နိဒါန်း
အကယ်၍ ကမ္ဘာပေါ်၌ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သာ ထိပ်တိုက်ပဋိပက္ခ ဖြစ်လာပါက ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုများစွာရှိနိုင်ပြီး ဒေါ်လာဘီလီယံ၊ သို့မဟုတ် ထရီလီယံ ရာနှင့်ချီ၍ ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်းကို အချက် ၄ ချက်ဖြင့် သုံးသပ်ရေးသားထားပြီး ထိုကဲ့သို့မဖြစ်ပေါ်စေရန် အကြံပြုချက်များဖြင့် ရေးသားထားပါသည်။
တွေ့ရှိချက်
တရုတ်နှင့် အမေရိကန်နိုင်ငံတို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွက်ဆကြည့်ရာတွင် ပထမဖြစ်နိုင်ခြေအနေဖြင့် တရုတ်နှင့်အမေရိကန်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းအပေါ် ထိခိုက်မှုများစွာဖြစ်နိုင်ပါသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်ထဲတွင်ရှိသော မဟာဗျူဟာမြောက် ရေလမ်းကြောင်း ပိတ်ဆို့မှုများ၊ ဆိပ်ကမ်းဝင်ရောက်ခွင့် ပိတ်ပင်မှုများ ပြုလုပ်လာနိုင်သောကြောင့် သယ်ယူပို့ဆောင်မည့်အချိန်ကာလ ကြာမြင့်နိုင်သည့်အပြင် သယ်ယူပို့ဆောင်ရေးစရိတ်များပါ တိုးမြင့်နိုင်ပြီး ကုန်စည်ပြတ်လပ်မှုများကိုပါ ဖြစ်ပေါ် စေနိုင်ပါသည်။ ထို့ပြင် သင်္ဘောအာမခံကုမ္ပဏီများကလည်း လုံခြုံရေးဆိုင်ရာ အာမခံကြေး များကို တိုးမြှင့်ကောက်ခံလာနိုင်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံများအကြားတွင် ကုန်သွယ်မှု ခက်ခဲလာနိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်းဖော်ပြထားပါသည်။
ဒုတိယဖြစ်နိုင်ခြေအနေဖြင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက စီးပွားရေး ဆိုင်ရာ အခြေခံအဆောက်အအုံများ များစွာပျက်စီးနိုင်သည့်အပြင် အလုပ်သမား ဈေးကွက် ထိခိုက်ခြင်းနှင့် စွမ်းအင်ပြတ်တောက်ခြင်းများပါ ဖြစ်ပေါ်လာနိုင်သောကြောင့်ကုန်ထုတ်လုပ်မှုများ ကျဆင်းလာနိုင်ပါသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် အဓိကကုန်ထုတ်လုပ်သည့်နိုင်ငံများ ဖြစ်သောကြောင့် အဆိုပါနှစ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းအားလျော့ကျခြင်းသည် ကမ္ဘာ့ကုန်စည်ပြတ်လပ်မှုနှင့် ဈေးနှုန်း မြင့်မားမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့် အဆိုပါနှစ်နိုင်ငံ၏ ကုန်ကြမ်းပစ္စည်းများအပေါ်တွင် များစွာမှီခိုနေရသော စက်မှုလုပ်ငန်းအများစု (ဥပမာ အီလက် ထရွန်းနစ်၊ မော်တော်ကားနှင့် ဆေးဝါးကဲ့သို့သော လုပ်ငန်းများ)အပေါ် ထိခိုက်မှု များနိုင်ပါသည်။ ထိုမှတစ်ဆင့် ပို့ကုန်နှင့် သွင်းကုန်ကဏ္ဍအပေါ် စည်းကြပ်ခွန် ကောက်ခံမှု တိုးမြှင့်လာနိုင်ပြီး ထိုသို့ဖြစ်ပေါ်လာပါက ကမ္ဘာ့ကုန်သွယ်စီးဆင်းမှုကွင်းဆက်ကို ထိခိုက် နိုင်သည့်အပြင် ကုန်ကျစရိတ်များလည်း ပိုမိုများပြားလာနိုင်ကြောင်း ဖော်ပြထားပါသည်။
တတိယဖြစ်နိုင်ခြေအနေဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ကမ္ဘာ့ကုန်သွယ် စီးဆင်းမှုကွင်းဆက်ထဲတွင်ရှိသော ကုမ္ပဏီများအနေဖြင့် စည်းကြပ်ခွန်တိုးမြှင့်မှု၊ ပို့ကုန်/ သွင်းကုန်ကန့်သတ်မှု၊ ကုန်ထုတ်လုပ်ခြင်း ကျဆင်းမှု၊ လုပ်အားနှင့် ထောက်ပံ့ရေးကဏ္ဍ ပြတ်တောက်မှုတို့နှင့် ကြုံတွေ့နိုင်သောကြောင့် အဆိုပါကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှု စရိတ်မြင့်မားလာနိုင်ပါသည်။ ဥပမာအားဖြင့် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအတွင်း စည်းကြပ်ခွန်တိုးမြှင့်မှုကြောင့် ၎င်းတို့၏ ကုန်သွယ်စီးဆင်းမှုကွင်းဆက် အတွင်းရှိ ကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခဲ့မှုသည် သာဓကတစ်ခု ဖြစ်ပါသည်။ ထို့ပြင် တရုတ်နှင့် အမေရိကန်နိုင်ငံတို့သာ တိုက်ရိုက်ပဋိပက္ခဖြစ်လာပါက ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု အချိန်ကာလကြာမြင့်နိုင်သည့်အပြင် ငွေကြေးမတည်ငြိမ်မှု၊ ကုန်သွယ်စီးဆင်းမှုကွင်းဆက် တည်နေရာပြောင်းလဲမှုတို့ပါ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထဖြစ်နိုင်ခြေအနေဖြင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကျဆင်းနိုင်ပါသည်။ အထူးသဖြင့် အမေရိကန်ကုမ္ပဏီများနှင့် အခြားနိုင်ငံစုံကော်ပိုရေးရှင်းအများစု၏ အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်း အများစုသည် တရုတ်နိုင်ငံတွင် အခြေပြုထားသောကြောင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက တရုတ်နိုင်ငံတွင်ရှိသော အဆိုပါလုပ်ငန်းများထိခိုက်နိုင်ပါသည်။ ထို့ပြင် လုပ်ငန်းများအား တည်ငြိမ်သည့် နေရာသို့ရွှေ့ပြောင်းမှုများ ပြုလုပ်ပါကလည်း ရွှေ့ပြောင်းစရိတ်များနိုင်ပြီး ကုန်ထုတ်လုပ်မှုစရိတ်နှင့် ကုန်ပစ္စည်းဈေးနှုန်း ပိုမိုမြင့်တက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက ကမ္ဘာ့စီးပွားရေးကဏ္ဍအပေါ် များစွာထိခိုက် နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဖော်ပြထားပါသည်။
ရှောင်ရှားနိုင်မည့် နည်းလမ်းများ
ထိုကဲ့သို့ တရုတ်-အမေရိကန် ထိပ်တိုက်ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှား နိုင်ရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ရန် တွေ့ဆုံ ဆွေးနွေးရေးနှင့် သံခင်းတမန်ခင်းနည်းလမ်းကို အသုံးပြုသင့်သည့်အပြင် ပဋိပက္ခကို စေ့စပ်ညှိနှိုင်းပေးမည့် ကြားခံအဖွဲ့အစည်း(Third-Party Organizations)များလည်း လိုအပ်ပါသည်။ ထို့ပြင် အစိုးရမဟုတ်သော ဇာတ်ကောင်များဖြစ်သည့် လေ့လာရေး အဖွဲ့များ၊ ပညာရှင်များ၊ အစိုးရအရာရှိဟောင်းများအကြားတွင် Track II သံခင်းတမန်ခင်း ဆက်လက်ကျင့်သုံး၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်ပါသည်။ နှစ်နိုင်ငံ အကြား၌ ပူးတွဲဆောင်ရွက်နေသည့် စီးပွားရေးကဏ္ဍများ ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံအပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း နိုင်ငံ၏လုံခြုံရေးနှင့်စပ်လျဉ်းသည့် နည်းပညာကဏ္ဍအပေါ်တွင်မူ နှစ်နိုင်ငံကြားသဘောထားကွဲလွဲမှုများရှိသောကြောင့် နည်းပညာကဏ္ဍဆိုင်ရာ နယ်ပယ် အချို့တွင် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်သင့်ပါ။ လက်ရှိဖြစ်ပေါ်နေသော တရုတ်-အမေရိကန် အားပြိုင်မှုကြောင့် အများစုသည် နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားနိုင်ခြေ များသည်ဟု ယူဆထားကြပြီး အမေရိကန်ပြည်သူအချို့ကပင် နှစ်နိုင်ငံအကြား၌ စစ်ပွဲ ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ချက်ပြုထားကြပါသည်။ ထို့ကြောင့် အဆိုပါနှစ်နိုင်ငံ ထိပ်တိုက်ပဋိပက္ခ မဖြစ်ပွားစေရန် အားလုံးပါဝင်၍ နည်းလမ်းများ ရှာဖွေထားရန် လိုအပ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံသာ ထိပ်တိုက်ပဋိပက္ခဖြစ်လာပါက ကမ္ဘာ့စီးပွားရေးကဏ္ဍအပေါ် များစွာရိုက်ခတ်နိုင်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ၊ သို့မဟုတ် ထရီလီယံ ရာချီ၍ ဆုံးရှုံးနိုင်သည့်အပြင် ကမ္ဘာ့နိုင်ငံများအားလုံးကို ရိုက်ခတ်လာမည်ဖြစ်သောကြောင့် ထိုသို့မဖြစ်ပေါ်စေရန်နှင့် နှစ်နိုင်ငံအကြားတွင် အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ရန် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးနိုင်မည့် တွေ့ဆုံ ဆွေးနွေးရေးနည်းလမ်း(Dialogue)၊ သံခင်းတမန်ခင်းနည်းလမ်းများကို အသုံးပြု သင့်သည့်အပြင် စေ့စပ်ညှိနှိုင်းပေးမည့်ကြားခံအဖွဲ့အစည်း(Third-Party Organizations)များ ပါဝင်ရန်လိုအပ်ကြောင်း အကြံပြုထားသည်ကို တွေ့ရှိရပါသည်။
ယခုအခါ ကမ္ဘာ့နိုင်ငံရေးအခြေအနေသည် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ရှုထောင့်မှ “Thucydides Trap” အတွင်းသို့ တဖြည်းဖြည်း သက်ဆင်းနေခြင်းဖြစ်ပါသည်။ “Thucydides Trap” ဆိုသည်မှာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၌ “Existing Power” - အမေရိကန်နိုင်ငံသည် “ Rising Power” - တရုတ်နိုင်ငံမှ ၎င်း၏ နေရာကို လုယူမည်စိုး၍ စစ်ပွဲဆင်နွှဲလာခြင်းဟု အလွယ်မှတ်သားနိုင်ပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက နှစ်နိုင်ငံကြားတွင် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်နိုင်ပြီး တစ်ကမ္ဘာလုံးအပေါ်တွင်ပါ ရိုက်ခတ်မှုများနိုင်ပါသည်။ တရုတ်၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အင်အားကြီးနှစ်နိုင်ငံ၏ အားပြိုင်မှုအကြားတွင် ထိုရိုက်ခတ်မှုဒဏ်ကို အများဆုံးခံစားရမည့် ကစားကွင်းများဖြစ်လာနိုင်သောကြောင့် မည့်သို့ ပြင်ဆင်ရှောင်ရှားသင့်မည်နည်းဆိုသည်မှာ တွေးဆဖွယ်ရာ ကိစ္စတစ်ခုဖြစ်လာကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
Myanmar Aspect
14050923