နိဒါန်း
တရုတ်နိုင်ငံသည် ၎င်း၏စံပြုမြေပုံအသစ်နှင့်ပတ်သက်သည့် အငြင်းပွားမှု အချက်အလက်များကို တုံ့ပြန်ပြောကြားမှုမပြုလုပ်သည့် အခြေအနေနှင့် မြေပုံအသစ် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်သည့် အကြောင်းအရင်းများအပေါ် သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်ထုတ်စံပြုမြေပုံသည် ၎င်းနှင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများအကြား တင်းမာမှုများဖြစ်ပွားစေခဲ့ပါသည်။ သို့သော်လည်း နိုင်ငံတကာအနေဖြင့် ယင်းမြေပုံနှင့် ပတ်သက်၍ အဓိကဆိုလိုသည့် အကြောင်းအရင်းအား ယခုအချိန်ထိ နားလည် သဘောပေါက်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါသည်။ အချို့သောနိုင်ငံများသည်လည်း ပိုင်နက်နယ်မြေ ဆိုင်ရာအငြင်းပွားမှုများနှင့်သာ သက်ဆိုင်သည့် ကန့်ကွက်မှုများသာ ပြုလုပ်ခဲ့ကြပါသည်။ တရုတ်နိုင်ငံ၏ အဆိုပါမြေပုံတွင် အိန္ဒိယနိုင်ငံ၏ Arunachal Pradesh နှင့် Aksai Chin ပြည်နယ်များ၊ ထိုင်ဝမ်ကျွန်း၊ ဗီယက်နမ်နိုင်ငံ၏ Paracel ကျွန်းစုများ၊ ဖိလစ်ပိုင်နိုင်ငံ၏ Scarborough Shoal ကျွန်းတို့အပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့နှင့် သက်ဆိုင်နေသည့် Spratly ကျွန်းစုအားလုံးကို တရုတ်နိုင်ငံ၏ အဆိုပြုပိုင်နက်အတွင်း ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် အဆိုပါနိုင်ငံများနှင့် တင်းမာမှုများဖြစ်ပေါ်ခဲ့ပါသည်။ လက်တွေ့တွင် တရုတ်နိုင်ငံသည် ဤမြေပုံမထုတ်ပြန်မီ ယခင်ကတည်းက ဒေသတွင်း နိုင်ငံများနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ပါသည်။ အချို့ သဘောထားကွဲလွဲမှုများသည် ရေကြောင်းဆိုင်ရာတရားစီရင်ပိုင်ခွင့်နှင့် သက်ဆိုင်နေပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ပင်လယ်ရေကြောင်းဇုန်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့်ကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုအား ပယ်ချခဲ့ပါသည်။ မလေးရှားနိုင်ငံသည် ဆာဘားနှင့် ဆာရာဝပ်ပြည်နယ်များရှိ ၎င်း၏ ရေပိုင်နက်များအား တရုတ်နိုင်ငံ၏ တစ်ဖက်သတ်တောင်းဆိုမှုကို ရှုတ်ချခဲ့ကာ ဗီယက်နမ် နိုင်ငံကလည်း ၎င်း၏အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့် ပင်လယ်ပြင်တရားစီရင်ပိုင်ခွင့် တို့အား တရုတ်နိုင်ငံအနေဖြင့် ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ပါသည်။
အခြားပြဿနာများသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာဥပဒေကို လိုက်နာမှု မရှိခြင်းနှင့် ဆက်စပ်နေပါသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့သည် တရုတ်နိုင်ငံ၏ တစ်ဖက်သတ်နယ်မြေပိုင်ဆိုင်မှုဖော်ပြသည့် “Nine-dash Line” မျဉ်းနှင့် ဆင်တူသော “U-shaped Line” မျဉ်းကို မြေပုံအသစ်တွင် ထည့်သွင်းရေးဆွဲထားမှုအား ကန့်ကွက်မှုပြုလုပ်ခဲ့ပါသည်။ “Nine-dash Line” မျဉ်းအား ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ၏ တောင်းဆိုမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS)အရ ခုံသမာဓိရုံးအဖွဲ့က စစ်ဆေးခဲ့ပြီး စီရင်ချက်ချကာ တရားဝင်ပယ်ချ ခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့သော အငြင်းပွားနေမှုများနှင့် အပြန်အလှန်ကန့်ကွက်နေကြသည့် ကိစ္စရပ်များမှာ အများမြင်သာသည့်ကိစ္စများဖြစ်သော်လည်း ယခုတရုတ်နိုင်ငံမှ ထုတ်ပြန် ခဲ့သည့် မြေပုံကိစ္စနှင့်ပတ်သက်၍ လူအများနားလည်ထားချက်များ မှန်ကန်မှုရှိ/ မရှိသည် ဆိုသည့်အချက်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေပါသည်။
၄။ လေ့လာသူအချို့က ဤမြေပုံသစ်သည် တရုတ်နိုင်ငံ၏ အခြားမတူညီသည့် ရှုထောင့်တစ်ခုကို ရည်ညွှန်းနေခြင်းဖြစ်နိုင်ပြီး U-ပုံသဏ္ဌာန်မျဉ်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေနှစ်ခုရှိသည်ဟု ဆိုသည်။ ပထမတစ်ချက်အနေဖြင့် တရုတ်နိုင်ငံတွင်လည်း ၎င်းပိုင်ဆိုင် သည်ဟု ယူဆသည့်နေရာများကို အဆိုပြုပိုင်ခွင့်ရှိနေသည့်အတွက် သဘောမတူညီသည့် နိုင်ငံများအနေဖြင့်လည်း နိုင်ငံရေးအရကန့်ကွက်နိုင်သကဲ့သို့ ကန့်ကွက်မှုမလုပ်ဘဲလည်း နေနိုင်ပါသည်။ အမှန်တကယ်မှာ နိုင်ငံများ၏ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများသည် ဖြစ်လေ့ဖြစ်ထ ရှိသည့်ကိစ္စရပ်တစ်ခုသာဖြစ်ပါသည်။ လူသိနည်းသည့်ကိစ္စရပ်တစ်ခုမှာ ယခုတစ်ပါတီ ကွန်မြူနစ်စနစ်ဖြင့် အုပ်ချုပ်နေသည့် တရုတ်အစိုးရထုတ်ပြန်နေသည့် U-ပုံသဏ္ဌာန် မျဉ်းကြောင်း၏ မူလဇစ်မြစ်မှာ ၁၉၄၆ ခုနှစ် ချန်ကေရှိတ်၏ အစိုးရလက်ထက်ကတည်းက စတင်ရေးဆွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ကို သတိပြုရပါမည်။
ဒုတိယဖြစ်နိုင်ခြေရှိသည့်အချက်မှာ တရုတ်နိုင်ငံမြေပုံအသစ်သည် U-ပုံသဏ္ဌာန် မျဉ်းအတွင်းရှိ ကုန်းမြေသာမက ရေပိုင်နက်ဆိုင်ရာ အခွင့်အာဏာများကို အဆိုပြုနေခြင်း ဖြစ်နိုင်ပြီး UNCLOS ၏ ခုံသမာဓိရုံးအဖွဲ့က ပယ်ချခဲ့ခြင်း၏ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း မြေပုံပေါ်ရှိ U-ပုံသဏ္ဌာန်မျဉ်းအား မည်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သည်ဟု အတိအလင်းကြေညာခဲ့ခြင်းမရှိသော်လည်း ၁၉၄၆ ခုနှစ်တွင် ရေးဆွဲခဲ့သည့် မြေပုံအရ တရုတ်နိုင်ငံတွင် အဆိုပြုနိုင်သော သမိုင်းကြောင်းဆိုင်ရာအခွင့်အရေး (Historical Rights) ကို ပိုင်ဆိုင်နေပါသည်။ ထို့ကြောင့် UNCLOS ၏ နိုင်ငံတကာဥပဒေများအရပင် ပေးအပ်ထားသော အခွင့်အရေးများရှိသည်ဟု တရုတ်နိုင်ငံမှ တရားရေးကျွမ်းကျင်သူ များက ပြောဆိုနေကြခြင်းဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံက အဆိုပြုနေသော Nine-dash Line မျဉ်းသည် တရားဝင်မဟုတ်သော်လည်း ၎င်းအနေဖြင့် သမိုင်းကြောင်းဆိုင်ရာ အခွင့်အရေးအရ ၎င်းတို့၏ နယ်မြေပိုင်ဆိုင်မှုကို ထိပါးမလာစေရေးနှင့် နိုင်ငံတကာ ဥပဒေများအရ တရားဝင်ကန့်သတ်မခံရစေရေးအတွက် ဆောင်ရွက်နေသည်ဟု ယူဆ နိုင်ပါသည်။
သတိပြုသင့်သည့် နောက်ထပ်အချက်တစ်ချက်မှာ တရုတ်နိုင်ငံ၏ မြေပုံ အသစ်တွင် ပါဝင်သည့် U-ပုံသဏ္ဌာန်မျဉ်းသည် ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည့် ၎င်း၏ယခင် “Nine-dash Line” မျဉ်းနှင့် နှိုင်းယှဉ်ပါက ခြားနားချက် အချို့ရှိနေပါသည်။ ၎င်းသည် “Nine-dash Line” မျဉ်းအစား ယခုအခါတွင် “Ten-dash Line” မျဉ်းကို အသုံးပြုထားပါသည်။ ယခင်က မြေပုံနှင့် လုံးဝကွဲပြားခြားနားနေခြင်းမျိုး မဟုတ်သော်လည်း ၁၀ ခုမြောက်မျဉ်းအား ထိုင်ဝမ်ကျွန်းအရှေ့ဘက်တွင် ရေးဆွဲ ထားပြီး တောင်တရုတ်ပင်လယ်၏ အပြင်ဘက်သို့ပင် ရောက်နေသည်ကို တွေ့ရှိရပါသည်။ ထိုနေရာသည် တရုတ်နိုင်ငံအနေဖြင့် သမိုင်းကြောင်း အထောက်အထားများအရ တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသည့်နေရာဖြစ်ပြီး UNCLOS မှ အသိအမှတ်ပြုထားသည့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းနယ်နိမိတ်နှင့်လည်း သက်ဆိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေများအရ ၎င်း၏ပိုင်နက်နယ်နိမိတ်ကို အမာခံနယ်မြေများမှတစ်ဆင့် အခြေခံရေးဆွဲခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယခု Nine or Ten-dash Line သည် တရုတ်နိုင်ငံ၏ ပြည်တွင်းပင်လယ် ရေကြောင်းဆိုင်ရာ ဥပဒေများနှင့်လည်း သက်ဆိုင်နေခြင်းမရှိသည်ကို တွေ့ရသည်။ စင်စစ်အားဖြင့် အဆိုပါ U-ပုံသဏ္ဌာန် မျဉ်းကြောင်းသည် ရေပိုင်နက်ဆိုင်ရာ ရပိုင်ခွင့်များကိုရနိုင်မည် မဟုတ်ပါ။(ထိုသို့တောင်းဆို၍မရနိုင်ခြင်း ဥပဒေကြောင်းအရ ဆက်စပ်မှုမရှိနေခြင်းကိုလည်း တရုတ်နိုင်ငံမှ သဘောပေါက်ထားပြီးဖြစ်သည်ကို ဆိုလိုပါသည်။) ဤသို့သော အထောက်အထားနှင့် အချက်အလက်များအရ ယခု မြေပုံအသစ်မှ U-Shape မျဉ်းသည် အများတွေးထင်နေသကဲ့သို့ တရုတ်နိုင်ငံ၏ ရေကြောင်းနယ်နိမိတ်ပိုင်ဆိုင်မှုကို (အခိုင်အမာ အဆိုပြုနေခြင်း) နှင့် ဆက်စပ်၍မရနိုင်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း ထိုကိစ္စရပ်များကို တရုတ်နိုင်ငံအနေဖြင့် ရှင်းလင်းစွာ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပါ။ အကြောင်းမှာ တရုတ်နိုင်ငံအနေဖြင့် ယခင်ကတောင်တရုတ် ပင်လယ်တွင် ဩဇာလွှမ်းမိုးမှု ရှိခဲ့သော်လည်း ယခုအခါတွင် အချုပ်အခြာအာဏာ အခွင့်အရေး (Sovereign Rights) မရှိဟု တစ်ဖက်လှည့်ဖြင့် ဝန်ခံနေခြင်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် တရုတ်နိုင်ငံတွင် ယခုထုတ်ပြန်သည့် နယ်နိမိတ်ပိုင်ဆိုင်မှုကို သမိုင်းကြောင်းဆိုင်ရာအခွင့်အရေး (Historical Rights) အရ ရေးဆွဲအဆိုပြုနိုင်သော်လည်း တရုတ်နိုင်ငံတွင် ဥပဒေကြောင်းအရ အမှန်တကယ်သက်ဆိုင်သည့် အချုပ်အခြာအာဏာပိုင် အခွင့်အရေး (Sovereign Rights) မရှိသည်ကို တိတ်တဆိတ်ဝန်ခံနေခြင်း (Stealthy Compliance)ပင်ဖြစ်ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည့်ကိစ္စဖြစ်သောကြောင့် ပြည်တွင်းမှ ဖိအားများကို ရှောင်လွဲနိုင်ရန်အတွက် ထိုအကြောင်းအရာများကို ထုတ်ဖော်ပြောဆိုမှုမရှိခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ထို့ကြောင့်ပင် တရုတ်နိုင်ငံအစိုးရက မြေပုံအသစ်အပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်နိုင်ကြရန် (Objective and Rational Way)က တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။
သုတေသနပြုချက်များအရ ၂၀၁၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်တွင် ၎င်း၏ နယ်မြေပိုင်ဆိုင်မှုအရေးနှင့်ပတ်သက်၍ တစ်ဖက်တွင် ပြည်သူ များ၏ ဖိအားပေးမှုနှင့် အခြားတစ်ဖက်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများအကြား ဖိအားများနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့်ပင် တရုတ်နိုင်ငံသည် ၎င်း၏မြေပုံကိစ္စအား တရားဝင်ရှင်းလင်းပြောကြားခြင်းမရှိဘဲ UNCLOS သမာဓိခုံရုံး၏ စီရင်ချက်ကို တိုက်ရိုက် ချိုးဖောက်ခြင်းမှ ရှောင်ရှားရန် “တိတ်တဆိတ်ဝန်ခံမှု”(Stealthy Compliance) ဟူသောမူဝါဒကို ကျင့်သုံးနေခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ဤအကြောင်းအရင်းများကြောင့် တရုတ်နိုင်ငံ၏ ရေပိုင်နက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ယခုနိုင်ငံတကာတွင် အများသဘောပေါက်နားလည်နေသည့် အချက်များနှင့် ကွဲလွဲလျက်ရှိနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြိုင်ဘက်နိုင်ငံများ၏ အပြင်းအထန် ဖိအားပေးမှုများက တရုတ်ပြည်သူများအား နှိုးဆွသကဲ့သို့ ဖြစ်စေပြီး တရုတ်နိုင်ငံအစိုးရအနေဖြင့်လည်း နယ်နိမိတ်အဆိုပြုမှုများကို တိုးမြှင့်ဆောင်ရွက် လာနိုင်ပါသည်။ တစ်နည်းအားဖြင့် ယခုတရုတ်နိုင်ငံအစိုးရမှ ၎င်းတို့တွင် အချုပ်အခြာ အာဏာပိုင်အခွင့်အရေး (Sovereign Rights) မရှိဟု တိတ်တဆိတ်ဝန်ခံနေသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းက အကောင်းဆုံးဖြစ်နိုင်ကြောင်း ထောက်ပြရေးသားထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနယ်မြေများအား ထည့်သွင်းရေးဆွဲထားသည့် တရုတ်နိုင်ငံ၏ မြေပုံနှင့် ပတ်သက်သည့် အငြင်းပွားမှု များနှင့် ဖြစ်နိုင်ခြေရှိသည့်အချက်များကို သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများ၊ ဥပဒေဆိုင်ရာ အထောက်အထားများဖြင့်ပြဆို၍ အများနားလည်နေမှုနှင့် မတူညီသည့် ရှုထောင့်ကို သုံးသပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြေပုံအသစ်တွင် ပါဝင်သော U-ပုံသဏ္ဌာန်မျဉ်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ ရှင်းလင်းတိကျသည့် အဖြေကို ထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိဘဲ ပြည်တွင်းမှပြည်သူများ၏ သဘောပေါက် နားလည်မှုနှင့် နိုင်ငံတကာဥပဒေဖိအားများအကြားတွင် ပါးနပ်လိမ္မာစွာ ကစားနေခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ဆောင်းပါးတွင် ဖော်ပြထားသည့် အထောက်အထားများအရလည်း တရုတ်နိုင်ငံအနေဖြင့် ထိုနယ်မြေပိုင်ဆိုင်မှုကို ထုတ်ဖော်ပြောဆိုနိုင်သည့် “Historical Rights” ရှိသော်လည်း နိုင်ငံတကာဥပဒေများအရ အချုပ်အခြာအာဏာပိုင် အခွင့်အရေး “Sovereign Rights” မရှိကြောင်းကို သဘောပေါက်နားလည်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့်လည်း ထည့်သွင်းရေးဆွဲထားသည့် 10-dashed Line သည် မည်သည့် ဥပဒေအကြောင်းအရာ၊ နယ်နမိတ်စည်းမျဉ်းများနှင့်မျှ ဆက်စပ်၍ မရနိုင်ခြင်းဖြစ်ပါသည်။ သို့သော်လည်း အကျိုးအကြောင်းခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ “ရလျှင်အမြတ်၊ မရလျှင်အရင်း” ဟူသည့်အတိုင်း ၎င်း၏ အဆိုပြုပိုင်ဆိုင်မှုကို နိုင်ငံတကာမျက်နှာစာ၍ မဲတင်းချပြနေခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ် အတွင်း ဩဇာဖြန့်ကြက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်နေမည်သာဖြစ်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံမှ ထုတ်ပြန်လိုက်သော မြေပုံကိစ္စနှင့် ပတ်သက်သော အကြောင်းအရင်းနှင့် မြေပုံ၏ ဇစ်မြစ်အမှန်ကို သိရှိနားလည်ထားခြင်းအားဖြင့် မြေပြင်နယ်နိမိတ်အငြင်းပွားနေသော အိန္ဒိယနိုင်ငံအပါအဝင် ဒေသတွင်း ရေပိုင်နက်အငြင်းပွားနေမှုများကို ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်သုံးသပ်နိုင်မည်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
111092023
[1]။ Mark Raymond, David A. Welch,“China’s New ‘Standard Map’ Does Not Mean What You Think It Means”. The Diplomat. 5September 2023 [/https://thediplomat.com/.../chinas-new.../]-accessed on 14 September 2023.