နိဒါန်း
အင်ဒိုနီးရှားနိုင်ငံ၏ လာမည့် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံရေးသမား များသည် ဉာဏ်ရည်တုနည်းပညာ(AI)ကို အသုံးချ၍ သတင်းအတု/ သတင်းအမှားများ ဖန်တီးကာ မသမာမှုများ ပြုလုပ်လာနိုင်ခြင်းကြောင့် အစိုးရအနေဖြင့် နည်းပညာဆိုင်ရာ မူဝါဒများချမှတ်သင့်သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အင်ဒိုနီးရှားနိုင်ငံ၏ လာမည့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ဉာဏ်ရည်တု နည်းပညာ(AI)နှင့် Machine Learning နည်းပညာကဲ့သို့သော ခေတ်မီနည်းပညာများသည် ကြီးကြီးမားမားလွှမ်းမိုးလာနိုင်သည့် အလားအလာရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာ၌ AI နည်းပညာကို အသုံးချရန် ကြိုးပမ်းရာတွင် အကျိုးကေျးဇူးများရှိသကဲ့သို့ ပေါ်ပေါက်လာနိုင်သည့် အလွဲသုံးစားမှုများ၊ အားနည်းချက်များ ရှိနေပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကော်မရှင်(KPU)က ၎င်းတို့ အနေဖြင့် AI နည်းပညာကို ထိန်းချုပ်နိုင်စွမ်းမရှိဟု မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပါသည်။
တစ်သီးပုဂ္ဂလမဲဆန္ဒရှင်များအနေဖြင့် ပြည်သူများထံသို့ ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ ကြိုးပမ်းစွမ်းဆောင်မှု သတင်းများအား ဖြန့်ဝေရန်နှင့် မဲဆွယ်စည်းရုံးရန်အတွက် AI နည်းပညာကို အသုံးချလာကြပါသည်။ ယခုအချိန်တွင် နိုင်ငံရေးပါတီများသည် AI နည်းပညာကို အသုံးပြု၍ မဲဆန္ဒရှင်များ၏ အချက်လက်များကို စစ်ဆေးမှုပြုလုပ် လာနိုင်ကြပြီဖြစ်ပါသည်။ AI နည်းပညာကို အသုံးပြုခြင်းဖြင့် နိုင်ငံရေးပါတီများသည် သမားရိုးကျစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရုံသာမက အခြားနိုင်ငံရေးအုပ်စုများကိုထောက်ခံသည့် မဲဆန္ဒရှင်များ၏ လိုလားချက်များကိုပါသိရှိနိုင်ပြီး အုပ်စုငယ်များခွဲထုတ်၍ ဆွဲဆောင် စည်းရုံးမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့ ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ် ထားသည့် ဒီဂျစ်တယ်ရွေးကောက်ပွဲများသည် နိုင်ငံရေးပါတီများအတွက် ဆန်းသစ်သော နည်းလမ်းများနှင့် လမ်းကြောင်းများကို ဖန်တီးပေးသော်လည်း ပညာရှင်များ၊ မူဝါဒ ချမှတ်သူများနှင့် လေ့လာသူများကမူ တစ်ကမ္ဘာလုံးရှိ ဒီမိုကရေစီစနစ်အပေါ် AI နည်းပညာ၏ သက်ရောက်လာနိုင်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြပါသည်။
AI နည်းပညာသည် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သော်လည်း ကျင့်ဝတ်များ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဥပမာအားဖြင့် ယခုအချိန်တွင် ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးနိုင်ငံတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့ စိတ်အားတက်ကြွစေရန် ဆိုရှယ်မီဒီယာ၌ AI နည်းပညာဖြင့် ပြုလုပ်ထားသော သတင်းအတု/သတင်းအမှားများကို ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။ နိုင်ငံရေးဆွေးနွေးမှုများနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူထု ဟောပြောချက်များအပေါ် သက်ရောက်မှုရှိနိုင်သည့် သတင်းအချက်အလက်များကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် လူထုအမြင်ကို သြဇာလွှမ်းမိုးနိုင်ရန် AI နည်းပညာကို အလွဲသုံးစားပြုလုပ်လာခြင်းနှင့်ပတ်သက်၍ အစိုးရများနှင့် ကမ္ဘာလုံးဆိုင်ရာ လေ့လာ စောင့်ကြည့်သူများက စိုးရိမ်ပူပန်လျက်ရှိပါသည်။
နိုင်ငံရေးအခင်းအကျင်းကို စောင့်ကြည့်လေ့လာသူများက အင်ဒိုနီးရှားနိုင်ငံရှိ နိုင်ငံရေးသမားများအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို သြဇာလွှမ်းမိုးရန် ဝါဒဖြန့် လှုံ့ဆော်မှုများအတွက် AI နည်းပညာကို ကျယ်ပြန့်စွာအသုံးပြုနေကြသည်ဟု ထောက်ပြ ခဲ့ကြပါသည်။ ၎င်းတို့သည် TikTok ၊ Facebook ၊ Instagram နှင့် X ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် ဆွဲဆောင်မှုရှိသော အကြောင်းအရာများကို ဖန်တီးရန်အတွက် AI နည်းပညာကို အသုံးပြုနေကြပါသည်။ AI နည်းပညာသုံး ဆော့ဖ်ဝဲများအသုံးပြု၍ ဗီဒီယိုများကို ပြုပြင်ခြင်း၊ အသံများကို တုပခြင်းနှင့် စာသားအတုအပများ ဖန်တီးခြင်းတို့ကို ပြုလုပ်နိုင်သောကြောင့် ရွေးကောက်ပွဲ ဒီမိုကရေစီစနစ်အား ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပေါ်လာစေနိုင်ပါသည်။ AI နည်းပညာဖြင့် ပြုလုပ်ထားသော ဝါဒဖြန့်မှုများသည် ရွေးကောက်ပွဲတွင် ပြိုင်ဘက်အား အခွင့်ကောင်းယူ နိုင်သကဲ့သို့ နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးမှုနှင့် လူထုအမြင်ကို ပြောင်းလဲနိုင်သည့် အလားအလာ ရှိပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံရှိ အချက်အလက်စစ်ဆေးသူများအနေဖြင့်လည်း AI နည်းပညာနှင့်ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်မှုမရှိခြင်းကြောင့် ဤသို့သော သတင်း အတု/သတင်းအမှားများအား စစ်ဆေးအတည်ပြုရန် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခင်ရွေးကောက်ပွဲကာလများ၌ ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံရေးဝါဒဖြန့်ချိသည့် "Buzzers" ၊ သို့မဟုတ် "Cybertroopers" ဟုခေါ်သော ဝါဒ ဖြန့်ချိသူများရှိပါသည်။ AI နည်းပညာသည် လာမည့်ရွေးကောက်ပွဲကာလအတွင်း အဆိုပါ ပုဂ္ဂိုလ်များ၏ သတင်းအတု/သတင်းအမှားများဖြန့်ဝေရာတွင် အထောက်အကူဖြစ်စေ နိုင်ပါသည်။ အချက်အလက် စစ်ဆေးသူများအတွက် သတင်းအတု/သတင်းအမှား များကို ဖော်ထုတ်နိုင်ရန် AIနည်းပညာဖြင့် ဖန်တီးထားသည့် ဆော့ဖ်ဝဲရှိသော်လည်း သတင်းအမှန်/အမှားကို ပိုင်းခြားရန် သာမန်ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေပါသည်။ ထို့ပြင် AI နည်းပညာဖြင့် ပြုလုပ်ထားသော သတင်းအချက်အလက်များသည် အချက်အလက်အရ မှန်ကန်နိုင်သော်လည်း အကြောင်းအရာ အခြေအနေပေါ်မူတည်၍ ကွဲလွဲမှုများရှိနေနိုင်ပါသည်။ ထို့ကြောင့် သတင်းအတု/ သတင်း အမှားများကို ဖော်ထုတ်နိုင်ရန် ဖန်တီးထားသည့် AI နည်းပညာသုံး ဆော့ဖ်ဝဲသည်လည်း တိကျစွာအကဲဖြတ်ရန် ခက်ခဲနိုင်ပါသည်။
Alliance of Independent Journalists ၏ အထွေထွေအတွင်းရေးမှူး Ika Ningtyas သည် X ၊ TikTok နှင့် Facebook ဆိုရှယ်မီဒီယာများတွင် AI နည်းပညာဖြင့် ဖန်တီးထားသော သတင်းအတု/သတင်းအမှားများ ပျံ့နှံ့မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် AI နည်းပညာဖြင့် ဖန်တီးထားသည့် ဗီဒီယိုတစ်ခုတွင် ကျန်းမာရေးဝန်ကြီးဟောင်း Terawan Agus Putrano က ဆီးချိုရောဂါကို ကုသရာတွင် အောင်မြင်မှုတစ်ခုနှင့် ပတ်သက်၍ ပြောကြားနေပုံကို ဖန်တီးထားပါသည်။ ဤဗီဒီယိုသည် CekFakta ဒေသ ဆိုင်ရာ အချက်အလက် စစ်ဆေးရေးအဖွဲ့မှ မဖယ်ရှားမီအချိန်အထိ Facebook တွင် လူသိများသော ဗီဒီယိုတစ်ခုဖြစ်ခဲ့ပါသည်။ ထို့ကြောင့် AI နည်းပညာဖြင့် ပြုလုပ် ထားသည့် သတင်းအတု/သတင်းအမှားများကို အထူးလေ့ကျင့်သင်ကြားပေးထားသော အချက်အလက်စစ်ဆေးသူများအနေဖြင့် သိမြင်နိုင်သော်လည်း သာမန်လူများအတွက် ခွဲခြားနိုင်မည်မဟုတ်သောကြောင့် အလွယ်တကူယုံကြည်ကြပါသည်။ ထို့ပြင် အဆိုပါ သတင်းအတု/သတင်းအမှားများသည် အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးဖော်ထုတ်နိုင်သည်ထက် အရှိန်အဟုန်ပိုမိုမြန်ဆန်စွာ ပျံ့နှံ့နိုင်ပါသည်။
အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo ၏ “Asmalibrasi” သီချင်း သီဆို နေသည့် ဗီဒီယိုသည် X ဆိုရှယ်မီဒီယာတွင် အလျင်အမြန်ပျံ့နှံ့သွားသည်ကို ကြည့်ခြင်း အားဖြင့် နိုင်ငံရေးသမားများ AI နည်းပညာအား အသုံးပြုမှုမြင့်တက်လာသည်ကို တွေ့ရှိ နိုင်ပါသည်။ ထို့ပြင် AI နည်းပညာဖြင့် ပြုလုပ်ထားသည့် သမ္မတလောင်း Prabowo Subianto ၏ အာရပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနေသည့် ဗီဒီယိုသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် TikTok ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၁.၇ သန်းကျော် အထိရှိခဲ့ပါသည်။ နောက်ပိုင်းတွင် အချက်အလက်စစ်ဆေးသူများမှ သတင်းအတု/ သတင်း အမှားအဖြစ် ဖော်ထုတ်ခဲ့သော်လည်း TikTok အသုံးပြုသူအချို့က ဤဗီဒီယိုသည် အစစ်ဖြစ်သည်ဟု ယုံကြည်နေကြဆဲဖြစ်ပါသည်။ ဤကဲ့သို့ သတင်းအတု/သတင်းအမှားများ လျင်မြန်စွာ ပြန့်ပွားမှုများကို ကြည့်ခြင်းအားဖြင့် ဝါဒဖြန့်ချိသူများသည် ပြည်သူလူထု၏ ထင်မြင်ယူဆချက်အပေါ် ဩဇာလွှမ်းမိုးမှုရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
KPU နှင့် Bawaslu အထွေထွေရွေးကောက်ပွဲ ကြီးကြပ်ရေးအေဂျင်စီကဲ့သို့ အဖွဲ့အစည်းများက ထိရောက်သော ကြီးကြပ်မှု မဆောင်ရွက်ပါက AI နည်းပညာဖြင့် ပြုလုပ်ထားသော သတင်းအတု/သတင်းအမှားများသည် မဲဆန္ဒရှင်များဆီသို့ ဦးတည် ပျံ့နှံ့သွားနိုင်ပါသည်။ သတင်းအချက်အလက်များကို မတူညီသော ဆိုရှယ်မီဒီယာကွန်ရက်များ၊ အင်တာနက်စာမျက်နှာများအကြား အလွယ်တကူရွှေ့ပြောင်းမျှဝေနိုင်ခြင်းနှင့် WhatsApp ကဲ့သို့ Private ဂရုဖွဲ့နိုင်သည့် ဆိုရှယ်မီဒီယာများတွင် မျှဝေထားသော အကြောင်းအရာ များကို အချက်အလက်စစ်ဆေးသူများ စောင့်ကြည့်ရန် မလွယ်ကူပါ။ ယခု အချိန်တွင် အင်ဒိုနီးရှားနိုင်ငံသားများသည် AI နည်းပညာဖြင့် ပြုလုပ်ထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများပါဝင်သော သတင်းအတု/သတင်းအမှားများအကြားတွင် နစ်မြုပ် နေခြင်းကြောင့် ရွေးကောက်ပွဲတွင် ရှုပ်ထွေးမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပနိုင်ရန် အသစ်ပေါ်ပေါက်လာသည့် နည်းပညာများကို တုံ့ပြန်ရာတွင် အလေး ထားရန် လိုအပ်ပါသည်။ AI စနစ်များ ပိုမိုခေတ်မီလာသည်နှင့်အမျှ မူဝါဒချမှတ်သူများ၊ နည်းပညာကုမ္ပဏီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများသည် နိုင်ငံသားများကို ကြိုးကိုင် ခြယ်လှယ်ရန်ကြိုးပမ်းခြင်းထက် အဆိုပါ နည်းပညာများကို အကောင်းဘက်တွင် အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် AI နည်းပညာအတွက် အမျိုးသားမဟာဗျူဟာတစ်ရပ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ခေတ်နှင့်လျော်ညီသော သတင်း အချက်အလက်နယ်ပယ်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် မူဝါဒတစ်ခုချမှတ်ရန် လိုအပ်လျက် ရှိပါသည်။ ဤမူဝါဒသည် ဆန်းသစ်တီထွင်မှုနှင့်ပတ်သက်၍ ထိရောက်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် ဦးတည်ရမည်ဖြစ်ပြီး AI နည်းပညာ၏ အားသာချက်များကို အသုံးချ၍ ဒီမိုကရေစီအခြေခံမူများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ် ပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဉာဏ်ရည်တုနည်းပညာ(AI)သည် ကမ္ဘာ့နိုင်ငံအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်လျက်ရှိပြီး ထိန်းချုပ်ရန် ခက်ခဲလာနေပါသည်။ AI အသုံးပြု၍ သတင်း အတု/သတင်းအမှား ပြုလုပ်ခြင်းသည် သာမာန်ပြည်သူများအတွက် မဆိုထားနှင့် ကျွမ်းကျင်သူများပင်လျှင် အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်နိုင်ရန် ခက်ခဲနေပါသည်။ ဖော်ထုတ်နိုင်သည့် အချိန်တွင်လည်း အဆိုပါ သတင်းအတု/အသင်းအမှားများက လူထု အကြား စိမ့်ဝင်ပျံ့နှံ့ပြီး ဖြစ်နေကာ အတွေးအခေါ်အယူအဆများအား လွှမ်းမိုးပြီး ဖြစ်နေပါသည်။ ထိုသို့သော ခြိမ်းခြောက်မှုများသည် အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲကို သာမက ကမ္ဘာ့နိုင်ငံများအားလုံး၏ အရေးကြီးကိစ္စရပ်များအပေါ် လွှမ်းမိုးလာမည်ဖြစ်ပြီး ရပ်တန့်နိုင်မည့် အခြေအနေမရှိသလောက်ဖြစ်နေသည်ဟု သုံးသပ်နိုင်ပါသည်။
မိမိတို့မြန်မာနိုင်ငံသည်လည်း သတင်းအတု/သတင်းအမှားများ လွှမ်းမိုးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မထိန်းချုပ်နိုင်ပါက အကြမ်းဖက်မှုများတားဆီးရန်နှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရန် အကန့်အသတ်ရှိနေမည်သာဖြစ်ပါသည်။ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အင်တာနက်၏ အကျိုးအပြစ်နှင့် AI ၏အကျိုးအပြစ်များကို လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိအောင် အသိပညာပေးခြင်းကိစ္စရပ်များကို အလေးထားဆောင်ရွက်သင့်ပြီး အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ်/ကောလိပ်အဆင့်များတွင်
ကျောင်းသားများအား ပညာပေးကဏ္ဍရပ်တစ်ခု အနေဖြင့် ထည့်သွင်းဆောင်ရွက်သင့်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
155112123
[1]။ Nuurrianti Jalli,“ Artificial Intelligence, Disinformation, and the 2024 Indonesian Elections”. The Diplomat. 14 November 2023, [/https://thediplomat.com/.../artificial-intelligence.../]