Sunday, October 22, 2023

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့်စပ်လျဉ်း၍ တောင်အာရှဒေသနိုင်ငံများ၏ သဘောထားအမြင်များနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသည့် အစ္စရေး-ဟားမက်စ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တောင်အာရှဒေသနိုင်ငံများအပေါ် သက်ရောက်မှု၊ တောင်အာရှဒေသနိုင်ငံများ၏ ဟားမက်စ်အဖွဲ့အပေါ်ထားရှိသည့်သဘောထားအမြင်၊ သံတမန်ဆက်ဆံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဟားမက်စ်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ အစ္စရေးနိုင်ငံအား အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသအနီးရှိ အစ္စရေးနိုင်ငံ၏ မြို့များသို့ ဝင်ရောက်၍ လူပေါင်းရာနှင့်ချီအား သတ်ဖြတ်ကာ ဒါဇင်နှင့်ချီသော လူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံအား ရည်ရွယ်ချက်ရှိရှိဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် အစ္စရေးနိုင်ငံသည် ဟားမက်စ်အဖွဲ့အား စစ်ကြေညာခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသရှိ ၎င်းတို့၏စစ်အခြေစိုက် စခန်းများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ရေးနှင့် ဟားမက်စ်အဖွဲ့အား ချေမှုန်းရန်အတွက် ထိုးစစ်ဆင်မှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားပြီး တစ်ပတ်အတွင်း လူပေါင်း ၂,၉၀၀ ကေျာ် သေဆုံးခဲ့ကာ သေဆုံးသူများထဲတွင် နိုင်ငံခြားသားများလည်း ပါဝင်ခဲ့ပါသည်။ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခသည် တောင်အာရှဒေသနှင့် ပထဝီဝင်အနေအထားအရ စပ်လျဉ်းခြင်း မရှိသော်လည်း ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များသည် တောင်အာရှဒေသနိုင်ငံများအပေါ် တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ သက်ရောက်လျက်ရှိပါသည်။ တောင်အာရှဒေသတွင်းမှ နိုင်ငံ ၈ ခုအနက် နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘူတန် ၄ နိုင်ငံသာ အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိပါသည်။ အစ္စရေး-ဟားမက်စ် တိုက်ခိုက်မှုများအတွင်း နီပေါနိုင်ငံသား ၁၀ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီသော ဒုက္ခသည်များသည် ဗုံးခိုကျင်းများတွင် ခိုအောင်း နေခဲ့ရပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် နီပေါနိုင်ငံသည် ၎င်း၏နိုင်ငံသား ၂၅၃ ဦးကို လေကြောင်းဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ၎င်းတို့သည် အစ္စရေးနိုင်ငံတွင် ကေျာင်းတက်ရင်း အလုပ် လုပ်နေကြသည့် ကျောင်းသားများဖြစ်ပါသည်။ ယခုအချိန်တွင် နီပေါနိုင်ငံသည် သေဆုံးသူ ၁၀ ဦး၏ ရုပ်အလောင်းများကို အစ္စရေးနိုင်ငံမှ ပြန်လည် သယ်ယူနိုင်ရန် စီစဉ်လျက်ရှိပါသည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏နိုင်ငံသားများအား အစ္စရေးနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိလာစေရန် “Operation Ajay” အစီအစဉ်တစ်ရပ်ကို ပြုလုပ်ကာ လေယာဉ်များဖြင့် အစ္စရေးနိုင်ငံတွင် ပိတ်မိနေသည့် ၎င်း၏ နိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ကနဦးတွင် တောင်အာရှဒေသမှနိုင်ငံ များသည် အစ္စရေးနိုင်ငံဘက်မှ ရပ်တည်ခဲ့ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် အစ္စရေးနိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရသည့်သတင်းနှင့်ပတ်သက်၍ အလွန်ပင်တုန်လှုပ်မိ သည်ဟု ၎င်း၏ X (Twitter) လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ အိန္ဒိယ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၉၂ ခုနှစ် သံတမန်ဆက်ဆံရေး စတင် ထူထောင်ချိန်မှစ၍ ကာကွယ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် လျင်မြန်စွာ တိုးတက် လာခဲ့ပြီး ယခုအခါ အစ္စရေးနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး ကာကွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု တို့၏ တူညီသည့် လူမျိုးရေးနှင့် မွတ်ဆလင်ဆန့်ကျင်ရေးအယူဝါဒတို့ကြောင့် နှစ်နိုင်ငံ ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိလာခဲ့ပါသည်။
သမိုင်းအစဉ်အလာအရ အိန္ဒိယနိုင်ငံသည် ပါလက်စတိုင်းအရေးကို ထောက်ခံသည့် နိုင်ငံဖြစ်သော်လည်း စစ်အေးတိုက်ပွဲနောက်ပိုင်းတွင် အိန္ဒိယ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးသည် တိုးတက်လာခဲ့သည်ဟု အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန Ministry of External Affairs (MEA) ကလည်း ပါလက်စတိုင်းနှင့်ပတ်သက်၍ သံတမန်ဆက်ဆံရေးမူဝါဒ ပြောင်းလဲမှုမရှိဟု ဆိုသည်။ MEA မှ ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က အိန္ဒိယနိုင်ငံအနေဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲသော ပါလက်စတိုင်းနိုင်ငံ ထူထောင်၍ အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းရေးရရှိစေရန် ထောက်ခံအားပေးလျက်ရှိသည်ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။
နီပေါနိုင်ငံသည်လည်း ဟားမက်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စရေးအစိုးရဘက်မှ ရပ်တည်မှုရှိသည်ကို ပြသခဲ့သည်။ နီပေါနိုင်ငံ ဝန်ကြီးချုပ် Pushpa Kamal Dahal သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြုလုပ်သော (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ပါလက်စတိုင်းပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပဋိပက္ခ များကို ငြိမ်းချမ်းစွာဖြေရှင်းရန်ထောက်ခံသည်ဟု ဆိုသည်။ နီပေါနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် ပထမဆုံးသံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ပါလက်စတိုင်းအား နိုင်ငံအဖြစ်ထူထောင်ပေးမည့် Two-State Solution အကောင်အထည် ဖော်မှုကို ထောက်ခံသည့်နိုင်ငံလည်း ဖြစ်ပါသည်။ ယခုအခါတွင် နီပေါနိုင်ငံသည် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသကဲ့သို့ ဟားမက်စ်အဖွဲ့နှင့် ၎င်းတို့၏လှုပ်ရှားမှုများ ကိုလည်း ထောက်ခံမှုမရှိဟု ဆိုပါသည်။
သီရိလင်္ကာနိုင်ငံသည်လည်း တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ တိုးမြင့် လာသည့် အစ္စရေး-ဟားမက်စ် ပဋိပက္ခနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိကာ ချက်ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် နိုင်ငံတကာမှ သဘောတူခဲ့သည့် သတ်မှတ်ထားသည့်နယ်နိမိတ်ကိုအခြေခံ၍ Two-State Solution ကို အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို စောင့်ကြည့်၍ ပါလက်စတိုင်းအား လွတ်လပ်ပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲသည့် နိုင်ငံအဖြစ် ထူထောင်ပေးရန် တောင်းဆိုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး ပါလက်စတိုင်းနယ်မြေအား အစ္စရေးတို့၏အတင်းအကျပ် သိမ်းပိုက်မှုနှင့် အခြေချနေထိုင်မှုတို့သည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် Two-State Solution အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်သာ အလားအလာရှိသော ဖြေရှင်းချက် ဖြစ်သည်ဟုဆိုသည်။ တာလီဘန်အဖွဲ့ ဦးဆောင်သည့် အာဖဂန်နစ္စတန် နိုင်ငံက အဆိုပါပဋိပက္ခများသည် ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများကို ဖိနှိပ်သော အစ္စရေးနိုင်ငံ၏ Zionist ဝါဒီကျင့်သုံးခြင်းနှင့် မွတ်ဆလင်တို့၏ ဘာသာရေး ဆိုင်ရာ အထွဋ်အမြတ်နေရာဖြစ်သော Al-Aqsa ဗလီအား မလေးမစားပြုလုပ်ခြင်းနှင့် စော်ကားခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
ဟားမက်စ်အဖွဲ့နှင့်ပတ်သက်၍ တောင်အာရှဒေသနိုင်ငံများ၏ သဘောထား အမြင်များ ကွဲလွဲလျက်ရှိနေပြီး အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် ဟားမက်စ် အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြသော်လည်း အစ္စရေးနိုင်ငံနှင့် သံတမန်ရေး အရဆက်ဆံမှုမရှိသည့် မွတ်ဆလင်အများစု နေထိုင်သော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နှင့် မော်လ်ဒိုက်နိုင်ငံတို့သည် ဟားမက်စ်အဖွဲ့ကို ပြစ်တင်ဝေဖန်ခြင်း မရှိဘဲ စာနာထောက်ထားခြင်းနှင့် ထောက်ခံခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ပါလက်စတိုင်း ဘက်မှ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် နိုင်ငံအတွင်း စီတန်းလှည့်လည်မှုများ ပြုလုပ်ခဲ့ကြသည်။
တောင်အာရှဒေသနိုင်ငံများသည် အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး မည်သို့ပင် ရှိစေကာမူ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် အလားအလာရှိသည့် တစ်ခုတည်းသောဖြေရှင်းချက်မှာ Two-State Solution အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု နိုင်ငံအများစုက လက်ခံကြပြီး ပါလက်စတိုင်းပြည်သူများ၏ ဖြစ်တည်မှုကို ထောက်ခံကြပါသည်။ သို့ရာတွင် တောင်အာရှဒေသနိုင်ငံများမှ အစိုးရများအနေဖြင့် အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရာတွင် Two-State Solution အယူအဆကို သဘောတူ ကြသော်လည်း အခြေအနေပေါ်မူတည်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နိုင်ပါသည်။ နိုင်ငံအချို့အနေဖြင့် ပါလက်စတိုင်းနိုင်ငံအား မည်သို့ပင်ထောက်ခံစေကာမူ ဟားမက်စ် အဖွဲ့၏ အကြမ်းဖက်အပြုအမူများကြောင့် ဟားမက်စ်အဖွဲ့အား စာနာမှုနည်းပါးစေပြီး အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်စေခဲ့ပါသည်။ ဟားမက်စ်အဖွဲ့အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေမည်ဆိုပါက တောင်အာရှဒေသရှိ မွတ်ဆလင် မဟုတ်သောနိုင်ငံများသည် ၎င်းတို့အဖွဲ့အပေါ် ထောက်ခံမှုနည်းပါးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် တောင်အာရှဒေသနိုင်ငံများအပေါ် ပထဝီနိုင်ငံရေးအရ တိုက်ရိုက်သက်ရောက်မှုမရှိသေးသော်လည်း သံတမန်ရေးအရ သက်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ဤပဋိပက္ခနှင့် စပ်လျဉ်း၍ တောင်အာရှဒေသတွင်းရှိ နိုင်ငံ ၈ ခုအနက် နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘူတန် ၄ နိုင်ငံသာ အစ္စရေးနိုင်ငံဘက်မှ ရပ်တည်၍ အစ္စလာမ်ဘာသာကိုးကွယ်သည့် နိုင်ငံများဖြစ်သော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နှင့် မော်လ်ဒိုက်နိုင်ငံတို့သည် ပါလက်စတိုင်း၏ ဟားမက်စ်အဖွဲ့အား စာနာကြောင်းပြသလျက်ရှိသည်။
တောင်အာရှဒေသနိုင်ငံများအနေဖြင့် ဟားမက်စ်တို့၏ စတင်တိုက်ခိုက်ခဲ့ခြင်း၊ ၎င်းတို့၏ နိုင်ငံသားအချို့ ပိတ်မိနေခဲ့ခြင်းနှင့် ယခင်ရှိခဲ့သော သံတမန်ဆက်ဆံရေး ကဏ္ဍကို အကြောင်းပြု၍ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအစတွင် ဟားမက်စ်များအား ရှုတ်ချခြင်း၊ အစ္စရေးနိုင်ငံအား ထောက်ခံခြင်းကို ပြသခဲ့ကြသော်လည်း နိုင်ငံများအားလုံး လိုလိုသည် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ပါလက်စတိုင်းတို့၏ နယ်မြေနှင့် အချုပ်အခြာ အာဏာကို အသိအမှတ်ပြုသည့် Two-State Solution အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ထောက်ခံကြသည်ကို တွေ့မြင်နိုင်ပါသည်။
သမိုင်းကြောင်းအရ ပါလက်စတိုင်းလူထုအား အစ္စရေးနိုင်ငံ၏ အနိုင်ကျင့် ဗိုလ်ကျမှုနှင့် နယ်မြေသိမ်းပိုက်မှုအပေါ် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏ မီဒီယာ များကို အကာအကွယ်ယူ၍ ၎င်းတို့လုပ်ရပ်သည်သာ အမှန်တရားဖြစ်ပြီး ၎င်းတို့ကို ဆန့်ကျင်သည့် ပါလက်စတိုင်းအုပ်စုများသည်သာ အကြမ်းဖက်ဖြစ်သည်ဟု ဆယ်စုနှစ်များစွာ ပုံဖော်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ကြောင့် အစ္စရေးနိုင်ငံ၏ နယ်မြေချဲ့ထွင်မှုများ၊ ပါလက်စတိုင်းတို့အပေါ် အနိုင်ကျင့်ဗိုလ်ကျမှုများ ဖြစ်ပွားနေမှုများကို အနောက်အုပ်စု မီဒီယာများပေါ်တွင် ဖျောက်ဖျက်ခံထားရကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ ကဲ့သို့သော အနောက်အုပ်စုနှင့် အဆင်ပြေပြီး မွတ်ဆလင်မုန်းစွဲရှိသည့် ဒီမိုကရေစီ နိုင်ငံကြီးသည်ပင် ဟားမက်စ်တို့၏ တိုက်ခိုက်မှုကို ကနဦးတွင် ရှုတ်ချခဲ့သော်လည်းယခုအခါ “Sovereign, independent,and viable state of Palestine… at peace with Israel” ဟု ထုတ်ဖော်လာပြီး နှစ်နိုင်ငံအသိအမှတ်ပြုရေး Two-state Solution ကိုသာ ရပ်တည်လာခြင်း ဖြစ်သည်ဟု ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
134102323

[1]။ Santosh Sharma Poudel,“South Asian Countries Are Divided on Hamas Attacks”. The Diplomat. 13 October 2023, [/https://thediplomat.com/.../south-asian-countries-are.../]