နိဒါန်း
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌ အမေရိကန်နိုင်ငံသမ္မတ Joe Biden၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် Fumio Kishida နှင့် နယ်သာလန်နိုင်ငံဝန်ကြီးချုပ် Mark Rutte တို့ ၃ ဦး အမေရိကန်နိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံပွဲ၌ ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် နယ်သာလန်နိုင်ငံဝန်ကြီးချုပ်တို့ ၂ ဦးက အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုနှင့်စပ်လျဉ်း၍ ပိတ်ဆို့မှုများပြုလုပ်နေခြင်းတွင် အမေရိကန်နှင့်အတူ ပူးပေါင်းပါဝင်မည်ဟုသဘောတူညီခဲ့ကြသည်။ ထိုကဲ့သို့ ပိတ်ဆို့ခြင်းများပြုလုပ်နေခြင်းက တရုတ်နိုင်ငံ၏ ကိုယ်ပိုင်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို ပိုမိုအားကောင်းလာစေနိုင်ကြောင်းကို အချက် ၂ ချက်ဖြင့် သုံးသပ်ရေးသားထားပါသည်။
ဖော်ပြချက်
ပထမအချက်၌ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်းများ တင်ပို့ရေးနှင့် စပ်လျဉ်း၍ ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခြင်းတွင် ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့ ပူးပေါင်းပါဝင်ခဲ့သော်လည်း အဆိုပါနိုင်ငံများမှ ထုတ်လုပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အခြားသောဆက်စပ်ပစ္စည်းများကို အဓိကဝယ်ယူနေသောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တရုတ် နိုင်ငံသို့ ပစ္စည်းများတင်ပို့နိုင်ရေးအတွက် အခြားသောနည်းလမ်းများ အသုံးပြုဆောင်ရွက်လာနိုင်ပါသည်။ လက်ရှိအချိန်၌ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် စပ်လျဉ်းသော ကမ္ဘာ့ကုန်သွယ်စီးဆင်းမှုကွင်းဆက်(Global Supply Chain)ကို ဦးဆောင်နေသူမှာ အမေရိကန်နိုင်ငံဖြစ်သောကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်နေသည့်နိုင်ငံများအပေါ် အမေရိကန်နိုင်ငံအနေဖြင့် ဖိအားပေးမှုများ ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် နယ်သာလန်နိုင်ငံအခြေစိုက် ASML ကုမ္ပဏီသည် ကမ္ဘာပေါ်တွင်တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်စက်များကို ဖြန့်ချိရောင်းချပေးနေသည့် အဓိကကုမ္ပဏီတစ်ခုဖြစ်သော်လည်း အဆိုပါကုမ္ပဏီအတွက် လိုအပ်သော ဆက်စပ်ပစ္စည်းအများစုအား အမေရိကန် ကုမ္ပဏီများထံမှ ရယူနေရကြောင်း ဖော်ပြထားပါသည်။
ASML ကုမ္ပဏီ၏ ၂၀၂၂ ခုနှစ် ရောင်းရငွေသည် အမေရိကန်ဒေါ်လာ ၂၂.၉ ဘီလီယံ ရှိပြီး အဆိုပါပမာဏ၏ ၁၃.၈ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ဝယ်ယူထားခြင်း ဖြစ်သောကြောင့် ASML ကုမ္ပဏီအနေဖြင့် ၎င်း၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် အခြားသော နည်းလမ်းများ ဖော်ဆောင်လာနိုင်သည်။ အလားတူပင်ဂျပန်ကုမ္ပဏီများဖြစ်သည့် Nikon ၊ Tokyo Electron နှင့် Canon ကုမ္ပဏီတို့၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အခြားသော ဆက်စပ် ပစ္စည်းအများစုကို တရုတ်နိုင်ငံမှ ဝယ်ယူလျက်ရှိပြီး တရုတ်နိုင်ငံသည် ၎င်းတို့၏ အဓိကဖောက်သည်တစ်ဦးဖြစ်ပါသည်။ ထို့ကြောင့် ဂျပန်-တရုတ် စီးပွားရေးအဖွဲ့အစည်း၏ ဒါရိုက်တာ Manabu Takamisawa ကအမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံအပေါ် နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုနှင့်စပ်လျဉ်း၍ ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေသော်လည်း ဂျပန်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများ ပြုလုပ် နိုင်ရန် အခြားသောနည်းလမ်းများ ဖော်ဆောင်လာနိုင်ကြောင်း၊ ဥပမာအားဖြင့် တရုတ် ပြည်တွင်း၌ ဂျပန်ကုမ္ပဏီများ ထူထောင်၍ ရောင်းချမှုပြုလုပ်လာနိုင်သည့်အပြင် တရုတ်ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်ဟုခေါ်သည့် ဈေးကွက်နှစ်ခု ခွဲ၍လည်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယအချက်မှာ အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်းနှင့် အခြားသောဆက်စပ်ပစ္စည်းများ တင်ပို့မှုအပေါ် တားမြစ်မှုများ ပြုလုပ်ခြင်းတွင် ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့ ပါဝင်ခဲ့ကြသော်လည်း ထိုကဲ့သို့ ပါဝင်မှုကြောင့် အဆိုပါနှစ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး၌ ပို့ကုန်တင်ပို့မှုနှင့် စပ်လျဉ်းသော သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံ၏ ပို့ကုန်ကဏ္ဍ(Export)နှင့်စပ်လျဉ်းသော ကန့်သတ်မှုများ ပြုလုပ်ရာ၌ တာဝန်အရှိဆုံး ဝန်ကြီးဌာနနှစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန(Ministry of Economy, Trade and Industry)တို့ ဖြစ်ကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တရုတ်နိုင်ငံအပေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များပြုလုပ်ခြင်းကို အလေးထားဆောင်ရွက်လို သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကမူ တရုတ်နိုင်ငံနှင့် သံခင်းတမန်ခင်းဆက်ဆံရေး ထိခိုက်မည်စိုး၍ အဆိုပါကန့်သတ်မှုကို မပြုလုပ်လိုကြောင်း တွေ့ရှိရပါသည်။
အလားတူပင် နယ်သာလန်နိုင်ငံတွင်လည်း ပို့ကုန်ကန့်သတ်မှုနှင့် စပ်လျဉ်း၍ အစိုးရတွင်းသာမက ကုန်ထုတ်လုပ်မှုလုပ်ငန်းများကပါ အဆိုပါကန့်သတ်မှုကို မထောက်ခံခဲ့ကြပါ။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Liesje Schreinemacher က ASML ကုမ္ပဏီ၏ ထုတ်ကုန်များ တရုတ်နိုင်ငံသို့ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ၎င်းတို့နိုင်ငံကသာ ဆုံးဖြတ်မည်ဟုပြောကြားခဲ့သည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ASML ၏ CEO Peter Wennink က အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ တင်ပို့မှုနှင့်စပ်လျဉ်း၍ တားမြစ်ခြင်းအပေါ် မထောက်ခံကြောင်း ပြောကြားထားပါသည်။ထို့ပြင် ၎င်းက ထိုသို့တားမြစ်ခြင်းသည် တရုတ်ပြည်တွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှု ကဏ္ဍကို ပိုမိုအားကောင်းလာစေနိုင်သည်ဟုလည်း ပြောကြားခဲ့ပါသည်။
သို့သော်လည်း နယ်သာလန်နိုင်ငံအနေဖြင့် နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၏ အလိုကို လိုက်၍ တရုတ်နိုင်ငံသို့ နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အခြား ဆက်စပ်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်ခြင်းအစီအစဉ်တွင် ပါဝင်ခဲ့ရသည်။ နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် EUV စက် (Extreme Ultraviolet Lithography Machines)သည် နယ်သာလန်နိုင်ငံအခြေစိုက် ASML ကုမ္ပဏီမှ ထုတ်လုပ်သည့် စက်အမျိုးအစားတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ တင်ပို့မှုကန့်သတ်ချက်တွင် EUV စက်ထက် တစ်ဆင့်နိမ့်သည့် DUV စက် အမျိုးအစားပါဝင်ပြီး တရုတ်နိုင်ငံအနေဖြင့် DUV စက်ကိုသာမရရှိပါက ၇ နာနိုမီတာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ပြင် တရုတ်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Huawei Technologies မှ ၁၄ နာနိုမီတာ တစ်ပိုင်းလျှပ်ကူး ပစ္စည်းထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သော်လည်း ၎င်း၏ပြိုင်ဘက် ထိုင်ဝမ်ကုမ္ပဏီ တစ်ခုကမူ ၂ နာနိုမီတာအထိ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မည်ဟု ကြေညာ ထားပါသည်။
Myanmar Aspect ၏ သုံးသပ်ချက်
ဆောင်းပါးတွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်းများနှင့်အခြားဆက်စပ်ပစ္စည်းများတင်ပို့မှုကို တားမြစ်မည့် အစီအစဉ် ချမှတ်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကဏ္ဍကို ပိုမိုအားကောင်းစေနိုင်ကြောင်း၊ အဆိုပါအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဂျပန်နှင့် နယ်သာလန် နိုင်ငံတို့က ၎င်းတို့ထံမှအဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံသို့ အခြားသောနည်းလမ်းများ အသုံးပြု၍ တင်ပို့မှုများ ပြုလုပ်လာနိုင်ကြောင်းကို သုံးသပ်ရေးသားထားပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် စပ်လျဉ်းသည့် ကမ္ဘာ့ကုန်သွယ်စီးဆင်းမှုကွင်းဆက်ကို ဦးဆောင်နေသောနိုင်ငံတစ်ခုဖြစ်သောကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့် နိုင်ငံအများစုအပေါ်တွင် ဖိအားပေးမှုများ ပြုလုပ်နိုင်ပြီး အနာဂတ်တွင် တရုတ်နိုင်ငံအပေါ်ကန့်သတ်ပိတ်ပင်မှုများ ပိုမိုပြုလုပ် လာနိုင်ဖွယ်ရှိပြီး အနာဂတ်တွင် အမေရိကန်နှင့် တရုတ် နည်းပညာအားပြိုင်မှု ပိုမိုပြင်းထန်လာမည်ဟုသာ သုံးသပ်ရပါသည်။
ထို့ပြင် အမေရိကန် နိုင်ငံ၏ ပိတ်ဆို့မှုကို ရှောင်ရှားလိုသည့် နိုင်ငံများအနေဖြင့်တရုတ်နိုင်ငံ၏ ဝယ်လိုအား ဈေးကွက်ရရှိနိုင်ရန် အခြားနိုင်ငံများတွင်ရွှေ့ပြောင်းထုတ်လုပ်ခြင်းများ ဆောင်ရွက် လာနိုင်သည့်အတွက် လုပ်အားခနှင့်ထုတ်လုပ်စရိတ်သက်သာသည့် အရှေ့တောင်အာရှ နိုင်ငံများနှင့် အခြား Global South နိုင်ငံများသို့ရွှေ့ပြောင်းလာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။
Myanmar Aspect
Myanmar Aspect
4042423