နိဒါန်း
ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှုဖော်ဆောင်ရေး (Free Trade) အစီအစဉ်များ၊ အာဆီယံနိုင်ငံများ ရရှိနိုင်သည့်အကျိုးအမြတ်များနှင့် နောက်ကွယ်မှအကြောင်းအရင်းများ သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်သည် အာဆီယံ-ဂျပန်ဆက်ဆံရေး၏ နှစ်(၅၀)ပြည့်သည့် နှစ်ပတ်လည် ဖြစ်ပြီး အပြန်အလှန်မှီခိုအားထားမှု တိုးပွားလာခြင်း၏ ပြယုဂ်ဖြစ်ပါသည်။ အာဆီယံသည် ကမ္ဘာ့စီးပွားရေး၏ ၃.၆ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားသော်လည်း ၎င်းတွင် ဂျပန်နိုင်ငံ၏ ပြည်ပဈေးကွက် (Overseas Subsidiaries) ၃၀ ရာခိုင်နှုန်းရှိနေပါသည်။ ဂျပန်နိုင်ငံ၏ အာဆီယံအဖွဲ့အတွင်း ရင်းနှီးမတည်ငွေ(Capital Investment) ထည့်ဝင်ခြင်းသည် ၎င်းနိုင်ငံ၏ ဒေသတွင်းစီးပွားရေး ဩဇာလွှမ်းမိုးမှုထက် အဆပေါင်းများစွာ ကြီးမားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်သည် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(Foreign Direct Investment)များက ဖော်ဆောင်ပေးနေသည့် စက်မှုလုပ်ငန်းနှင့် ပို့ကုန်လုပ်ငန်းများတွင် မူတည်နေပါသည်။
အာဆီယံနိုင်ငံများအတွင်း လုပ်ငန်းချဲ့ထွင်လာသော ဂျပန်နိုင်ငံသားပိုင်ကုမ္ပဏီ များသည် ဒေသတွင်းနိုင်ငံများ၏ ပို့ကုန်ကဏ္ဍကို ထောက်ပံ့ပေးနေသည့် အဓိကအခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပြည်ပကုမ္ပဏီများသို့ တင်ပို့ခဲ့သည့် ပို့ကုန်ကိန်းဂဏန်းများကို ဖော်ပြခဲ့ရာ ဗီယက်နမ်နိုင်ငံသည် အာဆီယံ အဖွဲ့၏ ပို့ကုန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၇၃ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ အလားတူ ထိုင်းနိုင်ငံတွင်လည်း စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၇၄ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမတည်ငွေများမှ ရရှိနေခြင်းဖြစ်ပါသည်။ Thailand’s Board of Investment (BOI)၏ ပြောကြားချက်အရ FDI ပမာဏ ၄၀ ရာခိုင်နှုန်း တိုးပွားလာခြင်းနှင့် Plaza Accord ၏ ၁၉၈၅ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြားကာလတွင် စီမံကိန်းအရေအတွက် တိုးပွားလာခြင်းသည် ဂျပန်နိုင်ငံ၏ ထောက်ပံ့ပေးမှုကြောင့် ဖြစ်သည်ဟုဆိုသည်။ အဆိုပါအချက်က ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို ဂျပန်ကုမ္ပဏီများက ထောက်ပံ့ ပေးနေသည်ဟု မီးမောင်းထိုးပြနေပါသည်။ အဆိုပါ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီများသည် ၎င်းတို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်များ ပြန်လည်ပို့ဆောင်ခြင်းဖြင့် ဂျပန်နိုင်ငံ၏ စီးပွားရေးကိုလည်း အထောက်အပံ့ပေးနေပါသည်။ ဂျပန်နိုင်ငံအတွက် အာဆီယံသည် အမေရိကန် နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ငွေရရှိနေသည့် အရင်းအမြစ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ဂျပန်ကုမ္ပဏီများအနေဖြင့် အာဆီယံကို အလားအလာကောင်းသော စီးပွားရေးရည်မှန်းချက်အဖြစ် ရှုမြင်နေရခြင်းအကြောင်းမှာ လုပ်သားအင်အား ပေါများခြင်းနှင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း(Cost-Competitive)ကြောင့်ဖြစ်ပါသည်။ နောက်ထပ်အချက် တစ်ချက်မှာ အာဆီယံ၏ ခိုင်မာသည့် Free Trade ဖော်ဆောင်မှုကြောင့်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်များ နောက်ပိုင်းကတည်းက Free Trade Agreements (FTAs) များနှင့်အခြားသော Free Trade ပုံစံများသည် ဝင်ငွေမညီမျှမှုများ မြင့်တက်လာသည့်အတွက် စိုးရိမ်ပူပန်မှုများနှင့် မကျေနပ်မှုများလည်း ကြီးထွားလာခဲ့ပါသည်။ စီးပွားရေး ကောင်းမွန်သည့် အချို့သောနိုင်ငံများသည် ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ အားနည်းချက်(Trade Agreement Fatigue)ဖြင့် ရင်ဆိုင်နေရသည့် လက္ခဏာများလည်း ရှိနေပါသည်။ အာဆီယံအနေဖြင့် Regional Comprehensive Economic Partnership -RCEP တွင် ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့သည့်အပြင် အာဆီယံအပေါင်း ၁ FTAs အဆင့်မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးအဆင့်အတန်း မတူညီသည့်နိုင်ငံများဖြင့် ဖွဲ့စည်းထားသော အာဆီယံအဖွဲ့အနေဖြင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံ များကို လွတ်လပ်စွာကုန်သွယ်မှုနှင့် စီးပွားရေးအသိုက်အဝန်းများမှတစ်ဆင့် ဆင်းရဲမွဲတေမှု စာရင်းမှဖယ်ရှားပေးနိုင်ခဲ့ခြင်းက အခြားသောနိုင်ငံများအတွက် အားတက်စရာဖြစ်ခဲ့ပါသည်။ အာဆီယံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံ အကြားတွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချုပ်ချယ်မှုများ၊ နည်းပညာဆိုင်ရာ ကွဲလွဲမှုများနှင့် အခြားသော အကြောင်း ကိစ္စရပ်များကြောင့် စီးပွားရေးဖလှယ်မှုများ လျော့ကျသွားနိုင်သည့်အတွက် စွန့်ခွာခြင်းများ ဖြစ်ပေါ်လာမည်ကို ပညာရှင်များက စိုးရိမ်လျက်ရှိကြပါသည်။
ဆက်လက်၍ အမေရိကန်နိုင်ငံက အဆိုပြုခဲ့သည့် Indo-Pacific Economic Framework for Prosperity-IPEF သည် မဟာမိတ်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများဖြင့် ကုန်သွယ်ရေးတိုးချဲ့ဖော်ဆောင်မှု “Friendshoring” သဘောတရားကို ရှာဖွေနေခြင်း ပင်ဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အာဆီယံ ၇ နိုင်ငံပါဝင်နေပြီး မေလတွင် ကျင်းပခဲ့သည့် G-7 အစည်းအဝေးတွင်လည်း ခေါင်းဆောင်များက Econimic Resilience and Economic Security နှင့် သက်ဆိုင်သည့် ထုတ်ပြန်ချက်ကို ချမှတ်ခဲ့ကြပါသည်။ Nikkei ဖိုရမ်တစ်ခုဖြစ်သည့် “Future of Asia” တွင် စင်ကာပူနိုင်ငံက အာရှနိုင်ငံသားများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်များ ဖော်ဆောင်နိုင်မည်ဟု ပြောကြားထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကွဲပြားမှုများကြောင့် ဒေသတွင်းအဖွဲ့ အစည်းများကို ယှဉ်ပြိုင်မှုများဖြစ်ပေါ်စေနိုင်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ပေါင်းစည်းသည့်နေရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်ရစေနိုင်ပါသည်။
တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့၏ ထောက်ပံ့ရေးကွင်းဆက်များအတွင်းသို့ နက်နက်ရှိုင်းရှိုင်းရောက်ရှိနေပြီး အာဆီယံအတွက် တရုတ်နိုင်ငံသည် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံလည်းဖြစ်ပါသည်။ အာဆီယံအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ မပြတ်လပ်စေရေးအတွက် Free Trade များဖြင့် အခြားသော အရင်းအမြစ် များမှ ဝယ်ယူခြင်းများကို လုပ်ဆောင်နေရပါသည်။ ဂျပန်နိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်နေရပြီး စားနပ်ရိက္ခာဖူလုံမှုနည်းပါးသည့်အပြင် သွင်းကုန်များ အပေါ်တွင်လည်း များစွာမှီခိုနေရပါသည်။ သို့သော်လည်း ဂျပန်နိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအညွှန်းကိန်းတွင် အဆင့် ၆ နေရာ၌ ရပ်တည် နေပါသည်။ လွတ်လပ်စွာကုန်သွယ်မှုအစီအစဉ်များသည် မသေချာမရေရာမှုများဖြင့် ရင်ဆိုင် နေရချိန်တွင် ဂျပန်နိုင်ငံနှင့် အာဆီယံတို့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု ဖော်ဆောင်ခြင်း များကို ပူးပေါင်းဆောင်ရွက်သင့်ပြီး ကုန်ပစ္စည်းဝယ်ယူမှုကို တစ်နိုင်ငံတည်းအပေါ်တွင် မှီခိုနေခြင်းထက် အရင်းအမြစ်ပေါင်းများစွာမှရရှိရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အာဆီယံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု ဖော်ဆောင်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်သင့်ပြီး အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အပေါ်တွင် လွန်ကဲစွာမှီခိုမှုကို လျှော့ချသင့်ကြောင်း အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် အာဆီယံအဖွဲ့နှင့် ကုန်သွယ်မှုအများဆုံး ဖော်ဆောင်နေသည့်အပြင် ၎င်းနိုင်ငံအတွက် အကျိုးအမြတ်များကိုလည်း အဖွဲ့ဝင်နိုင်ငံ များထံမှ အပြန်အလှန်ရယူနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများ အနေဖြင့် အင်အားခြင်းပြိုင်ဆိုင်နေသည့် နိုင်ငံကြီးများထံမှ အကူအညီများရယူ နေမည့်အစား ဂျပန်နိုင်ငံကဲ့သို့ ဒေသတွင်းအင်အားကြီးနိုင်ငံများဆီမှ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ရန်လိုအပ်နေသည်ဟု အကြံပြုထားပါသည်။
လက်ရှိတွင် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ပင်လယ်ပြင်ပိုင်နက် အငြင်း ပွားမှုများရှိနေသော်လည်း နှစ်နိုင်ငံဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်း ထားနိုင်သည့်အပြင် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားနိုင်သည်ကို တွေ့ရှိရပါသည်။ ဒေသတွင်းနိုင်ငံများနှင့်လည်း စီးပွားရေး၊ နိုင်ငံရေးကဏ္ဍများတွင်လည်း မျှတစွာပုံဖော်ဆောင်ရွက်နိုင်သည့် အနေအထားမျိုး ရှိခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် အာရှတိုက်တွင် အမေရိကန်နိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်လာပြီး တရုတ်နိုင်ငံကို တန်ပြန်ဆောင်ရွက်သည့် ကြားခံနိုင်ငံကဲ့သို့လည်း ဖြစ်လာနေပါသည်။ သို့ရာတွင် စီးပွားရေးတိုးတက်မှုရှိနေသော အာဆီယံ အဖွဲ့၏ Free Trade ဖော်ဆောင်မှုများကို ဂျပန်နိုင်ငံမှ လက်လွတ်မခံနိုင်သောကြောင့် လက်တွဲဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဦးနှစ်ဖက်အတွက် စီးပွားရေးဆိုင်ရာ အကျိုး အမြတ်များ ပိုမိုရရှိလာနိုင်သည့်အပြင် ဒေသတွင်းနိုင်ငံများ၌ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖော်ဆောင်လာနိုင်မည်ဟု ယူဆရပါသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တရားဝင်သတမန်ရေးအရ အတက်အကျများရှိခဲ့သော်လည်း၊ Back Door Diplomacy နည်းလမ်းဖြင့် နောက်ကွယ်မှ ပံ့ပိုးမှုများရှိခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးတွင် ပါးနပ်လိမ္မာသော သံတမန်ရေးနည်းလမ်းများကို အသုံးပြုနိုင်မည်ဆိုပါက ဂျပန်-အာဆီယံ အပြန်အလှန်ဖော်ဆောင်မည့် စီးပွားရေး၊ ကုန်သွယ်ရေး အစီအစဉ်များသည် မြန်မာနိုင်ငံအတွက် သွယ်ဝိုက်၍ အကျိုးများစွာ ဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
73072823