နိဒါန်း
ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာများ၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်သည့်အရာများ၊ရုရှားနိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံအား အကူအညီပေးနိုင်သည့်အချက်များနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်နှင့် ရုရှားနိုင်ငံအရှေ့ပိုင်းရှိ Vostochny အာကာသဒုံးပျံလွှတ်တင်ရေးစခန်းတွင် ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်များ အဆင့် မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။ ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် စစ်ပွဲတွင် အသုံးပြုရန်အတွက် မြောက်ကိုရီးယားနိုင်ငံမှ ခဲယမ်းများ ဝယ်ယူအသုံးပြု နိုင်ရေး လုပ်ဆောင်လျက်ရှိသည့်အပြင် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်များ အဆင့် မြှင့်တင်မှုတွင်လည်း ကူညီပေးရန် ဆောင်ရွက်လျက်ရှသည်ဟု ဆိုသည်။ ရုရှားနိုင်ငံ သမ္မတ ပူတင် သည် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်အား ၂၀၁၉ ခုနှစ် ကတည်းက ခေါ်ယူတွေ့ဆုံ၍ ၎င်း၏ အာကာသစခန်းအား ပထမဆုံးအကြိမ် ပြသခဲ့ပြီး ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ ဂြိုဟ်တုများ တီထွင်ထုတ်လုပ်မှုတွင် ကူညီ ပေးသွားမည်ဖြစ်သည်ဟု Yonhap News Agency သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
၃။ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအွန်က မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် အင်အားကြီးနိုင်ငံများမှ အခြားနိုင်ငံများအပေါ် ဩဇာလွှမ်းမိုး၍ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုပြုလုပ်သည့်အယူဝါဒကို ရုရှားနိုင်ငံနှင့်အတူ ပူးပေါင်းတွန်းလှန်တိုက်ဖျက် သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့နောက် ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအွန် တို့သည် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးများနှင့်အတူ မိနစ် ၉၀ ကြာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ခေါင်းဆောင် နှစ်ဦးသည် မိနစ် ၃၀ ကြာ သီးခြားထပ်မံတွေ့ဆုံခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ ရုပ်သံဌာန KBS က ဖော်ပြခဲ့ပါသည်။ သို့သော်လည်း ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံစလုံးသည် မည်သည့်တရားဝင်ထုတ်ပြန်ချက်ကိုမျှ ကြေညာခဲ့ခြင်းမရှိပါ။ ကျွမ်းကျင်သူများက နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ရုရှားနိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံသို့ ဒုံးကျည်နှင့် ဂြိုဟ်တုနည်းပညာများလွှဲပြောင်းပေးအပ်ခြင်းအပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးနိုင်သည်ဟု ခန့်မှန်းနေကြပြီး မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ် အတွင်း ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ရန် နှစ်ကြိမ်ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
မြောက်ကိုရီးယားနိုင်ငံ လေ့လာရေးတက္ကသိုလ်ဥက္ကဋ္ဌ Yang Moo-jin က အဆိုပါနှစ်နိုင်ငံတွေ့ဆုံမှု၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံစစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံမှ ထောက်လှမ်းရေးဂြိုဟ်တုနှင့် ဒုံးကျည်များကို စိတ်ဝင်စားလျက်ရှိပြီး ရုရှားနိုင်ငံသည်လည်း မြောက်ကိုရီးယားနိုင်ငံမှခဲယမ်းများကို ယူကရိန်းနိုင်ငံစစ်ပွဲတွင် အသုံးပြုရန် လိုအပ်လျက်ရှိသည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ခိုင်မာသည့် သံတမန်ဆက်ဆံရေးကို တည်ဆောက်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ရုရှားနိုင်ငံသို့ သွားရောက်မှုသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၏ မဟာဗျူဟာမြောက်အရေးပါမှုကို ပြသခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်က တွေ့ဆုံပွဲမတိုင်မီတွင် ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားနိုင်ငံခရီးစဉ်သို့ ၎င်း၏ညီမဖြစ်သူ Kim Yo Jong ပါဝင်သည့် ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကိုရီးယားအလုပ်သမားများ ပါတီမှ အကြီးတန်းအရာရှိနှင့် ကာကွယ်ရေးဝန်ကြီး Kang Sun Nam တို့ကိုပါ ခေါ်ဆောင် လာခဲ့ပါသည်။
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ ကျူးကျော် ဝင်ရောက်မှုနှင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျုကလီးယားလက်နက်များ တီထွင်ထုတ်လုပ်မှုအစီအမံနှင့်ပတ်သက်၍ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရပါသည်။ လေ့လာသုံးသပ်သူများ၏ ပြောကြားချက်အရ မြောက်ကိုရီးယား နိုင်ငံသည် ရုရှားနိုင်ငံမှ ဂြိုဟ်တုနှင့် ဒုံးကျည်အဆင့်မြင့်နည်းပညာများကို လိုအပ် နေခြင်းသည် ၎င်း၏နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်မှုအား အဆင့်မြှင့်တင်ရန် အတွက် ဖြစ်သည်ဟု ဆိုပါသည်။ တောင်ကိုရီးယားနိုင်ငံတွဲဖက်စစ်ဦးစီးချုပ်က မြောက်ကိုရီးယားနိုင်ငံသည် ဩဂုတ်လ ၁၃ ရက်နေ့တွင် ဂျပန်ပင်လယ်ပြင်အတွင်းသို့ ဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ပြီး အဆိုပါဒုံးကျည်များသည် ၆၅၀ ကီလိုမီတာခန့် ပျံသန်းပြီး ပင်လယ်ပြင်သို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်း ဒုံးကျည်များ ဆက်တိုက်ပစ်လွှတ်နေမှုသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် ရန်စမှုများဖြစ်သည်ဟု ဆိုသည်။ ၎င်းအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်ခြင်းဖြစ်သောကြောင့် ဤကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းမှုများပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ရုရှားနိုင်ငံသမ္မတနှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တို့၏ တွေ့ဆုံမှုသည် ဒုံးကျည်တီထွင်ထုတ်လုပ်ရန်၊ စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုများကို ရင်ဆိုင်ဖြေရှင်းရန်၊ ဒေသအတွင်း မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်နိုင်သည်ဟု ပညာရှင်အချို့က သုံးသပ်နေကြသည်။ အဓိကအကြောင်းအရာမှာ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထံမှ ဂြိုဟ်တုနှင့် တာဝေးပစ်ဒုံးနည်းပညာများ ရယူလိုနေပြီး ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံစစ်ပွဲတွင် အသုံးပြုရန် ခဲယမ်းများလိုအပ်လျက်ရှိနေသောကြောင့် အပြန်အလှန် ကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သုံးသပ်နေကြပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ ကဲ့သို့ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေချိန်တွင် ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကလည်း မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကို ပြသ၍ အင်အားချိန်ခွင်လျှာညှိနိုင်ရန် ဆောင်ရွက်လာခြင်းဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးသည် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုခံနေရသည့် အခြေအနေတွင် နှစ်နိုင်ငံ အရင်းအနှီးနှင့် အရင်းအမြစ်များကို ဖလှယ်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေ နိုင်မည့် အလားအလာကို ဖော်ဆောင်ခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်နိုင်ပါသည်။
ရုရှားနိုင်ငံလက်နက်စက်ရုံများအနေဖြင့် ယူကရိန်းနိုင်ငံနှင့်စစ်ပွဲတွင် ခဲယမ်း ၁၇ သန်း လိုအပ်မည်ဟု ခန့်မှန်းထားပြီး ၎င်းနိုင်ငံစက်ရုံများအနေဖြင့် တစ်နှစ်လျှင် ခဲယမ်း ၂.၅ သန်းသာ ထုတ်လုပ်နိုင်သည့်အတွက် စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ခဲယမ်း လိုအပ်ချက်လည်း မြင့်မားလျက်ရှိပါသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကာလ ရှည်ကြာစွာ ရုရှားနိုင်ငံထုတ်လက်နက်များ၊ ရုရှားနည်းပညာဖြင့် တည်ဆောက်ထားသည့် လက်နက်စက်ရုံများ ရှိခြင်းကြောင့် ရုရှားနိုင်ငံက လိုအပ်နေသည့် ခဲယမ်းများကို ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်တစ်ခုကဲ့သို့ ဖြစ်နေပါသည်။ ထိုအခွင့်အရေးကို အမိအရအသုံးချ၍ ကင်ဂျုံအွန်ကလည်း မြောက်ကိုရီးယားနိုင်ငံအတွက် လိုအပ်နေသည့် ဂြိုဟ်တုနှင့် တာဝေးပစ်ဒုံးကျည်နည်းပညာများဖြင့် အပေးအယူလုပ်ခဲ့သည်ဟု ယူဆ နိုင်ပါသည်။
မိမိတို့မြန်မာနိုင်ငံအနေဖြင့် ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသမ္မတ ချန်ဒူးဝန်အား မြောက်ကိုရီးယားနိုင်ငံ အဖွဲ့များမှ ဝင်ရောက် လုပ်ကြံသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ဆက်ဆံရေးဖြတ်တောက်ခဲ့ကာ ၂၀၀၇ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ပါသည်။ ထို့နောက် ၂၀၁၈ ခုနှစ် NLD အစိုးရ လက်ထက်တွင် ဆက်ဆံရေးပြန်လည်ဖြတ်တောက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ယခု နစကအစိုးရလက်ထက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေအား မြောက်ကိုရီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည် စတင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ နိုင်ငံများ၏ ဆက်ဆံရေးအတက်အကျများသည် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စများသာဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဆက်ဆံရေးဖြတ်တောက်သည်၊ မည်သည့်အတွက်ကြောင့် ဆက်ဆံရေးစတင်သည်ဟူသည့်အချက်ကို သက်ဆိုင်ရာနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွား အကျိုးအမြတ်နှင့် ချိန်ထိုးသုံးသပ်နိုင်ရန်မှာ ထိုနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
112092123
[1]။ Kim Jaewon,“North Korea's Kim Meets Putin at Russian Space Center”. Nikkei Asia. 13 September 2023 [/https:// asia.nikkei.com/ Spotlight/ N-Korea-at-crossroads/ North-Korea-s-Kim-meets-Putin-at-Russian-space-center/]-accessed on 15 September 2023.