Tuesday, July 25, 2023

အမေရိကန်နိုင်ငံအနေဖြင့် AI နည်းပညာကို လက်နက်သဖွယ်အသုံးချနေခြင်းအပါဝင် တရုတ်နှင့် အမေရိကန်အကြား နည်းပညာအားပြိုင်မှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံအနေဖြင့် နည်းပညာကဏ္ဍကို ထိန်းချုပ်နိုင်ရေးအတွက် ဉာဏ်ရည်တု(Artificial Intelligence -AI) နည်းပညာကို လက်နက်သဖွယ် အသုံးပြု နေခြင်းနှင့် ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UN Security Council) အစည်းအဝေးတွင် ဉာဏ်ရည်တု (Artificial Intelligence -AI) နည်းပညာများနှင့်ပတ်သက်သည့် အန္တရာယ်သည် ကမ္ဘာ့နိုင်ငံများအတွက် စိုးရိမ်ပူပန်မှု ဖြစ်လာခြင်းကို ပထမဦးဆုံးအကြိမ် ဆွေးနွေးခဲ့ကြပါသည်။ လတ်တလောဖြစ်ပွားနေသည့် သက်သေအထောက်အထားများအရ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ထိန်းညှိ ဆောင်ရွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်လာနေပါသည်။ AI ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သည့်စံနှုန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်နေ သော်လည်း အမေရိကန်လွှတ်တော်အမတ်များ၏ ဆွေးနွေးမှုများတွင် AI နည်းပညာကို လက်နက်အဖြစ်အသုံးပြုရန် ထည့်သွင်းဆွေးနွေးနေမှုများက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံများအတွက် အနှောင့်အယှက်ဖြစ်နေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်အထက်လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ Chuck Schumer က Algorithms များကို ၎င်းတို့၏ စံနှုန်းများနှင့်အညီ ထိန်းညှိဆောင်ရွက်နိုင်ခြင်းမရှိပါက အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ AI နည်းပညာကဏ္ဍသည် အမေရိကန်နိုင်ငံထက် သာလွန်သွားနိုင်ပြီး AI လောကကို လွှမ်းမိုးသွားနိုင်ကြောင်းနှင့် ဒီမိုကရေစီစနစ်သည်လည်း အကျဘက်သို့ ရောက်ရှိသွားနိုင် သည်ဟု ပြောကြားထားပါသည်။ အမေရိကန်နိုင်ငံရေးသမားများသည် အချို့သောကိစ္စရပ် များကို စံနှုန်းများနှင့် ဖြေရှင်းဆောင်ရွက်သည့်အခါတိုင်း အပြုသဘောမဆောင်သည့် (Zero-Sum Game)ပုံစံများဖြင့် ဖြေရှင်းဆောင်ရွက်လေ့ရှိပြီး မသေချာမရေရာမှုများနှင့် ပရမ်းပတာအခြေအနေများကိုသာ ဖြစ်ပေါ်စေသည့် ကိစ္စရပ်များလည်း ရှိခဲ့ဖူးသည်ဟုဆိုပါသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံကို ဆန့်ကျင်သည့် နည်းပညာစစ်ပွဲတွင် AI သည်စစ်မျက်နှာစာသစ်တစ်ရပ်အနေဖြင့် ပါဝင်လာလာပြီး အမေရိကန်နိုင်ငံအနေဖြင့် AI ကဏ္ဍ၏ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များနှင့် အကျိုးအမြတ်များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ အမေရိကန်လွှတ်တော်၏ ဥပဒေပြုရေးကြိုးပမ်းချက်များအပြင် Biden အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံ၏ Cloud-Computing ဝန်ဆောင်မှုများ အတွင်းသို့ တရုတ်ကုမ္ပဏီများ ဝင်ရောက်ခွင့်ကို ကန့်သတ်ရန် ပြင်ဆင်နေကြောင်းကို The Wall Street ဂျာနယ်က ယခုလအစောပိုင်းတွင် ဖော်ပြခဲ့ပါသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီများထံမှ AI နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကို တရုတ်ဝယ်လက်များ အသုံးချမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်ဟုဆိုသည်။ AI နည်းပညာကဏ္ဍသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ နည်းပညာယှဉ်ပြိုင်မှုများမှ လွတ်ကင်းနိုင်မည်မဟုတ်ဘဲ အမေရိကန်နိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာနယ်ပယ်တိုင်းတွင် လွှမ်းမိုးနိုင်ရန်နှင့် တရုတ်နိုင်ငံကို Chip War ဆင်နွှဲခြင်းဖြင့် ဖိနှိပ်မှုများပြုလုပ်ပြီး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုများကို ထိန်းချုပ်ရန် ဆန္ဒရှိနေပါသည်။ ထိုကဲ့သို့ ရန်လိုမုန်းထားမှုကြောင့် ကမ္ဘာ့နိုင်ငံများ၏ အစိုးရများအနေဖြင့် AI နည်းပညာကို စည်းကမ်းတကျအသုံးချနိုင်ရေး စိန်ခေါ်မှုများနှင့် တွေ့ကြုံရနိုင်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် Chip နှင့် ပတ်သက်သည့် လုပ်ဆောင်မှုများကို ကြည့်ခြင်းဖြင့် Biden အစိုးရ၏ နိုင်ငံရေးတွင် ဆောင်ရွက်လာနိုင်သော စံနှုန်းများနှင့် စည်းမျဉ်းစည်းကမ်းများကို နားလည်ရန် မခက်ခဲကြောင်းနှင့် အမေရိကန် နိုင်ငံသည် နည်းပညာကဏ္ဍကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် AI ကို အရေးပါသည့် လက်နက်အဖြစ်ယူဆနေသည်ဟုဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် AI အဆင့်မြှင့်တင်ခြင်းနှင့် စည်းမျဉ်းဥပဒေများ ထုတ်ပြန်ခြင်း(Rule-Making)အစီအစဉ်များအား တရုတ်နိုင်ငံကို ဆန့်ကျင်သည့် လက်နက်အဖြစ် လွဲမှားစွာအသုံးပြုခဲ့ပါက ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်များအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာကဏ္ဍကို ထိန်းချုပ်ထားမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများသည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးခြယ်လှယ်မှုအောက်သို့ ရောက်ရှိ သွားနိုင်ကြောင်း ဖော်ပြထားပါသည်။ အချုပ်အားဖြင့် AI ကဲ့သို့ အဆင့်မြင့်နည်းပညာကဏ္ဍများတွင် အချို့သောနိုင်ငံ များသည် အခြားသောနိုင်ငံများ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဖျက်လိုဖျက်ဆီးပြုခြင်း၊ အဟန့်အတားပြုခြင်းနှင့် မလိုလားအပ်ဘဲ နည်းပညာဆိုင်ရာ ပိတ်ပင်တားဆီးမှုများ ပြုလုပ် နေမည်ဆိုပါက ပွင့်လင်းစွာပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ယုတ်လျော့သွားစေနိုင်ပါသည်။ အဆိုပါအခင်းအကျင်းကိုကာကွယ်နိုင်ရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုစည်းမျဉ်းများတွင် တရားမျှတမှုရှိရန် လိုအပ်ပါသည်။ဇူလိုင်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် UNSC အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် Zhang Jun က AI နှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းမျဉ်း ၅ ခုကို အဆိုပြုခဲ့ပါသည်။ အဆိုပါအချက်များက အမေရိကန်နိုင်ငံ၏ သဘောထားမဟုတ်ခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်တရုတ်နိုင်ငံက အဆိုပြုခဲ့သည့်စည်းမျဉ်းများကို လိုက်နာရန်လိုအပ်ကြောင်းရေးသားဖော်ပြထားသည်ကို တွေ့ရှိရ ပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ယှဉ်ပြိုင်မှုများ၌ AI နည်းပညာ သည်လည်း အခန်းကဏ္ဍတစ်ရပ်မှပါဝင်လာပြီး အမေရိကန်နိုင်ငံ၏ AI နည်းပညာနှင့် ပတ်သက်သည့် သဘောထားများက ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် အမျိုးသား အကျိုး စီးပွားအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်သည်ဟု ဝေဖန်ရေးသားထားခြင်းဖြစ်ပါသည်။လက်ရှိတွင် အမေရိကန်နှင့် တရုတ်နိုင်ငံအကြားတွင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် အမေရိကန်နိုင်ငံမှ ဝန်ကြီးများ၊ ကိုယ်စားလှယ်များ စေလွှတ်၍ ဆောင်ရွက်နေသော်လည်း နည်းပညာယှဉ်ပြိုင်မှုနယ်ပယ်တွင် အားသာလျက်ရှိသော အမေရိကန်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများစွာနှင့် ကုမ္ပဏီများအား အစိုးရအထောက်အပံ့ဖြင့် AI ကဏ္ဍကို ဖွံ့ဖြိုးရန်လုပ်ဆောင်လျက်ရှိသော တရုတ်နိုင်ငံအား ဟန့်တားရန် ကြိုးစားမှုများ ပြုလုပ်လျက်ရှိနေပါသည်။ ထို့သို့ နိုင်ငံကြီးများအကြား နည်းပညာအားပြိုင်မှုက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း ခြိမ်းခြောက်မှုများ အဟန့်အတားများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆရသည့်အတွက် မိမိတို့အိမ်နီးချင်းနိုင်ငံများ၏ နည်းပညာတိုးတက်မှုများနှင့်အတူ လိုက်ပါစီးမျောနိုင်ရန် ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်ခြင်းမှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myamar Aspect

71072623