Wednesday, April 26, 2023

အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ မူဝါဒအသစ်နှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 

အနှစ်ချုပ်

အိန္ဒိယနိုင်ငံ၏ လုံခြုံရေးဆိုင်ရာဝန်ကြီးများအဖွဲ့ကော်မတီမှ အတည်ပြုခဲ့သည့် အာကာသမူဝါဒ ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များကို အာကာသ ကဏ္ဍ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မူဝါဒချမှတ်ပေးထားပြီး အဆိုပါမူဝါဒကြောင့်အိန္ဒိယနိုင်ငံ၏ အာကာသကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ဖွယ်ရှိကြောင်း သုံသပ်ရေးသားထားခြင်းဖြစ်ပါသည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် လုံခြုံရေးဆိုင်ရာ အိန္ဒိယဝန်ကြီးများအဖွဲ့ ကော်မတီသည် အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာမူဝါဒအား အတည်ပြုသတ်မှတ်ခဲ့ပြီးအဆိုပါမူဝါဒတွင် အိန္ဒိယနိုင်ငံ အာကာသနှင့်သုတေသနအဖွဲ့အစည်း(Indian Space Research Organization- ISRO)အပါအဝင် New Space India Limited (NSIl) ၊ အိန္ဒိယအမျိုးသားအာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ပိုင်ခွင့်စင်တာ Indian National Space Promotion and Authorization Center (IN-SPACe) နှင့် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို တိကျသေချာစွာ ဖော်ပြထားရှိပါသည်။ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကိုလည်း အာကာသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်ရေးတို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ISRO ၏ အာကာသအတွင်း စူးစမ်းလေ့လာရေး၊ အာကာသနည်းပညာနှင့် အခြား စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီနိုင်ရန် တာဝန်ပေးအပ်ထားရှိပါသည်။ အိန္ဒိယနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ကမ္ဘာမြေသိပ္ပံပညာဆိုင်ရာဝန်ကြီး Jitendra Singh က အိန္ဒိယနိုင်ငံ၏ အာကာသမူဝါဒအသစ်သည် မတူညီသည့် ကဏ္ဍအသီးသီးအတွက် လုပ်ငန်းတာဝန်များနှင့် အခန်းကဏ္ဍများကို ရှင်းလင်းတိကျစွာဖော်ပြထားရှိပြီး ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကြီးများအနေဖြင့် အာကာသလုပ်ငန်းများဖြစ်သည့် အချက်အလက် စုဆောင်းမှုလုပ်ငန်းများအပြင် ဒုံးပစ်စင်များ၊ အာကာသဒုံးကျည်နှင့် ဂြိုဟ်တုတည်ဆောက်မှု ကဏ္ဍတွင် ပါဝင်လာနိုင်မည်ဟု ပြောကြားထားကြောင်း ရေးသား ထားရှိပါသည်။
အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ မူဝါဒအသစ်ကို ကြည့်ခြင်းအားဖြင့် ISRO ၏ အာကာသဆိုင်ရာ လုပ်ငန်းတာဝန်များတွင် ပညာရပ်အသိုက်အဝန်း၊ သုတေသန အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းငယ်နှင့် စက်မှုလုပ်ငန်းများ အစရှိသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များစွာပါဝင်ထောက်ကူလာနိုင်မည်ဖြစ်ကြောင်း၊ Jitendra Singh ၏ ပြောကြားချက်အရ အာကာသဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ဆောင်မှု များကို NSIL မှ စီစဉ်ညွှန်ကြားမည်ဖြစ်ပြီး အာကာသလုပ်ငန်းအစီအစဉ်များအတွက် Demand-driven ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် IN-SPACe တွင် ပြည်သူ့ရေးရာကဏ္ဍ(Public Sector)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ISRO ဥက္ကဋ္ဌ Dr.S.Somnath သည် ISRO နှင့် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီကြီးများအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယ နိုင်ငံ၏ အာကာသအခန်းကဏ္ဍများတွင် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကြီးများ ပါဝင် လာနိုင်မှုကို ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းမူဝါဒအသစ်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်လာမှုကို အလေးထားရေးဆွဲထားခြင်းဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအနေဖြင့် ISRO ၏ အာကာသဆိုင်ရာ အထောက်အပံ့ပစ္စည်းများကိုလည်း သက်သာသည့်နှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အာကာသကဏ္ဍရပ်နှင့်ပတ်သက်၍ လက်တွေ့ထုတ်လုပ်ရေး လုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍကို ဦးဆောင်စေမည်ဖြစ်ပြီး ISRO အနေဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ စနစ်အသစ်နှင့် သုတေသနဖွံ့ဖြိုးတိုးတက်မှုများကိုသာ အာရုံစိုက်၍လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့နောက် အိန္ဒိယနိုင်ငံအာကာသအဖွဲ့အစည်း(Indian Space Association)၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် AK Bhatt က မူဝါဒအသစ် ချမှတ်မှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်အာကာသနေရာတစ်ခု ဖန်တီးနိုင်တော့မည်ဟု ပြောကြား ခဲ့ပါသည်။ ၎င်းမူဝါဒသည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို ထိန်းညှိပေးနိုင်မည် ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်ပြင်ဆင်ခဲ့ရခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စတွင် ကတိကဝတ် ထားရှိသော်လည်း ကမ္ဘာ့အပြင်ဘက် အာကာသကို ငြိမ်းချမ်းစွာအသုံးပြုနိုင်မည့်အစီအစဉ်ကို လက်မလျှော့ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် အာကာသမူဝါဒဆိုင်ရာ မူဝါဒအသစ်တွင် နောင် ၂၅ နှစ်အတွင်း ဆောင်ရွက်မည့် ရေတို/ရေရှည်စီမံကိန်းများ ပါဝင်ပြီး တိကျသောရည်မှန်းချက်နှင့် တာဝန်ဝတ္တရားခွဲဝေအပ်နှင်းမှုများပါဝင်သည့် ပြည့်စုံသောမူဝါဒဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် အာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့လွှမ်းမိုး နိုင်မည့် အာကာသနယ်မြေတစ်ခုတည်ဆောက်နိုင်ရန်ကြိုးပမ်းနေသည့် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းလုပ်ဆောင်နေမှုများနှင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ခွဲဝေပေးထားသည့် အာကာသဆိုင်ရာ မူဝါဒအသစ်အကြောင်း၊ ဂြိုဟ်တုထုတ်လုပ်ရေးကို အစိုးရအေဂျင်စီများနှင့် ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီများအကြား ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိပြီး ဂြိုဟ်တုလွှတ်တင်မှုများကိုမူ အိန္ဒိယနိုင်ငံ အာကာသနှင့် သုတေသနအဖွဲ့အစည်း(Indian Space Research Organization- ISRO)၏ အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်းကို ထုတ်ဖော်ရေးသားထားခြင်း ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံအတွင်းအဓိက အသုံးပြုလျက်ရှိသော ဂြိုဟ်တုလွှတ်တင်သည့်စင် ၂ ခုမှာ Polar Satellite Launch Vehicle (PSLV) and Geosynchronous Satellite Launch Vehicle (GSLV) တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းတွင် PSLV မှ ဂြိုဟ်တု ၅၅ လုံးနှင့် GSLV မှ ဂြိုဟ်တု ၅၂ လုံးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ဗြိတိန်နိုင်ငံအခြေစိုက် ဂြိုဟ်တုကုမ္ပဏီ One Web အတွက် ၎င်း၏ ဒုံးပျံယာဉ်နှင့်အတူ အင်တာနက်ဂြိုဟ်တု ၃၆ လုံးကို ဂြိုဟ်တုပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံသည် ဂြိုဟ်တု လွှတ်စင်ကို အသုံးပြု၍ နိုင်ငံပေါင်း ၃၄ နိုင်ငံမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးသွားမည့် စရိတ်သက်သာသော ဂြိုဟ်တုများအပါအဝင် ဂြိုဟ်တု ၃၈၁ လုံးကို လွှတ်တင်နိုင်ခဲ့ပြီး ၎င်းမှ အမေရိကန်ဒေါ်လာ ၂၇၉ သန်းအထိ ဝင်ငွေရရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ အာကာသစီးပွားရေး၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ၁၀ ရာခိုင်နှုန်းကျော်အထိ မြှင့်တင်နိုင်ရန် မျှော်လင့်ထားရှိကြောင်း တွေ့ရှိရပါသည်။
အိန္ဒိယနိုင်ငံသည် အာကာသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံကို အသုံးပြုနိုင်ရန်လျာထားကြောင်း Invest India Website တွင် ဖော်ပြ ထားရှိပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံသည် လက်ရှိတွင် သေးငယ်သောဂြိုဟ်တု များကို လွှတ်တင်ရာတွင် အတွေ့အကြုံရှိပြီး ဂြိုဟ်တုလွှတ်တင်ရေး အထောက်အပံ့ ပစ္စည်းအဆောက်အအုံနေရာအဖြစ် ရပ်တည်လျက်ရှိကာ အဆိုပါစျေးကွက်ကို ဆက်လက် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ဧပြီလ ၆ ရက်က အတည်ပြုခဲ့သော အိန္ဒိယနိုင်ငံ၏ အာကာသမူဝါဒသည် အာကာသ ကဏ္ဍအတွင်း ပုဂ္ဂလိက ကဏ္ဍပါဝင်လာမှုကို အလေးထားသည့် မူဝါဒတစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ “Civil-Military Fusion Strategy”ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ယူဆရပြီး ၎င်းတို့၏ အာကာသ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect
6042623