နိဒါန်း
တရုတ်နိုင်ငံ၏ အစ္စရေးနိုင်ငံအရေးအပေါ်ထားရှိသော သဘောထားများနှင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ၏ သမိုင်းကြောင်း ဆိုင်ရာများကို ချိန်ထိုးသုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ဟားမက်စ်စစ်သွေးကြွအဖွဲ့နှင့် အစ္စရေးနိုင်ငံအကြား ဖြစ်ပေါ်နေသည့် စစ်ရေး ပဋိပက္ခသည် အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးပွဲစားဖြစ်ချင်နေသည့် တရုတ်နိုင်ငံ အတွက် ရှုပ်ထွေးသည့်ကိစ္စရပ်တစ်ခုဖြစ်လာပါသည်။ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံ အနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်း (West Bank တွင်ရှိသော ပါလက်စတိုင်းအစိုးရကိုဆိုလို) တို့၏ စေ့စပ်ညှိနှိုင်းမှုဆောင်ရွက်နိုင်ရန် ကူညီပေးခဲ့ပြီး တရုတ်နိုင်ငံ မီဒီယာများမှ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်သည်ဟု ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ အစ္စရေးနှင့် ဟားမက်စ်တို့အကြား ပြင်းထန်သည့် စစ်ပွဲများ ဖြစ်လာခြင်းက တရုတ်နိုင်ငံအတွက် စိန်ခေါ်မှုအသစ်များဖြစ်လာပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် တည်ငြိမ်အေးချမ်းနေပါက စီးပွားရေးအကျိုးအမြတ်များ ပိုမိုရရှိနိုင်သကဲ့သို့ နိုင်ငံရေးအဆင့်အတန်း တိုးမြှင့်ဖော်ဆောင်နိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးဖြစ်သည့် Moritz Rudolf ကပြောကြားခဲ့ပါသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမက်စ်အဖွဲ့၏ အစ္စရေးနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး အာရှဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများက ဝေဖန်ရှုတ်ချမှုများပြုလုပ်ခဲ့ကြပါသည်။
အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားသောနိုင်ငံများသည် အစ္စရေးနိုင်ငံကို ထောက်ပံ့ကူညီရန် အသီးသီးထုတ်ဖော် ပြောကြား ခဲ့ကြသော်လည်း တရုတ်အစိုးရသည် ကြားနေသဘောထားဖြင့်သာ ရပ်တည်ခဲ့ပါသည်။ တရုတ်နိုင်ငံဘက်မှ ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲမှု များကို လျင်မြန်စွာဆောင်ရွက်ရန်နှင့် ၎င်းတို့အနေဖြင့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံနှင့်အတူ Two-State Solution ကို အားပေးထောက်ခံ ပါသည်ဟု ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီး ထိုရပ်တည်ချက်သည် ဟားမက်စ်အဖွဲ့ကို ဝေဖန်ရှုတ်ချခြင်းမဟုတ်ပါ။ အောက်တိုဘာလ ၈ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhan Jun က တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုအရှိန်မြင့်လာခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုနှင့် အရပ်သားသေဆုံးမှုမြင့်တက်လာခြင်းကို ကာကွယ်တားဆီးခြင်းသည် အရေးကြီးသည့် အချက်ဖြစ်ကြောင်းနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုကိုလည်း ရှုတ်ချပါသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံသမ္မတ Xi အနေဖြင့် လက်ရှိအချိန် အထိ တရားဝင်ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ဖော်ပြထား ပါသည်။
သမိုင်းကြောင်းအရ တရုတ်နိုင်ငံနှင့် ပါလက်စတိုင်းခေါင်းဆောင်များအကြားတွင် နီးကပ်သည့် သံတမန်ဆက်ဆံရေးများရှိခဲ့ပါသည်။ ပါလက်စတိုင်းနိုင်ငံသမ္မတ Mahmoud Abbas သည် ယခုနှစ်တွင် တရုတ်နိုင်ငံသို့ (၅)ကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက် ခဲ့ပါသည်။ မကြာသေးမီနှစ်များအတွင်းက တရုတ်နိုင်ငံသည် အစ္စရေးနိုင်ငံနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးများဖော်ဆောင်ခဲ့ပြီး အခြေခံအဆောက်အဦနှင့် အမျိုးမျိုးသော နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံရှိ အစ္စရေး သံရုံးမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သည့် Yuval Waks က အစ္စရေးနိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယအကြီးဆုံးနိုင်ငံဆီမှ ခိုင်မာသည့် တုံ့ပြန်ချက်များကို မျှော်လင့်လျက်ရှိကြောင်း၊ အပြစ်မဲ့ပြည်သူများ လမ်းပေါ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရသည့်အချိန်တွင် Two-State Solution ကို အကောင်အထည်ဖော်ရန် တိုက်တွန်းနေရမည့် အချိန်မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံ ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံအနေဖြင့် ယခုကိစ္စအပေါ် ခိုင်မာစွာရပ်တည်ပေးနိုင် လိမ့်မည်ဟု ယုံကြည်ထားပါကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် စေ့စပ်ညှိနှိုင်းရေးဆောင်ရွက်ပေးခြင်းကို ပိုမိုဆောင်ရွက် လိုသည့် သဘောရှိပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံ တို့ကို သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်း ပေးခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များက အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုအတွက် စိန်ခေါ်မှုဖြစ်ပေါ်လာစေနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ခဲ့ကြပြီး ဇွန်လအတွင်းက တရုတ်နိုင်ငံသည် အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အထောက်အကူဖြစ်စေမည့် မူကြမ်းတစ်ရပ်ကို အဆိုပြုခဲ့သော်လည်း တရုတ်နိုင်ငံအနေဖြင့် အကျပ်အတည်း များဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့အနေဖြင့် Oslo Accords ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးလမ်းပြမြေပုံကို သဘောတူညီခဲ့သော်လည်း Two-State Solution အတွက် စေ့စပ်ညှိနှိုင်းမှုများကို အောင်မြင်စွာ မလုပ်ဆောင်နိုင်ခဲ့ဘဲ ဆွေးနွေးမှုများသည်လည်း ၂၀၁၄ ခုနှစ်ကတည်းက ရပ်ဆိုင်းသွားခဲ့ရကြောင်း ဖော်ပြ ထားပါသည်။
အချို့သော နိုင်ငံရေးလေ့လာသုံးသပ်သူများက တရုတ်နိုင်ငံအနေဖြင့် ဟားမက်စ် အကြမ်းဖက်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေခြင်းသည် ၎င်း၏ အရှေ့အလယ်ပိုင်းဒေသအတွင်း အကျိုးစီးပွားကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဟားမက်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းရန်ဆန္ဒမရှိဟု လေ့လာသူတစ်ဉီးကဝေဖန်ခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့်ပဋိပက္ခက အမေရိကန် နိုင်ငံနှင့် တင်းမာမှုဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံအတွက် နောက်ထပ်ရှုပ်ထွေးမှုကို ဖြစ်စေခဲ့ပါသည်။ အောက်တိုဘာလ ၉ ရက်တွင် တရုတ်နိုင်ငံသမ္မတသည် အမေရိကန် အထက်လွှတ်တော် အကြီးအကဲ Chuck Schumer နှင့်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် Schumer က တရုတ်နိုင်ငံ၏ အစ္စရေးနိုင်ငံအပေါ်ထားရှိသည့် စာနာမှုကင်းမဲ့သည့် အပြုအမူများကို စိတ်ပျက်မိကြောင်းနှင့် တရုတ်နိုင်ငံသမ္မတနှင့် ပြည်သူများအနေဖြင့် အစ္စရေးပြည်သူများနှင့်အတူရပ်တည်ပြီး ရက်စက်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချရန်တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။
Schumer ၏ ခရီးစဉ်ပြီးဆုံးပြီးနောက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအားလုံးနှင့် ပြည်သူများအပေါ် တိုက်ခိုက်မှုကို ရှုတ်ချပါကြောင်း၊ လက်ရှိ အရေးကြီးဆုံးအချက်မှာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရန်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း တစ်ချိန်တည်းတွင် တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက အမေရိကန် နိုင်ငံ၏ အစ္စရေးနိုင်ငံအပေါ်ထောက်ပံ့မှုများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ လုပ်ရပ်သည် ပဋိပက္ခကို အားပေးနေသည့် သဘောသက်ရောက်နေသည်ဟု ဝေဖန်ရေးသားခဲ့ပါသည်။ အစ္စရေးနိုင်ငံသည် ပါလက်စတိုင်းနိုင်ငံထက် စစ်ရေးအင်အားသာလွန်လျက်ရှိပါသည်။ အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်ပေးလိုလျှင် တစ်ဖက်သတ်ထောက်ပံ့ပေးနေမည့်အစား ပဋိပက္ခကိုထိန်းသိမ်းနိုင်မည့် အခြေအနေ တစ်ခုကို ဖော်ဆောင်ပေးသင့်သည်ဟု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် လက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပက္ခများတွင် ကြားညပ်မည့်အခြေအနေကို မလိုလားသော်လည်း အင်အားကြီးနိုင်ငံများ ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါတွင် ထိုင်ခုံနေရာရရုံသာ ဆောင်ရွက်နေသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ယခု ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုတွင် အနောက်အုပ်စုအနေဖြင့် အစ္စရေးနိုင်ငံ ဘက်မှ ရှိနေပြီး ရုရှား၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအတော်များများသည် အပစ်အခတ် ရပ်ရန်၊ အရပ်သားများကို ပစ်မှတ်မထားရန်နှင့် ၁၉၆၇ ခုနှစ်တွင် အစ္စရေးတို့၏ ကျူးကျော်စစ်ဖြစ်သော ၆ ရက်စစ်ပွဲ(Six Day War)မတိုင်မီ နယ်နိမိတ်မျဉ်းပေါ်တွင် မူတည်၍ နှစ်ဦးနှစ်ဖက်၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုကြရန် ရပ်တည်လျက်ရှိသည်ကို တွေ့ရပါသည်။ ထိုသို့ ရပ်တည်နေခြင်းမှာ သမိုင်းကြောင်းဆိုင်ရာအခြေအနေများနှင့် ဆက်စပ်နေကြောင်းလေ့လာတွေ့ရှိရသည်။
လက်တွေ့မြေပြင်အခြေအနေသည် အစ္စရေးနိုင်ငံအနေဖြင့် ၁၉၆၇ ခုနှစ်တွင် ၆ ရက်ကြာ စစ်ပွဲဆင်နွှဲခဲ့ပြီး ဆီးရီးယားနယ်စပ်ရှိ Golan Heights ဒေသ၊ အီဂျစ်နိုင်ငံ Sinai ကျွန်းဆွယ်ဒေသ၊ ပါလက်စတိုင်းများနေထိုင်နေသည့် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းရှိ West Bank ဒေသနှင့် မြေထဲပင်လယ်ဘက်ရှိ ဂါဇာဒေသ(ယခု ဟားမက်စ်များ စိုးမိုးထားသည့် နေရာ)၊ ဂျေရုစလင်မြို့အရှေ့ဘက်ဒေသများသို့ သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက်တွင်မှ ၁၉၇၉ ခုနှစ်တွင် အီဂျစ်နှင့် စစ်ပြေငြိမ်းကာ အီဂျစ်နိုင်ငံ Sinai ကျွန်ဆွယ်ဒေသမှ ၎င်း၏ တပ်များအား ရုပ်သိမ်းခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဂါဇာရှိတပ်များ ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း အခြားဒေသများအား အစ္စရေးနိုင်ငံမှ ထိန်းချုပ်ထားခဲ့ပြီး West Bank ဒေသတွင်လည်း အုပ်စု A (အစ္စရေးအုပ်ချုပ်သော နေရာ)၊ အုပ်စု B (ပါလက်စတိုင်း အုပ်ချုပ်သောနေရာ)၊ အုပ်စု C (ပူးတွဲအုပ်ချုပ်သော နေရာ)ဟူ၍ (အစ္စရေးဘက်မှ အသာစီးရသော) Oslo II Accord ဖြင့် သဘောတူကာ သတ်မှတ်အုပ်ချုပ်နေကြခြင်းဖြစ်ပါသည်။ Gaza ဒေသအပါအဝင် West Bank ဒေသကိုလည်း အစ္စရေးတို့က စစ်တပ်၊ လေကြောင်းနှင့် အုပ်ချုပ်ရေးတို့အရ လွှမ်းမိုးထားသည်သာဖြစ်ပြီး ယခု ပါလက်စတိုင်းအစိုးရဟူသည်မှာ အစ္စရေးနိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထား၍ရရှိနေသည့် အခြေအနေသာဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ဂါဇာဒေသသည်လည်း မြေထဲပင်လယ်ဘက်မှ ပါလက်စတိုင်းများ နေထိုင်ရာ နေရာဖြစ်ပြီး West Bank ဒေသတွင်ရှိသော ပါလက်စတိုင်းများထက် အစ္စရေးနိုင်ငံကို မလိုလားသည့်အုပ်စုများ(ယခု ဟားမက်စ်အဖွဲ့)က လွှမ်းမိုးထားခြင်းဖြစ်ပါသည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် သပွတ်အူကဲ့သို့ရှုပ်ထွေးသည့် ဘာသာရေးဆိုင်ရာ သမိုင်းကြောင်း များနှင့် လူမျိုးရေးဆိုင်ရာ သမိုင်းကြောင်းများ ရောယှက်လျက်ရှိနေပါသည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအား သံတမန်ရေးအရ မည်သူ့ ဘက်မှ မှားသည်/မှန်သည်ကို ယတိပြတ်ဆုံးဖြတ်ရန်ခက်ခဲနေပြီး သမိုင်းကြောင်းအရ အစ္စရေးတို့ဘက်မှ အမေရိကန်နိုင်ငံ၏အကူအညီဖြင့် တဖြည်းဖြည်းအသာစီးရယူလာကာ ဒေသတွင်း လွှမ်းမိုးထားနိုင်သည့် အနေအထားဟုသာဆိုရမည် ဖြစ်ပါသည်။
ထိုအကြောင်းများကြောင့် ရုရှား၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအများစု အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ နှစ်နိုင်ငံ အပြန်အလှန်အသိအမှတ်ပြုရေး (Two-State Solution)နှင့် အစ္စရေးတို့မသိမ်းပိုက်ရသေးသည့် ၁၉၆၇ ခုနှစ်မတိုင်မီ နယ်မြေပိုင်ဆိုင်မှုများ အပေါ်တွင် ညှိနှိုင်းကြရန် အဆိုပြုနေကြခြင်းဖြစ်ပါသည်။ သို့သော်လည်း အမေရိကန် နိုင်ငံနှင့် အနောက်အုပ်စုအနေဖြင့် ဟားမက်စ်များပေါ်တွင်သာ အပြစ်တင်လိုဟန်ရှိပြီး အစ္စရေးနိုင်ငံဘက်မှ အသာစီးရနေသည့် အခြေအနေကိုသာ ထိန်းသိမ်းထားလိုဟန်ရှိပါသည်။ အနောက်အုပ်စုအနေဖြင့် ဂါဇာဒေသတွင်ရှိသော ဟားမက်စ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အကြမ်းဖက်ဟု မသတ်မှတ်ရခြင်း၊ မသုံးနှုန်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပဋိပက္ခတစ်ခုအား မီဒီယာဖော်ပြချက်များပေါ်တွင်သာ မူတည်၍ အလွယ်တကူဆုံးဖြတ်ခြင်းများပြုလုပ်ပါက နိုင်ငံငယ်များအနေဖြင့် သံတမန်ရေးဆိုင်ရာ အမှားအယွင်းများ ရင်ဆိုင်လာရနိုင်ပါသည်။
ယခုဆောင်းပါးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ဝေဖန်လိုသည့်သဘောဖြင့် ရေးသားထားသော်လည်း လက်တွေ့တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ သံတမန်ရေးဆိုင်ရာ အသုံးအနှုန်းနှင့် ရပ်တည်ချက်များမှာ နည်းလမ်းကျနေသည်ဟု ယူဆရပါသည်။ ထို့ပြင် ယခုပဋိပက္ခသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် တိုက်ရိုက်ထိခိုက်ခြင်းမရှိဘဲ အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုအနေဖြင့် အစ္စရေးနိုင်ငံအား ထောက်ပံ့ကူညီရန် ဗျာများနေချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ပြဿနာရပ်များတွင် တိုက်ရိုက်မပါဝင်ဘဲ စီးပွားရေးနှင့် စစ်ရေးတည်ဆောက်၍ သံတမန်ရေးအရသာ ငြိမ်းချမ်းရေးဦးဆောင်သူ အဖြစ် ဆက်လက်ပုံဖော်သွားမည်ဟု ယူဆရပါသည်။ ထိုနည်းလမ်းသည်လည်း ဒုတိယ ကမ္ဘာစစ်တွင် အမေရိကန်နိုင်ငံမှ စစ်ကြီးအတွင်းသို့ မပါဝင်ခင်အသုံးပြုခဲ့သည့် နည်းလမ်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
130101723
[1]။ PAK YIU,“ China hedges on Israel-Hamas war as U.S. urges stronger stance”. Nikkei Asia. 10 Oct 2023, [https://asia.nikkei.com/.../China-hedges-on-Israel-Hamas...]