့ မဟာဗျူဟာကျသောနေရာတစ်ခုတွင် တည်ရှိနေခြင်းကြောင့် အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် ပါဝင်နိုင်ရန် အလားအလာရှိပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံတွင် တရုတ် နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုက လျင်မြန်စွာကြီးထွားလျက်ရှိပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးခြင်းထက် ပျော့ပြောင်းသည့် ထိတွေ့ဆက်ဆံမှု အသွင်သို့ ကူးပြောင်းမည်ဆိုပါက ၎င်း၏ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်မှုအား ပိုမိုထိရောက်စေနိုင်မည်ဖြစ်ပါသည်။ လက်ရှိအမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများသည် ထိရောက်မှုမရှိပါ။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသဘောတရားများ လွှမ်းမိုးမှုရှိနေသည်မှာ မှန်သော်လည်းဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်ရာတွင် အမေရိကန်နိုင်ငံသမ္မတအနေဖြင့် ပိုမို လက်တွေ့ကျသောချဉ်းကပ်မှုကို ရွေးချယ်နိုင်ခဲ့ပါသည်။ ဤချဉ်းကပ်မှုသည် မည်သည့် အကြွင်းမဲ့အာဏာရှင်နိုင်ငံနှင့်မဆို ထိတွေ့ဆက်ဆံကာ အမေရိကန်နိုင်ငံ၏ ရေရှည် မဟာဗျူဟာအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံသမ္မတသည် တရုတ်နိုင်ငံကဲ့သို့သော အာဏာရှင်နိုင်ငံနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်အတွက် ၎င်း၏ CIA ညွှန်ကြားရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများ၊ ရာသီဥတုဆိုင်ရာသံတမန်အပါအဝင် အကြီးတန်းအရာရှိများကို မေလမှစ၍ တရုတ်နိုင်ငံသို့စေလွှတ်ကာ ဆက်ဆံရေးမြှင့်တင် နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း မြန်မာနိုင်ငံအစိုးရနှင့် နှစ်ဖက်တွေ့ဆုံ၍ ပွင့်လင်းစွာ ဆွေးနွေးရန် တွန့်ဆုတ်လျက်ရှိပါသည်။ ယခုသံတမန်ရေးမြှင့်တင်မှုတွင် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံအား “Comprehensive Strategic Partnership” အဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်နိုင်ငံအား တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ညီမျှသော သံတမန်ရေး အဆင့်ကို သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ [3] ဗီယက်နမ်နိုင်ငံသည် ယခင်က ဤအဆင့် သတ်မှတ်ချက်အား တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့်သာ သီးသန့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး တည်ဆောက်နိုင်မည်ဆိုပါက ရင်းနှီးသည့်မိတ်ဖက်နိုင်ငံဖြစ်လာနိုင်ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် အာဏာရှင်နိုင်ငံများကို အရေးယူပိတ်ဆို့နေခြင်းထက် အပြုသဘော ဆောင်သော မက်လုံးများပေးသည့် နည်းလမ်းကို အသုံးပြုသင့်သည်ဟု ဆိုသည်။ အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဒေသတွင်းပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကြောင့် ၎င်း၏ မဟာဗျူဟာအကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်နိုင်ရန်အတွက် မိတ်ဖက်နိုင်ငံသစ်များ တိုးချဲ့နိုင်ရန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အမေရိကန်နိုင်ငံသည် ၎င်း၏မဟာဗျူဟာ အကျိုးစီးပွားအတွက် ဗီယက်နမ်နိုင်ငံကဲ့သို့ တစ်ပါတီအာဏာရှင်နိုင်ငံတစ်ခုနှင့် သံတမန်ဆက်ဆံရေးအား တိုးမြှင့်လုပ်ဆောင်နိုင်သည်ဆိုပါက မြန်မာနိုင်ငံကိုလည်း ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက် နေခြင်းထက် ထိုက်သင့်သော မက်လုံးများပေး၍ ဆွဲဆောင်စည်းရုံးသည့် နည်းလမ်းက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း ထောက်ပြရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးရှင် Brahma Chellaney သည် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၏ အကြံပေးတစ်ဦးဖြစ်ခဲ့ပြီး ယခုလက်ရှိတွင်လည်း နယူးဒေလီရှိ Center for Policy Research တွင် ပါမောက္ခတစ်ဦးဖြစ်ပါသည်။ ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအပြင် အခြားသော အာဏာရှင်နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့နှင့်လည်း ဆက်ဆံရေး မပျက်ယွင်းစေရန် မျက်နှာချိုသွေးနေရသည့် အခြေအနေကို ပါးနပ်စွာထောက်ပြထားပြီး မြန်မာနိုင်ငံအပေါ်ထားရှိနေသည့် အမေရိကန်နိုင်ငံ၏မူဝါဒ အလုပ်မဖြစ်ကြောင်း ထောက်ပြ ရေးသားထားခြင်းဖြစ်ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်ဆက်ဆံရေးတွင် ၎င်းတို့ အကျိုး အမြတ် ရရှိနိုင်သော နိုင်ငံများအား မည်သည့်စနစ်ဖြင့် အုပ်စိုးသောအစိုးရဖြစ်စေ မိတ်ဖက်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ အကျိုးအမြတ်မရရှိနိုင်သောနိုင်ငံများ၊ ၎င်းတို့ဩဇာသက်ရောက်မှုကို မခံလိုသောနိုင်ငံများအား နည်းလမ်းမျိုးစုံဖြင့် အရေးယူ ပိတ်ဆို့ခြင်းအပြင် ထိုလုပ်ဆောင်မှုများကို ၎င်း၏မဟာမိတ်နှင့် ဩဇာခံနိုင်ငံများကပါလိုက်ပါလုပ်ဆောင်စေရန် ဆောင်ရွက်သည့် အလေ့အကျင့်ရှိပါသည်။ ထိုကျင့်သုံးမှုကို Double-Standard ကျင့်သုံးသည်ဟု ဝိဂြိုဟ်ပြုကြပါသည်။ ထို့ကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် လစ်ဘရယ်ဒီမိုကရေစီကဲ့သို့သော အလိုရှိရာ ဝါဒသဘောတရားများကို ရှေ့တန်းတင်၍ နိုင်ငံခြားရေးမူဝါဒများကို ကျင့်သုံးမှုများရှိသော်လည်း လက်တွေ့တွင်မှု နိုင်ငံများအနေဖြင့် မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် အမျိုးသား အကျိုးစီးပွားကိုသာ ရှေးရှုဖော်ဆောင်နေခြင်းဖြစ်သည်ကို တွေ့ရှိနိုင်ပါသည်။ အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထားပြောင်းလဲမှု/ရှိမရှိမှာ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် မည်သည့်အတိုင်းအတာအထိ အသုံးဝင်မှုရှိ/မရှိ ပေါ်တွင်သာ မူတည်နေပြီး အကျိုးစီးပွားပြောင်းလျင် မူဝါဒပြောင်းလဲမည်သာဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံငယ်များအနေဖြင့် အဆိုပါ နိုင်ငံတကာဆက်ဆံရေးသရုပ်မှန်ကို နားလည်သိရှိ၍ နိုင်ငံကြီးများနှင့် ဆက်ဆံရေးကို သူနိုင်ကိုယ်နိုင် Win-Win အနေအထားဖြင့် ထိန်းညှိထားနိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
114092523
[1]။ Brahma Chellaney,“If Biden Can Befriend Vietnam, He Can Work with Myanmar”. Nikkei Asia. 15 September 2023 [/https://asia.nikkei.com/.../If-Biden-can.../]-accessed on 18 September 2023.
[2]။ Aamer Madhani, Josh Boak, “Biden Gives Saudi Crown Prince Mohammed A Hearty Handshake A Year After An Awkward Fist Bump Moment”. ABC News. 9September 2023 [/https:// abcnews.go .com/ International/ wireStory/ biden-saudi-crown-prince-mohammed-hearty-handshake-year-103054969/]-accessed on 18 September 2023.
[3]။ Lucas Myers, “The Comprehensive Part of the US-Vietnam Comprehensive Strategic Partnership”. Asia Dispatches. 12September 2023 [/https://www.wilsoncenter.org/.../comprehensive.../]-accessed on 18 September 2023.