အမေရိကန်၏
အကြွေးပမာဏမှာ ၁၉၈၉ ခုနှစ်တွင် စတင်ကြေညာခဲ့သည့်အချိန်တွင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံသာရှိခဲ့ရာမှ
ယခုအခါ ၃၁ ထရီလီယံသို့ မြှင့်တက်လာခဲ့ပါသည်။ ထိုသို့ အကြွေးပမာဏများပြားနေသော်လည်း
ထင်ရှားသည့် စီးပွားရေးကျဆင်းမှု မရှိခဲ့ခြင်းကြောင့် အလွယ်တကူပင် လစ်လျှူရှုခဲ့ကြပါသည်။
သို့သော်လည်း ယခုအခါ အမေရိကန်၏ အကြွေးများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်လာနိုင်သည့်
အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ ယခုအခါ
အမေရိကန်၏ အကြွေးပမာဏမှာ ၎င်းလက်ခံနိုင်သည့် ပမာဏ (Debt Ceiling) ထက်ကျော်လွန်လာခြင်းမှာ
ကြီးမားသော ပြဿနာတစ်ရပ်ပင်ဖြစ်သည်။
Debt Ceiling ဆိုသည်မှာ အမေရိကန်အစိုးရအနေဖြင့်
၎င်း၏ အခြေခံ လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်လွှတ်တော်မှ ခွင့်ပြုပေးသော
ချေးယူနိုင်သည့် ငွေကြေးပမာဏကို ဆိုလိုပါသည်။ ထိုငွေကြေးဖြင့် အစိုးရအသုံးစရိတ်များဖြစ်သော
ကျန်းမာရေးအာမခံများမှ စစ်တပ်အတွက်လစာပေးခြင်းလုပ်ငန်းများအထိ ဆောင်ရွက်ရပါသည်။ ယခု
လွှတ်တော်မှ ခွင့်ပြုပေးထားသည့် Debt Ceiling မှာ ၃၁.၄ ထရီလီယံ (GDP ၏ ၁၁၇ ရာခိုင်နှုန်း)
ဖြစ်ပြီး၊ သုံးစွဲချေးယူသည့်ငွေမှာ ထိုပမာဏမှ တက်လိုက်ကျလိုက်ဖြစ်နေပါသည်။ မေလ ၁ ရက်နေ့တွင်
ဘဏ္ဍာရေးဝန်ကြီး Janet Yellen က အစိုးရအနေဖြင့် ဇွန် လ တစ်ရက်နေ့နောက်ဆုံးထားပြီး ဘတ်ဂျတ်ထဲမှ
အရန်ငွေ စုဆောင်းထားရန် သတိပေးခဲ့ရသည်။ (အသုံးလျော့ပြီး ငွေစုထားခိုင်းခြင်းဖြစ်ပါသည်။)
ထိုသတိပေးချက်က အမေရိကန်အနေဖြင့် အစိုးရသုံးစွဲသည့်
ငွေကြေးပမာဏကို မဖြတ်တောက်နိုင်ပါက ချေးငွေမဆပ်နိုင်သည့် ပြဿနာနှင့် ရင်ဆိုင်လာရနိုင်မည်ဟု
ဆိုလိုပါသည်။ ထိုအခြေအနေက ကမ္ဘာ့ဈေးကွက်ကိုပါ ပျက်စီးသွားစေနိုင်ပါသည်။ ချေးငွေမဆပ်နိုင်ပါက
ကမ္ဘာကြီး၏ အရေးအကြီးဆုံးသော ငွေကြေးစနစ်အပေါ် ယုံကြည်မှုကို ပျက်ပြားစေနိုင်ပြီး၊
အစိုးရဘတ်ဂျတ်ဖြတ်တောက်မှုများလာပါကလည်း ကြီးမားသည့် စီးပွားပျက်ကပ်ဖြစ်လာနိုင်ပါသည်။
အမေရိကန်လွှတ်တော်က အရင်ကလုပ်ခဲ့သည့်နည်းလမ်းအတိုင်း Debt Ceiling ကို တိုးမြှင့်မည်ဆိုပါကလည်း
အမေရိကန် ဘဏ္ဍာရေးစနစ်ပျက်စီးနိုင်ပြီး ပြန်လည်နလံထူရန် ခက်ခဲမည်ဖြစ်ပါသည်။
အမှန်တော့ အမေရိကန်၏ Debt Ceiling ဆိုသည်ကလည်း
စီးပွားရေးသီအိုရီများဖြင့် စနစ်တကျ တွက်ချက်ထားခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ သတ်မှတ်ချက်တစ်ခုကဲ့သို့သာ
ဖြစ်နေပါသည်။ ထိုအခြေအနေတွင် မည်သည့်နိုင်ငံကမှလည်း အရှုပ်ထဲမဝင်လိုကြပါ။ ထို့ကြောင့်
အဆိုပါပြဿနာအတွက် နိုင်ငံရေးအဖြေတစ်ခုတော့ လိုအပ်နေပြီဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း
ဒီမိုကရက်နှင့် ရီပါဘလစ်ကန် နှစ်ပါတီစလုံးက ထိုအခြေအနေကို ပူးပေါင်းဖြေရှင်းမှုပြုလုပ်ရန်
မသေချာမရေရာခြင်းကြောင့် စိုးရိမ်ပူပန်နေကြပါသည်။ ဘဏ္ဍာရေးဝန်ကြီး၏ သတိပေးချက်ကြောင့်လည်း
၎င်းတို့အနေဖြင့် အစိုးရဆီမှ ငွေကြေးပြန်လည်ရရှိရန်လည်း မသေချာလှပါ။ အောက်လွှတ်တော်တွင်
ဒီမိုကရက်များအဆိုပြုခဲ့သည့် အကြွေးများလျှော်ပစ်ရန်အဆိုကလည်း မအောင်မြင်ခဲ့ပါ။ ရီပါဘလစ်ကန်ပါတီမှ
လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy က လာမည့် ဆယ်စုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုကုစားရေးမှ
ဒေါ်လာထရီလီယံနှင့်ချီဖြတ်တောက်ပြီး ၂၀၂၄ တွင် Debt Ceiling ကိုတိုးမြှင့်ရန် ဥပဒေကြမ်းတင်သွင်းထားပါသည်။
ထိုဥပဒေက ဧပြီလ ၂၄ ရက်နေ့က အောက်လွှတ်တော် (House) မှအတည်ပြုပြီးဖြစ်သော်လည်း ဒီမိုကရက်ကြီးစိုးသည့်
အထက်လွှတ်တော် (Senate) မှအတည်ပြုရန် မရှင်းလင်းသေးပါ။
သမ္မတဘိုင်ဒန်က မေလ ၉ ရက်နေ့တွင် ပါတီနှစ်ခုစလုံးမှ
ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ဖိတ်ကြားထားပါသည်။ ဘိုင်ဒန်က Debt Ceiling တိုးမြှင့်ရန်ကိစ္စကို ညှိနှိုင်းမည့်
အလားအလာရှိနေပါသည်။ ထိုကိစ္စအထမြောက်လာပါက အမေရိကန်၏ ဘဏ္ဍာရေးစနစ်မှာ ရှက်ဖွယ်လိလိဖြစ်နေပြီး
အန္တရာယ်ရှိသည့်အခြေအနေသို့ ရောက်နေပြီကို ပြသနေခြင်းဖြစ်ပါလိမ့်မည်။ အထူးသဖြင့် အကြွေးပမာဏ
(Debt Level) က အဓိကအားနည်းချက်မဟုတ်သော်လည်း အစိုးရအနေဖြင့် နိုင်ငံ၏ဝင်ငွေထက်ပို၍
သုံးစွဲနေခြင်း- ဘဏ္ဍာရေးလိုငွေပြနေခြင်း (Fiscal deficit) က အဓိကပြဿနာဖြစ်ပါသည်။
ပြီးခဲ့သည့် ရာစုနှစ်ဝက်ခန့်က အမေရိကန်၏
ဘဏ္ဍာရေးလိုငွေပြနေခြင်းမှာ နှစ်စဉ် GDP ၏ ၃.၅ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ဖေဖော်ဝါရီလက
Congressional Budget Office (CBO) ၏ အဆိုအရ လာမည့် ဆယ်စုနှစ်အတွင်း ၆.၁ ရာခိုင်နှုန်းရှိလာလိမ့်မည်ဟု
ဆိုပါသည်။ လက်တွေ့တွင်ထို့ထက် ပိုပါလိမ့်မည်။ CBO ၏ တွက်ချက်မှုတွင် ကိုဗစ်ကာလမှစ၍
စီးပွားရေးကျဆင်းသည့် အခြေအနေကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ။ ထိုသို့ စီးပွားရေးကျဆင်းခြင်းက
အခွန်ငွေများကျဆင်းခြင်း၊ အလုပ်လက်မဲ့အာမခံငွေများတိုးလာခြင်းကြောင့် ဘဏ္ဍာရေးလိုငွေပြနေခြင်းကို
အခြေအနေပိုဆိုးစေနိုင်ပါသည်။ CBO အနေဖြင့် ဘိုင်ဒန်အစိုးရ၏ ကြီးမားသော စက်မှုလုပ်ငန်းတိုးချဲ့ရေးမူဝါဒအတွက်
ဘဏ္ဍာငွေသတ်မှတ်ရန်လည်း ခေါင်းခဲနေရပါသည်။ ၎င်းတို့အနေဖြင့် လျှပ်စစ်ကားများနှင့် အခြားသော
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ထောက်ပံ့ငွေ ဒေါ်လာ ၄၀၀ ဘီလီယံ ပံ့ပိုးရန်လျာထားသော်လည်း
စီးပွားရေးလုပ်ငန်းများက အကန့်အသတ်မရှိသည့် အကောက်ခွန်အကြွေးများဖြင့် နစ်နေပါသည်။
Goldman Sachs ဘဏ်တစ်ခုတည်းအကြွေးမှာ ၁.၂ ထရီလီယံရှိနေပါသည်။
CBO ၏တွက်ချက်မှုက လက်ရှိဥဒေများကြောင့်လည်း
ကန့်သတ်ချက်ရှိနေပါသည်။ သမ္မတ ထရမ့်လက်ထက်က ၂၀၁၇ ခုနှစ်က အကောက်ခွန်လျော့ချသည့် ဥပဒေများပြဋ္ဌာန်းခဲ့ပြီး
၂၀၂၅ ခုနှစ်မှ သက်တမ်းကုန်မည်ဖြစ်သည်။ ဘိုင်ဒန်ကလည်း ကျောင်းသားများအတွက် ချေးငွေအစီအစဉ်များ
ဆောင်ရွက်လိုနေသည့်အတွက် ထိုကိစ္စများက ဘဏ္ဍာရေးလိုငွေပြမှုကို ပိုဆိုးစေပါသည်။ ထိုကဲ့သို့အခြေအနေတွင်
စက်မှုလုပ်ငန်းများအတွက် ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲဦးမည်ဆိုပါက အမေရိကန်၏ ဘဏ္ဍာရေးလိုငွေသည်
လာမည့်ဆယ်စုနှစ်အတွင်း ၇ ရာခိုင်နှုန်းခန့် ထပ်တက်လာနိုင်ပြီး ၂၀၃၀ မတိုင်မီ ၈ ရာခိုင်နှုန်းခန့်ရှိလာနိုင်ပါသည်။
၂၀၅၀ ပြည့်နှစ်များသို့ရောက်လျှင် အမေရိကန်၏ အကြွေးမှာ ၂၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိပြီး
၁၀၀ ထရီလီယံခန့် ရှိလာနိုင်ပါသည်။ မည်သည့်အချိန်တွင် (မရှင်းနိုင်သည့်) လုံးဝအကျပ်အတည်းသို့ကျရောက်မည်ကို
မမှန်းနိုင်သော်လည်း အကြွေးများလာလေလေ၊ အတိုးနှုန်းမြင့်လာလေလေဖြစ်ပြီး ဖြေရှင်းရန်ခက်ခဲလာပါလိမ့်မည်။
လုံခြုံရေးဘတ်ဂျတ်မြှင့်မည်လား၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် သုံးမည်လား
(guns-or- butter dilemma) ဟူသည့် အကျပ်အတည်းမှ အစိုးရအနေဖြင့် bond များကိုသာထုတ်ရောင်းနေရပြီး
လုံခြုံရေးအတွက်ငွေကြေးမထုတ်နိုင်(bonds-not-guns) သည့်အခြေအနေသို့ ရောက်လာပါသည်။
အနာဂတ်တွင် ဘဏ္ဍာရေးလိုငွေပြမှုကို လျော့ချကောင်းလျော့ချနိုင်မည်ဖြစ်သော်လည်း
လက်ရှိအချိန်တွင်တော့ အမေရိကန်အနေဖြင့် အကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်ပါသည်။ အကြွေးဆပ်နိုင်ရန်အတွက်
အစိုးရအနေဖြင့် ပုပ္ပလိက အပ်ငွေများစွာလိုပါသည်။ အပ်ငွေများလျှင်လည်း စီးပွားရေးလုပ်ငန်းများရင်းနှီးမြှုပ်နှံ့မှုလျော့ကျနိုင်ပြီး
မတည်ငွေနည်းလာသောကြောင့် အလုပ်သမားများ၏ စွမ်းဆောင်ရည်နည်းပြီး စီးပွားရေးတိုးတက်မှုနှုန်းလျော့နည်းလာမည်ဖြစ်သည်။
အစိုးရအနေဖြင့် ပြည်တွင်း/ပြည်ပ အပ်ငွေများအောင် အတိုးနှုန်းမြှင့်ရခြင်း ပြဿနာထပ်တိုးလာပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အခြားယုံကြည်စိတ်ချရသည့်နေရာများသို့ ရွှေ့ပြောင်းကြပါသည်။
ထို့ကြောင့် အတိုးနှုန်းမြှင့်ခြင်းကလည်း အမေရိကန်၏ ဘဏ္ဍာရေးအားနည်းချက်ကို တိုး၍တိုး၍သာ
ဖြစ်စေပါမည်။ နောက်ဆုံးတွင် ဤအဆိုးကျော့သံသရာမှ ရုန်းထွက်နိုင်ရန် ခက်ခဲလာပါသည်။ ဤအခြေအနေတွင်
အခြေခံအားဖြင့် အစိုးရအနေဖြင့် အကျိုးအမြတ်လျော့ချခြင်းနှင့် အကောက်ခွန်မြှင့်တင်ခြင်း
နှစ်ခုအကြားရွေးချယ်ရပါလိမ့်မည်။ ဒေသဆိုင်ရာဘတ်ဂျတ်များတွင်လည်း အသုံးစရိတ်လျော့ချခြင်းနှင့်
အရန်ငွေစုဆောင်းခြင်းသည်သာ ဘဏ္ဍာရေးလိုငွေပြမှုကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော
နည်းလမ်းဖြစ်နေပါသည်။
အမေရိကန်နိုင်ငံ၏ ထိုကဲ့သို့ အခြေအနေများများနှင့်
ရင်ဆိုင်နေရခြင်းသည့် အစိုးရအဆက်ဆက် ပြဿနာကိုဖြေရှင်းရန်ပျက်ကွက်ခဲ့မှုနှင့် ပါတီနိုင်ငံရေးလွန်ကဲနေမှုကြောင့်
ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။ ရီပါဘလစ်ကန်တို့က အစိုးရဘတ်ဂျတ်လျော့ချဖြတ်တောက်ရန်အားသန်နေပြီး
ဒီမိုကရက်တို့က အကောက်ခွန်တိုးမြှင့်ရန်အားသန်နေကြသည်။ ထိုအကြောင်းပြချက်များက နိုင်ငံရေးအရ
ပေါ်ပြူလာဖြစ်နိုင်သော်လည်း နှစ်ဘက်စလုံးမှာ အစိုးရအသုံးစရိတ်မှ ရသမျှယူနေကြသည်သာဖြစ်ပါသည်။
ထို့ကြောင့် အမေရိကန်၏ ဘဏ္ဍရေးကိုကုစားနိုင်ရန် ဖြစ်သင့်သည့် မူဝါဒချမှတ်ရန်အတွက် မလွယ်ကူလှသည့်
အခြေအနေတွင်ရှိပါသည်။ မူဝါဒချမှတ်သူများ၊ လွှတ်တော်နှင့် သမ္မတများကလည်း ထိရောက်စွာကိုင်တွယ်ရန်
ဆန္ဒရှိပုံမရကြပါ။
ထို့ကြောင့် CBO အနေဖြင့် Debt
Ceiling ကိုမြှင့်တင်ရန်နှင့် အကြွေးလျော်ပစ်ရန်အစီအစဉ်ကို အကြံပေးသည့်အခြေသို့ဆိုက်လာရခြင်းဖြစ်သည်။
အစိုးရအသုံးစရိတ်ကို ငွေချေးယူခြင်းဖြင့် ကုစားမည့်အစီအစဉ်က စီးပွားရေးတိုးတက်မှုကို
ဆောင်ကြဉ်းပေးနိုင်လိမ့်မည်မဟုတ်ပါ။ အမေရိကန်အနေဖြင့် ထိရောက်သည့်မူဝါဒများချမှတ်ရန်
ပါတီနှစ်ခုသဘောတူညီချက်နှင့် ထိရောက်သည့် နိုင်ငံရေးဆွေးနွေးမှုများလိုအပ်နေပါသည်။
အဆိုးဆုံးက ခေါင်းဆောင်များက ထိုသို့ လုပ်ဆောင်ရန် ဆန္ဒမရှိကြခြင်း ဖြစ်ပါသည်။
(မှတ်ချက်။ စီးပွားရေးပညာရပ်ဆန်သော ဆောင်းပါးဖြစ်ပါသည်။ တစိမ့်စိမ့်ဖတ်၍ တစိမ့်စိမ့်
တွေးရမည့် ဆောင်းပါးဖြစ်ပါသည်။ စီးပွားရေးအသိပညာဗဟုသုတရှိပါက နားလည်နိုင်ရန် ပိုမိုလွယ်ကူပါလိမ့်မည်။
သိလိုသည်များရှိသည့် မန်ဘာများအနေဖြင့် comment တွင်မေးမြန်းနိုင်ကြပါသည်။)
Myanmar Aspect
22051923